Professional Authors

ဖြစ်ခဲ့တယ် (မောင်ချောနွယ်)

အဲဒါဟာ
မိခင်မြတ်ရဲ့ သားအိမ်ထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
နာမ်အလုပ်ကိုလုပ်တဲ့ ပြည်မြို့ကလေးမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
ကြိယာအလုပ်ကိုလုပ်တဲ့ ဖြူးမြို့ကလေးမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
ညစာပျောက်ညတစ်ညရဲ့ ဆာလောင်မှုမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
အိမ်ပြေးတစ်ယောက်ရဲ့ ကြေကွဲရခြင်းထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
သင်္ခါရတရားရဲ့ လေညင်းခံမှုထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
စစ်တစ်ဇင်နာရီလက်တံထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
မာကိုနီရဲ့ ဆောင်းတွင်းအိပ်မက်ထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
ဖီရှန်နွားတစ်ကောင်ရဲ့ ဇီးအိမ်ထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
ပင်စင်စားအရာရှိတစ်ဦးရဲ့
ချယ်ရီသားတုတ်ကောက်ထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
မြင်းမွေးညှပ်သမားရဲ့ ကတ်ကျေးထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
သွားတွေတစ်ချောင်းမှ မရှိတော့တဲ့
သွားဆရာဝန်မှာ ဖြစ်ခဲ့တယ်။
အဲဒါဟာ
ရေဦးရေဖျားမြို့ကလေးမှာ ဖြစ်ခဲ့တယ်။
အဲဒါဟာ
ငရံ့ခေါင်းတိုလို ခေါင်းရှိပြီး
ပုကွကွကောင်တစ်ကောင်ရဲ့ ငယ်ထိပ်ပေါ်မှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
နှစ်ထပ်သင်္ဘောနဲ့တူတဲ့ မြို့လေးမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
တစ်တောလုံး တစ်တောင်လုံး ချက်ကြွေးတဲ့
သဒ္ဓါတရားထဲမှာ ဖြစ်ခဲ့တယ်။
အဲဒါဟာ
လဲမှို့တွေ အန်ထွက်နေတဲ့
ခေါင်းအုံးပေါက်တစ်လုံးထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
နိုင်ငံရေးမရှိတဲ့ မွေးမြူရေးငါးတွေမှာ
ဖြစ်ခဲ့တယ်။
ဖြစ်ခဲ့တယ်
ဖြစ်ခဲ့တယ်
စကြဝဠာကိုမျှားတဲ့ ပါးစပ်ကြီးမှာ
ဖြစ်ခဲ့တယ်။
ဖြစ်ခဲ့တယ်
ချစ်ခြင်းမေတ္တာရဲ့ ချောင်းနားကမ်းစပ်မှာ
ဖြစ်ခဲ့တယ်။
ဖြစ်ခဲ့တယ်
ယန္တရားလို့ခေါ်တဲ့ တိုက်ကြက်ဖရဲ့
ဇလုတ်ကြီးထဲမှာ
ဖြစ်ခဲ့တယ်။
ဖြစ်ခဲ့တယ်
ဘိန်းစားတစ်ဦးရဲ့ ဖြောင့်ချက်ထဲမှာ
ဖြစ်ခဲ့တယ်။
အဲဒါဟာ
ဖြစ်ခဲ့တယ်
ဟုတ်တယ်
ဖြစ်ခဲ့တယ်။
အော်ဒက်ဆာမှာ ဖြစ်ခဲ့တယ်။
အဲဒါဟာ
ဖြစ်ခဲ့တယ်
လူဖြစ်ပြီး တိုက်ကပ်ပန်းပင်တစ်ပင်လိုလို
ပြီးတော့
ပန်းလည်းမပွင့်တဲ့ ကောင်တစ်ကောင်မှာ
ဖြစ်ခဲ့တယ်
လောကကြီးမှာ
ငွေမရှိတာလောက်
အောက်တန်းကျတာမရှိဘူး
အဲဒါဟာ ဖြစ်ခဲ့တယ်။
ဗန်ဂိုးနဲ့ လော်ရကာတို့ရဲ့ အိပ်မက်ဟာ
ဖြစ်ခဲ့တယ်
မှားယွင်းနေကျ နေ့စဉ်စင်တင်ပြဇာတ်တွေဟာ
ဖြစ်ခဲ့တယ်၊
အဲဒါဟာ
စဉ်းနီတုံးပေါ်က နန့်ကြောဆွဲတဲ့ငါး
အသက်လက်လွှတ်လိုက်ရခြင်းမှာ ဖြစ်ခဲ့တယ်။
ရေတာရှည်ခြင်း မြို့ကလေးက
တောပြဇာတ်ကလေးမှာ ဖြစ်ခဲ့တယ်။
ရွှေလိမ္မော်သီး ဖိနပ်ကလေးတစ်ရံရဲ့
ရယ်မောသံမှာ ဖြစ်ခဲ့တယ်။
ဖြစ်ခဲ့တယ်
ဖြစ်ခဲ့တယ်
ဖြစ်ခဲ့တာတွေဟာ ပျက်ခဲ့တယ်
ပျက်ခဲ့တာတွေဟာ ဖြစ်ခဲ့တယ်
ဖြစ်ခဲ့တယ်
ဖြစ်ခဲ့တယ်
ပျက်ခဲ့တာတွေဟာ ဖြစ်ခဲ့တယ်
ဖြစ်ခဲ့တယ်
ဖြစ်ခဲ့တယ်
ပျက်ခဲ့တာတွေဟာ ဖြစ်ခဲ့တယ်။

မောင်ချောနွယ်

Comment #1

ဖြစ်ခဲ့ပါတယ်

ခုလိုဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ

commentinfo By: poht at Jun 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment