Professional Authors

မကြာဖြူ…သို့ 

မကြာဖြူ…
မင်းကို အချက်သုံးချက်နဲ့ ပတ်သက်ပြီး
ကျေးဇူးတင်ပါတယ်…။
တစ်က…
မင်းကြောင့်စစ်မှန်တဲ့ သံယောဇဉ်ကို
ငါသိခဲ့ရတယ်
နှစ်က…
မင်းကြောင့်သာ ငါ့နေ့စွဲတွေ
တောက်ပခဲ့ရတယ်
သုံးက…
မင်းကြောင့်ပဲ ငါရယ်မောပျော်ရွင်
ပူပူပင်ပင်နဲ့ စိတ်ညစ်တာပျော်တာ
လူသားဆန်ဆန် ခံစားတတ်ခဲ့တယ်
မကြာဖြူ…
ငါတို့ က သာမာန်လူသားတွေပါပဲ
ခံစားလွယ် ထိရှလွယ်တဲ့  နှလုံးသားတွေ
မာကျောချင်ယောင်ဆောင်ထားတဲ့  စိတ်ထားတွေ
အနိုင်မရတောင် အရှုံးမပေးလိုတဲ့  မာနတရားတွေ
ဝတ်ကျေတန်းကျေမဟုတ်တဲ့  ဆက်ဆံရေးတွေ
နားလည်သလိုလိုနဲ့ နားမလည်တတ်ခဲ့တဲ့  အဖြစ်ပျက်တွေ
အို…….မကြာဖြူ…
ငါတို့ မှားခဲ့ပြီလား …။
မကြာဖြူ…
ငါတို့ က စက်ရုပ်တွေမှ မဟုတ်တာ
မင်းဝမ်းနည်းရင် ငါထပ်တူလိုက်ပြီး ၀မ်းမနည်းနိုင်ပေမယ့်
ငါနေလို့ ပျော်ပါ့မလား …
မင်းပျော်လို့ ငါပျော်မှာ မသေချာပေမယ့်
မင်းအပျော်တွေ ငါ့ကြောင့်ပျောက်ဆုံးမှာမျိုးလည်း
ငါလိုလားပါ့မလား…။
မကြာဖြူ…
စာတွေ ကဗျာတွေထဲကလို
တစ်ယောက်ပျော်ရင်ပျော်ပြီး
တစ်ယောက်ဝမ်းနည်းရင် လိုက်ဝမ်းနည်းဖို့ 
အာမမခံနိုင်ပေမယ့် မင်းကို ပျော်စေချင်တာ
ဝမ်းနည်းစရာ နာကျင်မှုတွေ မကြုံတွေ့ စေချင်တာ
ငါ့ရဲ့ စစ်မှန်တဲ့ စိတ်ထားပါ…။
မကြာဖြူ…
အိပ်မက်ဆန်ဆန်ပဲ ရိုးရိုးရှင်းရှင်း
မင်းနဲ့ တွေ့ ခဲ့တယ်
ငါတို့ နေ့စွဲတွေ အရောင်သွေးစုံစုံနဲ့ 
လှပခဲ့တယ် ( ငါ့အထင်ပေါ့ )
ငါတို့ နေ့ တွေ မှာ အပြန်အလှန် ခံစားချက်တွေ ဖလှယ်ကြတယ်
ငါတို့ ညတွေ မှာ အပြန်အလှန် အတွေ့ အကြုံတွေ ရင်ဖွင့်ကြတယ်
ငါတို့ နာရီတွေတိုင်းမှာ အပြန်အလှန် လေးစားမှုနဲ့ ဖြတ်သန်းခဲ့ကြတယ်
အို…မကြာဖြူ…
ငါတို့ မှားခဲ့ပြီလား…။
မကြာဖြူ…
ငါ့ ခံစားချက်ကြောင့်
ငါ့ အတ္တကြောင့်
ငါ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်
မင်း ၀မ်းနည်းနာကျင်မှုတွေ မဖြစ်ပါနဲ့ …
မင်း ပျက်ကွက်မှုကြောင့်
မင်း ကတိစကားကြောင့်
မင်း အဆင်မပြေစွာ တိုက်ဆိုင်မှုအားလုံးကြောင့်
ငါပဲ ၀မ်းနည်းနာကျင်ပါ့မယ့်…
အဆင်ပြေပါစေ…မကြာဖြူ…။
မကြာဖြူ…
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်
ငါတို့ အပြန်အလှန် နားလည်ပေးခဲ့ ကြပါတယ်…
တစ်ယောက်ကို တစ်ယောက် သီးခံခဲ့ကြပါတယ်…
အချိန်တိုင်းနေ့ ရက်တိုင်း စောင့်ဆိုင်းခဲ့ ကြပါတယ်…
ဒါပေမယ့်…
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ် မကြာဖြူ…။
မကြာဖြူ…
ကံကြမ္မာကို ရိုးမယ်ဖွဲ့ ရတော့မှာလား
ဘာကြောင့်ညာကြောင့် ပြောစရာ မရှိတော့ဘူးလား
ဆင်ခြေတွေ အကြောင်းပြချက်တွေ
အို…မကြာဖြူ…
ငါတို့ မှားခဲ့ပြီလား…။
မကြာဖြူ…
လူတိုင်းဟာ တစ်မျိုးစီတော့ ရူးကြတာပါပဲ
မင်းလည်း မင်းဝါသနာနဲ့ မင်းရူးတယ်
ငါလည်း ငါခံစားချက်နဲ့ ငါ ရူးတယ်
အဲဒါပဲပေါ့ …ဘာတွေပြောနေရဦးမှာလဲ
မကြာဖြူ…
ငါတို့ နှစ်ယောက် ခုမှ ဘာလို့ နားမလည်နိုင်ရတော့လဲ
ငါတို့ နှစ်ယောက် ခုမှ ဘာလို့ သီးမခံနိုင်ရတော့တာလဲ
ငါတို့ နှစ်ယောက် ခုမှ ဘာလို့  မစောင့်ဆိုင်းနိုင်ရတော့တာလဲ
ပြောပါ မကြာဖြူ
မင်းအတွက်ဆိုရင် ငါ့ဆီမှာ
ဝတ္တရားတွေ လူမှုရေးတွေ စိတ်ထဲကမပါတဲ့ ဟန်ဆောင်မှုတွေ
နားထောင်ကောင်းမယ့် စကားလုံးလှလှတွေ အစား
အလိုမကျမှုတွေ မယုံသင်္ကာဖြစ်မှုတွေ သံသယတွေ
စိတ်တိုင်းမကျတာတွေကို ဆူပူ မာန်မဲ ပြစ်တင်မှုတွေပဲ ရှိတယ်လို့
ဘာအတွက် တစ်ဖက်သတ်ထင်နေရတာလဲ…။
မကြာဖြူ…
ငါ့အတွက် မင်းဆီက
လိမ်ညာမှုတွေ စိတ်ပူပင်စေမှုတွေ ကတိစကားတွေ
တစ်ခါတစ်ရံ ပြောတတ်တဲ့ ဒေါသသံပါတဲ့  စိတ်မချမှုတွေ
မှန်တယ်ထင်ရင် တဇွတ်ထိုးပြောတတ်တဲ့ ကောင်းတဲ့ အကျင့်လေးတွေ
ငါအမှတ်ရနေပါသေးတယ် မကြာဖြူ
အို…မကြာဖြူ…
ငါတို့ မှားခဲ့ပြီလား…။
မကြာဖြူ…
နေ့ စွဲတွေလည်း မှိုတက်
နာရီလက်တံတွေလည်း တစ်ပတ်ပြီးတစ်ပတ်
ပြောနေကျအတိုင်းပေါ့
” အရင်လိုပျော်စရာမကောင်းတော့ဘူး ”
ဟုတ်တယ် ဒီလိုပဲ ပြီးသွားတော့မယ်ထင်ပါ့…
မကြာဖြူ…
ငါ့ရဲ့  အခွင့်အရေးတွေ
ငါ့ရဲ့  သံယောဇဉ်တွေ
ငါ့ရဲ့ ခင်မင်မှုတွေ
ငါ့ရဲ့  အချိန်တွေ အားလုံး
မင်းကို ပေးထားတာပါ…
အဲလိုပါပဲ
မင်းဆီက ငါ့အတွက်ရသင့်တာအားလုံးလဲ
ဘယ်သူ့ ကိုမဆို ငါမပေးနိုင်ဘူး…
ခွင့်လွတ်ပါ မကြာဖြူ…
ငါ့ရဲ့ ခံစားချက်တစ်ခုကြောင့်
ငါ့ရဲ့ စိတ်ဝေဒနာတစ်ခုကြောင့်
ငါ့ရဲ့ အနေထိုင်မတတ်မှုကြောင့်
ခုတော့ ဒီလိုပဲ ပြီးသွားတော့မယ်ထင်ပါ့…။
အို…မကြာဖြူ…
ငါတို့  မှားခဲ့ပြီလား …။
မကြာဖြူ…
နောက်ဆို အိပ်မရတဲ့ ညတွေ
သတိရခြင်းတွေနဲ့ နေ့တွေ
နောင်တတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်တွေ
မကြုံချင်လည်း ကြုံရတော့မယ်…။
မကြာဖြူ…
ငါပဲမှားခဲ့တာပါ
ဘာပဲဖြစ်ဖြစ် မင်းမှန်ပါတယ်
ငါ့ရဲ့ အဲဒီ အကျင့်ဆိုးကြီး ပျောက်တဲ့ နေ့
မင်းဆီက မီးစိမ်းပြမယ့်နေ့ မြန်မြန်ရောက်ချင်တယ်
ငါတို့ ခင်မင်မှုက အပေါ်ယံပဲ မဟုတ်တာကွယ်
ငါတို့ ဖြူစင်ခဲ့ကြတယ်
ငါတို့ ဖေးမခဲ့ကြတယ်
ငါတို့ ရဲ့ ရိုးသားမှုက ငါတို့ ကို လမ်းပြပေးမယ့်နေ့ 
မြန်မြန်ပြန်ရောက်ချင်တယ်ကွယ်…။
မကြာဖြူ…
မင်း အဆင်ပြေပါစေ
မင်း ပျော်ရွင်ပါစေ
မင်း အောင်မြင်ပါစေ
မင်း အမြဲတမ်း မှန်ကန်ပါစေ မကြာဖြူ…။
ဘာပဲဖြစ်ဖြစ်ပေါ့
မကြာဖြူ…
မင်းကို အချက်သုံးချက်နဲ့ ပတ်သက်ပြီး
ကျေးဇူးတင်ပါတယ်…။

၂၄.၈.၁၂ ၊ ဇီးရိုးလေး

In: ကဗျာ Posted By: Date: Apr 9, 2013
Comment #1

ဝါသနာပါလို့ ရေးထားတာလေးပါ ဝေဖန်ပေးကြပါခင်ဗျာ…။

commentinfo By: zerolay at Apr 9, 2013
Comment #2

Khan sarr arr pay twar par de.

commentinfo By: ei lay at Apr 9, 2013
Comment #3

ခံစားအားပေးသွားပါတယ် … ။

ကောင်းပါ၏ … ။ 🙂

commentinfo By: loafer at Apr 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment