Professional Authors

မိန်းမတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်

 

ကျောက်တောင်ကျောက်သားတွေကို ထွင်းဖောက်

ခပ်ကြမ်းကြမ်း စီးဆင်းခဲ့တဲ့ မြစ်တစင်း

ကိုယ့်ရေစီးကြောင်းထဲမှာတော့ ပန်းပွင့်လေးတွေ

မျောလွင့်စေချင်ခဲ့တာပေါ့…..။


ခေါစာပစ်လိုက်တဲ့ ချစ်ခြင်းဟာ

သက္ကရာဇ်ငါးခုမြောက်သွားတာတောင်

ကောက်ယူထိန်းသိမ်းမဲ့သူ ရှာမတွေ့ခဲ့ဘူး……။


အကြောင်းပြချက်ကတော့ ရိုးရိုးပဲ

အခြေခံအဆောက်အအုံ ပြုပြင်နေဆဲမို့တဲ့

ဖွတ်ဖွတ်ကြေနေတဲ့ သံယောဇဉ်စည်းရိုးကို

ထုံးသုတ်ဖို့အကြိမ်ကြိမ်ကြိုးစားမိ….။


မနက်ဖြန်ဆိုတာ ဒီကနေ့ရဲ့ အမှားမဖြစ်စေဖို့

ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်

မြောင်းထဲက သိက္ခာတရားကို

ကောက်ရိုးချိတ်နဲ့ လှမ်းဆွဲ

ငိုနေတဲ့ လွယ်အိတ်ကလေးကတော့ မသိရှာဘူး….။


နွေးထွေးတဲ့ လက်တစုံကို တောင့်တခဲ့တဲ့

တနင်္ဂနွေပေါင်းမြောက်မြားစွာဟာ

အချိုတည်းနေကျ မလိုင်လုံးလိုပဲ

ပုရွက်ဆိတ်ကိုက်လိုက်

နေပူလှန်းလိုက်နဲ့…..။


ကိန်းမျဉ်းတန်းအလည်မှာ ထည်ထည်ဝါ၀ါ

သုညအဖြစ် ရပ်တည်ခဲ့တဲ့ နေ့ရက်တွေ

ညာကိုလှမ်းမယ်လုပ်တိုင်း

ဘယ်ကိုပဲ တလှမ်းဆုတ်မိ..

ကိုယ့်ရဲ့ သောကြာနေ့လေးရေ

မင်း ပုန်းကွယ်နေရာက ထွက်ခဲ့တော့  ….။


ဘာသာမှားကြည့်လာတဲ့ ကျောင်းသားလိုပဲ

ခေါင်းကုတ်လိုက် ခြေဆန့်လိုက်နဲ့

ကောင်းကင်က ငုံ့ကြည့်နေမလား

မော့ရှာမိတဲ့ အဖြစ်……….။


လေးကိုင်းကနေ မင်းပစ်လွှတ်လိုက်တဲ့မျှားဟာ

နှလုံးသားကို ထိုးဖောက်

ဦးနှောက်ကို ဒုတ်ဒုတ်ထိရောက်တယ်………….။


သွေးပြန်ကြောနဲ့ သွေးလွှတ်ကြော မှားပြီး ဆေးပေးမိတဲ့အဖြစ်

လေကိုဆန်တက်သွားတဲ့ မာနဟာ

တက်ကုန်ရွက်ကုန် ရုပ်သိမ်းတာတောင် ခရီးပြင်းနှင်းဆဲ

သုညဖြစ်နေမှတော့ ကိုယ့်ကို ထပ်မနှုတ်ပါနဲ့တော့

ကိုယ်ကလည်း အနှုတ်ကိန်းဖြစ်နေရင်တောင်

တဖက်က ညီမျှမှ အပေါင်းထွတ်မဲ့ကောင်……။


ရန်သူ့လက်ကျရောက်သွားတဲ့ စစ်သူရဲလိုပဲ

ကိုယ့်ဓားကို ကိုင်ဖို့ထက်

အာခေါင်ထဲက အဆိပ်ကို အစာအိမ်ထဲ ပို့လွှတ်ဖို့ ကြိုးစား

သစ္စာဆိုတာ ဆေးခါးကြီးလိုပဲ မြိုရခက် ထွေးရခက်လေ….။


သဘာဝအလျှောက်

ပင်လယ်ကိုတွေ့တော့ ပျော်ဝင်ချင်တာပါပဲ

ဒါပေမဲ့

ကိုယ့်ခြေထောက်ကို ကိုယ်ရိုက်ချိုး

ကိုယ်ကိုယ်တိုင်ပဲ သောင်ထွန်းပစ်လိုက်တော့တယ်…….။

In: ကဗျာ Posted By: Date: Jun 12, 2013
Comment #1

နွေးထွေးတဲ့ လက်တစုံကို တောင့်တခဲ့တဲ့

တနင်္ဂနွေပေါင်းမြောက်မြားစွာဟာ

အချိုတည်းနေကျ မလိုင်လုံးလိုပဲ

ပုရွက်ဆိတ်ကိုက်လိုက်

နေပူလှန်းလိုက်နဲ့…..။

ကိန်းမျဉ်းတန်းအလည်မှာ ထည်ထည်ဝါ၀ါ

သုညအဖြစ် ရပ်တည်ခဲ့တဲ့ နေ့ရက်တွေ

ညာကိုလှမ်းမယ်လုပ်တိုင်း

ဘယ်ကိုပဲ တလှမ်းဆုတ်မိ..

ကိုယ့်ရဲ့ သောကြာနေ့လေးရေ

မင်း ပုန်းကွယ်နေရာက ထွက်ခဲ့တော့ ….။

commentinfo By: ZzzZ at Jun 12, 2013
Comment #2

ဘယ်အပိုဒ်ဆွဲထုတ်ပြရမှန်းမသိတော့ဘူး

ကျွန်တော်တကယ်နှစ်သက်မိ..

commentinfo By: အသဲကွဲ မိုး at Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment