Professional Authors

အောင်ဆန်း (သို့) အရိုင်း

လူ့လောကထဲ သူ နေခဲ့ရတာက ၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။ ( သက္ကရာဇ် ၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇ ) နတ်မောက် ဦးသောဘိသကျောင်း၊ ရေနံချောင်း အမျိုးသားကျောင်း နဲ့ ရန်ကုန်တက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့၊ ၁၉၃၄ ကျောင်းသားသမဂ္ဂ အမှုဆောင်နဲ့ နိုင်ငံရေးဘ၀ စတင်၊ နိုင်ငံရေး လုပ်သက် ၁၃ နှစ်၊ အဓိက ဖြတ်သန်းမှုတွေက ကျောင်းသား သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ၊ သူ့ရဲ့ အဓိက အောင်မြင်မှုကတော့ ( မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထ မြန်မာနိုင်ငံတော် )
အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင် မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး….?
စက်ဘီး မစီးတတ်ဘူး…..?
စန္ဒရား မတီးတတ်ဘူး……?
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး …..?
မိန်းမ မပိုးတတ်ဘူး……?

ဘိလပ်ပြန်သန်းကို မေရှင့် သီချင်းဆိုခိုင်း ခဲ့သူ၊
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူဋ္ဌားနဲ့ ပိုးပန်းခဲ့ ရသူ၊
ဗွီအိုင်ပီ ဆိုတဲ့ စာတန်းကို အလွန် စက်ဆုပ် ရွံရှာသူ၊
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်၊
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည် တဲ့သူ၊
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီး တဲ့သူ၊
လွတ်မြောက်ရေးကို စဉ်းစားရင်း ဆံပင်ညှပ် မပြီးခင် ထထွက် သွားတဲ့သူ၊
 တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့ အတူ
လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်၊
သူ့ကိုယ်သူ ပြည်သူတယောက် အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်၊
“ ကြည်…ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် ” လို့
ဇနီးသည်ကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့
ကမ္ဘာကျော်စာ/စကား ထားရစ်ခဲ့သူ၊
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့
သာမန်ရဲဘော် အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြား သိတဲ့သူ၊
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ… သူ …သူ။

သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်း သန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့် ……
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ….?

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း။

သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီ အောင်ဆန်းကို ……
လွတ်လပ်ရေး လမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ၊ အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့က အစ၊ “”ငါတို့ အားကိုးပါရစေ”” ဆိုလာကြ၊ ရှေးဘိုးဘွား မိဘပြည်သူတွေက “”ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ”” ပြုံးပျော်ကြ၊ လူငယ် သွေးသောက်မြန်မာတွေက “”ငါတို့ စွန့်ပါရစေ”” ဆိုပြီး ရှေ့ထွက်လာကြ၊ စုကြ၊ ရုံးကြ၊ စည်းလုံးကြ၊ တကယ့်ဗမာတွေ မဟာ အောင်ဆန်း အနောက်က ပြည်သူ့ ဒီလှိုင်းလုံးကြီး တွေရဲ့ တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ အဲဒီအချိန်က ၀ိတိုရိယ ဘုရင်မကြီးကိုတောင် အိပ်မက်တွေ အေးခဲစေခဲ့ …. သပေါ့။
အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကား မဆိုကြ
ကချင်တွေကလည်း ကချင်စကား မဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီ ပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း၊ အင်္ဂလိပ်တွေက ဒီ အောင်ဆန်း လက်တောက်လောက် နဲ့ တစားပွဲထဲ ၀ိုင်းခဲ့ကြပေါ့၊ အကင်းပါး သူတွေပီပီ မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို ဒင်းတို့ မတိုက်ဝံ့ကြ မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့် လမ်းကို သူတို့ ရွေးခဲ့ကြ၊ အောင်ဆန်းနဲ့ အတွေ့မှာ။

ယုံကြည် အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက် တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာ ရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံး ရှိတယ် …. ရှိတယ်…. ရှိတယ်။

ဒီ မျက်လုံး နှလုံးအသက်
ဗို့အား သိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င် အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့ အခါ
အခြောက်တိုက် ဘ၀င်မြင့် နေသူတွေ
အားလုံး အရည်ပျော် သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။

ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း …….
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၄ နှစ်ရှိရော့ပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်…။

“မမေ့နဲ့”
မင်းတို့ ….
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ။

“မမေ့နဲ့”
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့….. မမေ့ကြနဲ့။

မြန်မာလူမျိုးတိုင်းမှာ အဖေနှစ်ယောက်ရှိတယ်၊ တယောက်က ကိုယ့်သွေးသား အဖေ၊ ကျန်တယောက်က မြန်မာ လူမျိုးကို မွေးပေးတဲ့ အဖေ၊ မြန်မာလူမျိုးရဲ့ အဖေ၊ မြန်မာ့အဖေ … အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့ အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထား ရအုံးမယ် ….. “မမေ့နဲ့” လို့။ ။

(မောင် အတီး)

In: ကဗျာ Posted By: Date: May 28, 2013
Comment #1

မှတ်သားလိုက်ပါမယ်. ဟုတ်ကဲ့

commentinfo By: shinelalin at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment