Professional Authors

အဝေးမှချစ်သူသို့

တိမ်တွေရဲ့မျက်ရည်တွေနဲ့
ကောင်းကင်ကိုထိတွေ့ဖို့
ကမ္ဘာမြေကလက်လှမ်းလိုက်တဲ့အခါ
သစ်ပင်တွေဖြစ်ပေါ်လာတယ်
ကောင်းကင်ကပေးတယ်ဆိုရင်
ပူပြင်းတဲ့နေရောင်ပဲဖြစ်ဖြစ်
အေးမြတဲ့ဆီးနှင်းပဲဖြစ်ဖြစ်
ကမ္ဘာမြေကကျေနပ်တယ်
တစ်နေ့နေ့မှာတော့
ကောင်းကင်နဲ့မြေကြီး
ပေါင်းကူးပေးနိုင်မယ့်
သက်တံ့တစ်စင်းတော့
ထွက်ပေါ်လာကောင်းပါရဲ့……


ပန်းသီးလေးရယ်
တို့လည်းဒီလိုပဲပေါ့
တစ်နယ်စီဝေးလို့
အသည်းတွေဆွေးအောင်လွမ်းပေမယ့်
ကဗျာလေးတစ်ပုဒ်ပဲဖန်တီးခွင့်ရှိတယ်
တစ်ကယ်ပါမင်းလေးပေးတယ်ဆို
အလွမ်းပဲဖြစ်ဖြစ်
အနမ်းပဲဖြစ်ဖြစ်
မြတ်နိုးစွာ ခံယူပါ့မယ်
တစ်နေ့နေ့မှာတော့
တစ်ယောက်ရင်ခုန်သံ
တစ်ယောက်ကြားနိုင်တဲ့အထိ
နီးစပ်ခွင့်လေး
ရနိုင်ကောင်းပါရဲ့……


အဲ့ဒီနေ့မှာ
ကောင်းကင်မြေကြီး….တစ်သားတည်းဖြစ်လိမ့်မယ်
တိမ်တိုက်သစ်ပင်…ရောထွေးနေလိမ့်မယ်
နေလနှစ်စင်း….အတူထွန်းလင်းလိမ့်မယ်
လိပ်ပြာပန်းပွင့်….အတူပျံသန်းလိမ့်မယ်
သီချင်းကဗျာ…အတူဆိုညည်းလိမ့်မယ်
ပြီးတော့
သက်တံ့တစ်စင်းနဲ့ချစ်သူနှစ်ယောက်ကို
တွေ့ရလိမ့်မယ်……

In: ကဗျာ Posted By: Date: Jun 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment