Professional Authors

ငါဟာ တကယ်တော့ ဗီလိန် မဟုတ်ခဲ့ဘူး မာယာ

ဗီးနပ်စ် ရဲ့ သမီးပျို က
လှလှပပ ပြုံးတယ်
အိပ်မက်ရဲ့ အဆုံး
သူဟာ
နိဂုံး မရှိပဲ အဆုံးသတ်သွားတယ်
ဒါပေမယ့်
တဝက်တပြက်…။

လင်းလွန်းခဲ့ဖူးတယ်
အမှန်က ခပ်မှိန်မှိန် ခပ်ဖျော့ဖျော့နဲ့
ဒီရင်ဘတ်က
တိမ်တွေ ဝှက် ထားတဲ့
ဘယ်ဘက်ရဲ့ စည်းချက်အတိုင်းပဲ
မရပ်တန့်သေးဘူး…။

သေသွားတဲ့ ရင်ခုန်သံတွေ
အချပ်လိုက်ကွာကျသံပါ မာယာ
ဒိုရေမီဖာ သံစဉ်တွေလောက်
အားကျစရာမရှိပေမယ့်
ဟာသ ပြကွက်လို ဈေးမပေါပါဘူး
အဲ့လို အချိန်မှာတောင်
နှလုံးသားရဲ့ သံစဉ်ကတော့
မရဲ တရဲ နဲ့ ညည်းတယ်။

ငါ့ရဲ့ ရလဒ်တွေက
အကြွင်းမဲ့ပေမယ့်
သုည နဲ့ အဖြေမထွက်ဘူး
ပေါင်း နှုတ် မြှောက် စား
ဘယ်လက္ခဏာနဲ့မှ
အောက်သက်မကျေခဲ့တာ
ငါ့နှလုံးသားက
နင့်ရဲ့ တွက်ချက်မှုမှာ
ဘယ် ကိန်း ဂဏန်းနဲ့မှ
တစ်ထပ်တည်းမကျဘူး
နင်နဲ့ ငါဟာ
ဘယ်တော့မှ အချိုးမညီတဲ့
အရေအတွက်တွေပါ မိမာယာ။

အခုချိန်လောက်ဆို
နင်တချိန်က လက်ညှိုးထိုး
ဟိုးက
ကောင်းကင်ကြီးလောက်ချစ်တယ်ဆိုတဲ
ပဲ့တင်သံတွေလည်း
တိမ်မဲတွေနဲ့ အတူပြိုကျ
မာယာရယ်…
ငါလည်း ထပ်တူ ငိုခဲ့ရတဲ့
တိတ်တိတ်ပုန်းညတွေက မနည်းဘူး။

လေညှင်းတွေရဲ့
တိုးတိတ်ဆောင်ယူတဲ့
ငါ့ရင်ခုန်သံတွေ
ငါ့ ကဗျာ သံစဉ်တွေ
ပြီးတော့.,
ငါ့ မျက်ဝန်းက အမှောင်ချထားတဲ့
ဘာမှန်းမသိတဲ့ ငွေ့ရည်တွေ
နင့်အိပ်မက်ထဲအထိ
ငါ လွင့်ပစ်ခဲ့မိပြီ မာယာ…
ငါ့အတွက် အိပ်ရေးပျက်ခဲ့တယ်ဆိုရင်
တရေးနိုးတောင်
ငါ့ကို မုန်းဖို့ မေ့မသွားပါနဲ့ မိမာယာ
ဒါဟာကျသင့်တဲ့ ပမာဏလောက် ပါပဲ။

ထပ်တလဲလဲ တွေးတယ်
ထပ်တလဲလဲ ဆင်ခြင်တယ်
ကိုယ်ဖောက်တဲ့လမ်း
ဘယ်ရောက်လို့ ရောက်မှန်းမသိအောင် ရူးသွပ်သွားတယ်
မက်ထရစ် အတိုင်းအတာတွေ
ဘယ်လို အချိုးကျ လည်းမသိဘူး
တစ်နေ့ တစ်နေ့
မိုနာလီဇာ ဘယ်လိုပြုံးခဲ့သလဲဆိုတာပဲတွေးနေမိတာ
နင့်မေးခွန်းတွေက
ငါ့ကို စာမေးပွဲ ကျလောက်တဲ့အထိ ရက်စက်တယ် မာယာ။

ဘဝဆိုတာ စီးကရက်လိုမျိုး
ကုန်ခါနီး ရောက်တိုင်း
အရသာပေါ့သွားတတ်တာမျိုးလား
ဒါမှမဟုတ်
ခပ်ပြင်းပြင်းဘီယာ တစ်ခွက်လို
သောက်လေ မူးလေပဲလား
အမှန်က ဘဝဆိုတာ
ခက်ဆစ်တွေ ပေါတဲ့
ကာရန် တစ်ပုဒ်ပါပဲ မာယာ…။

ငါ့တို့ဟာ ခပ်ကျဲကျဲ
ဲငါတို့ရဲ့ အတိတ်တွေဆိုတာကလည်း
အဆိပ်မိတဲ့ နွေထဲမှာမျောလို့
ဒါပါပဲ မိမာယာ
အချစ်ဆိုတာ
တိုင်းတာမရတဲ့ ဒီဂရီတွေနဲ့
လည်ပတ်နေတဲ့ ရဟတ်တစ်စင်းပါ
ငါတို့တွေ အတူတူ စီးရင်း မူးလာတဲ့အခါ
အခုလို တစ်ယောက်တစ်နေရာဆိုပေမယ့်
ထာဝရ စီးနှင်းသူတွေ လည်းရှိတယ်
သေချာတာက ကျိုးတိုကျဲတဲပါပဲ။

ဇာတ်သိမ်းပြီ မာယာ
ဒီကဗျာဟာ အတ္တဆန်ချင်ဆန်နေလိမ့်
ဒါပေမယ့် ဒီစာရေးဆရာက
ကိုယ်ချင်းစာတတ်ပါတယ် လို့
ငါပြောဖူးတယ် မဟုတ်လား မာယာ
နောက်တစ်ခါ ပြန်ဆုံရင်
ဒီ ပုံပြင်မှာ ဗိလိန် အခန်းမပါဖို့ပြောပေးမယ်။။ ၊။

                                             

ဇော်သက်ဦး


(အသစ် အသစ်တွေမဟုတ်တဲ့ ဟောင်းနွမ်းအိုမြစ်တဲ့ ချစ်ခဲ့ရသူ မာယာ ၇ှင်လေးကို ရည်ရွယ်သည်။)

In: ကဗျာ Posted By: Date: May 25, 2013
Comment #1

နောက်တစ်ခါ ပြန်ဆုံရင်
ဒီ ပုံပြင်မှာ ဗိလိန် အခန်းမပါဖို့ပြောပေးမယ်။။ ၊။

commentinfo By: မေပျို at May 25, 2013
Comment #2

တလေးတစားအားပေးသွားပါသည်။

commentinfo By: ei lay at May 26, 2013
Comment #3

နင်နဲ့ ငါဟာ
ဘယ်တော့မှ အချိုးမညီတဲ့
အရေအတွက်တွေပါ မိမာယာ။
ကြိုက်တယ်…ဗျ

commentinfo By: poem.poem28 at May 26, 2013
Comment #4

မ မေပျို ရေ။ ကျေးဇူးပါဗျာာာ။ အိလေး ခင်ညား လေး မြန်မာလို မန့်တာ ဒီတခါပဲတွေ့ဖူး တယ်ဗျာာာ။ ဒါကြောင့် မိုးတွေရွာတာဖြစ်ရမယ်။ 😛
ညီလေး ရဲမင်းလည်း မတွေ့တာကြာပေါ့။

commentinfo By: အရိပ် at May 26, 2013
Comment #5

ဟိဟိ
ဟုတ်
အိ အခုမြန်မာလိုနည်းနည်းရေးတတ်နေပြီရှင့်

commentinfo By: ei lay at May 26, 2013
Comment #6

ဘဝဆိုတာ စီးကရက်လိုမျိုး
ကုန်ခါနီး ရောက်တိုင်း
အရသာပေါ့သွားတတ်တာမျိုးလား
ဒါမှမဟုတ်
ခပ်ပြင်းပြင်းဘီယာ တစ်ခွက်လို
သောက်လေ မူးလေပဲလား
အမှန်က ဘဝဆိုတာ
ခက်ဆစ်တွေ ပေါတဲ့
ကာရန် တစ်ပုဒ်ပါပဲ မာယာ…။

LIKe bro 😀

commentinfo By: အသဲကွဲ မိုး at May 26, 2013
Comment #7

ရဲမင်း လို့ ရေးတာ ဘယ်သူလဲ
ကဗျာ ဖက်လို့ကောင်းပါတယ်
သေသွားတဲ့ ရင်ခုန်သံတွေ
အချပ်လိုက်ကွာကျသံပါ မာယာ
ဒိုရေမီဖာ သံစဉ်တွေလောက်
အားကျစရာမရှိပေမယ့်
ဒီနားမှာ အကြိုက်ဆုံး

commentinfo By: thitchittalminko at May 26, 2013
Comment #8

အိလေး မြန်မာစာ တတ်ပီပေါ့။ အရင်က ကျွန်တော် ခင်ဗျား မန့်တွေ မနည်း ဖတ်နေရတယ်။ ကျွန်တော်က အင်္ဂလိပ်စာ မကျွမ်းဘူးလေဗျာာာ။ စေားပါတယ်။ မ အသဲကွဲမိုး ခင်ဗျာာ ကျွန်တော် ဟာ အရင်က ဇော်ကိုသက်ဦးပါ။ Bro လို့ခေါ်နေတာ တမျိုးဖြစ်နေပါတယ်။ အရင် လိုပဲပြန်ခေါ်ပေးပါ မ မိုး
သိပ်ချစ်တယ် မင်းကို ဆိုတဲ့ အကို( ဒါမှမဟုတ် အစ်မ) ခင်ဗျား
ရဲမင်းဆိုတာ poem.poem28 ကိုခေါ်တာပါ။
အားပေးမှုအတွက် ကျေးဇူးတင် လျက် ဂုဏ်ယူလျက်။
အရိပ်

commentinfo By: အရိပ် at May 26, 2013
Comment #9

ကြိုက်တယ်ဗျာ..ဒါပေမယ့်.စီးကရက်ကကုန်ခါနီးအရသာပေါ့လို့လား….:)

commentinfo By: niaallin at May 27, 2013
Comment #10

ကျေးဇူးပါ Bro။စီးကရက် အရသာ ပေါ့သလားဆိုတာတော့ Bro ကိုယ်တိုင်သာ သောက်ကြည့်ပါဗျာာာ။ နောက်ဆုံး စီးကရက်ရဲ့ ဖော့ကလေးအထိရောက်အောင်။ အဲ့ဒီမှာ အဖြေရှိတယ်။

commentinfo By: အရိပ် at May 27, 2013
Comment #11

ထပ်အားပေးသွားပါကြောင်း ….. 🙂

commentinfo By: မေပျို at Apr 18, 2014
Comment #12

အရမ်းကြိုက်​တယ်​ဂျာ

commentinfo By: phyo zayar lin at Apr 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment