Professional Authors

တစ်နေ့ (မင်းကိုချစ်တဲ့သူ)

တစ်နေ့ လို့နာမည်ပေးခဲ့တဲ့တစ်နေ့

မကျေနပ်ချက်တွေ သင်ပုန်းချေ

ရွက်ဟောင်းကြွေလို့ ရွက်ပွင့်ဝေသလို

တံစက်မြိတ်အောက်က မျှော်လင့်ချက်တွေလဲ

ပြန်လည်နိုးထလာတော့မယ့် တစ်နေ့ပေါ့…

 

အခုတော့…

မကျေနပ်တွေကို ခြေချလိုက်ရင်

ကမ္ဘာပေါ်မှာ နေစရာရှိမှာတောင်မဟုတ်ဘူး…

တခါတလေတော့လဲ

တစက္ကန့်လောက် ပျော်ရအောင်

တမင်သတိထားပြီး မေ့ပစ်ခဲ့ရပါတယ်…

 

ဟုတ်ပါတယ်… ကျနော်ဟာ

ဒီလက်နဲ့ အချစ်အကြောင်း

ဒီလက်နဲ့ အမုန်းအကြောင်း

ဒီလက်နဲ့ ဘ၀အကြောင်းရေး

ဒီလက်နဲ့ပဲ မကျေနပ်ချက်တွေရေးနေပါတယ်…

 

ဘ၀ဆိုတာကြီးက စီးကရက်တစ်ဖွာလောက်တောင်

ချိုမြိန်တဲ့ အရသာမျိုးမပေးနိုင်ခဲ့ဘူး

ကျနော့်ကို အပြစ်မယူကြပါနဲ့

ခင်ဗျားတို့လို လေနဲ့ အသက်ရှင်ရတဲ့

ကျနော့်ကိုလဲ ပေါက်ကွဲခွင့်လေးတော့ပေးပါ…

 

ပစ်စလက်ခက် မနေထိုင်ခဲ့တာ

ပိုးစိုးပက်စက်ကို မှားခဲ့ပါတယ်

မလိမ္မာတဲ့ လူတွေရဲ့ကြား

အမေ… ဘာလို့သားကို

လိမ္မာအောင်သင်ကြားခဲ့ရတာလဲ…

 

လောကကြီးမှာ အလွယ်ဆုံးဆိုတာ

အသက်ရှင်ခြင်းနဲ့ သေခြင်းကိစ္စပါပဲ

အလွယ်ဆုံးကို ကျော်ဖြတ်ပြီးပြီ

အလွယ်ဆုံးနဲ့ အဆုံးသတ်ဖို့

ဘာကြောင့်များ ပုံကြီးချဲ့နေရတာလဲ…

 

တစ်နေ့ လို့နာမည်ပေးခဲ့တဲ့တစ်နေ့

ထောက်ထားစရာမရှိတော့တဲ့တနေ့ပေါ့…

In: ကဗျာ Posted By: Date: Apr 28, 2013
Comment #1

Woeeeeee
^_^

commentinfo By: ei lay at Apr 28, 2013
Comment #2

တစ်နေ့ရောက်လာမှာပါ
တစ်နေ့ကုန်လွန်သွားပြီးရင်ပေါ့

commentinfo By: မေပျို at Apr 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment