Professional Authors

ဂိတ်မပိတ်ခင် ပန်းတိုင်ဝင်ပါ

 

 

ဂိတ်မပိတ်ခင် ပန်းတိုင်ဝင်ပါ

 

အသစ်အဆန်း ခေတ် လမ်းမပေါ်က

ဆည်းဆာချိန် ဆိုက်ကပ်တဲ့

ဘဝရထား တစ်စင်းထဲ

အတန်းစား စုံစုံလင်လင်နဲ့

တရွေ့ရွေ့ ဆင်းသက်လာကြတယ်…။

 

အဲဒီနေ့ အနောက်ဝန်ရိုးစွန်းမှာ

ပုဇွန်ဆီရောင် နေမင်းကြီးက

ကဗျာဆန်ဆန် မော်ဒန်ခေတ်ထဲ

ကာလာတွေ ချယ်သနေခဲ့တယ်…..။

 

ရောင်စုံ ပန်းချီကားချပ်တွေ ပြည့်နေတဲ့

ဆွဲအားကောင်းတဲ့ မြို့တော်ထဲ

တွန်းကန်အား ကောင်းကောင်းနဲ့

အစုံဘက်ကို ဆိုက်ကပ်လို့

ရက်ချိန်း တစ်ရက် ရခဲ့တယ်…။

 

နေမင်းကြီး ကွယ်ပျောက်သွားပြီ

စကြာဝဠာ အမှောင်သန်းစ

တရွေ့ရွေ့ လှုပ်ရှားနေတဲ့

လူတွေရဲ့ အလုပ်ချိန်ဟာ

သက်တောင့် သက်သာ မရှိ

မွန်းကြပ်လျက်ပေါ့….။

 

ခရီးပြန်ဆိုက်လာတဲ့

ကိုယ့်အိမ်ထဲ အော်မြည်းသံတွေနဲ့

ဆာလောင်သံတွေ ဆူးရှလွန်းလို့

ဒေါသ မိုးတွေ ရွာသွန်းလျက်ပေါ့…။

 

ဟန်ဆောင်ကောင်းတဲ့ ဒေါသမိုးက

အဆင်မပြေတဲ့ ဥယျာဉ်ထဲ

အမှိုက်တွေက ပြည့်လို့

အတွင်း လှိုက်စားနေတဲ့

အနံ့ သက်သက်

ချော်ရည် သကာတွေလို

အမှတ်မထင် လောင်းချခဲ့တယ်….။

 

အလင်းမရှိတဲ့ လောကထဲ

အဆုံးအစ မရှိတဲ့ တံတိုင်းထက်မှာ

ကြယ်တွေက မှိတ်တုတ် မှိတ်တုတ်

ဘဝနှင့် ဆန္ဒ တသားတည်း မကျတဲ့အခါ

ရင်ထဲ မသာတဲ့ ငွေစန္ဒ

ဘယ်ကိုရောက်နေမှန်း မသိပါလား…။

 

အမှောင်ယံ ကြီးစိုးသွားပြီ

ချည်နှောင်ရာ ကြိုးရှိရာကို

အိပ်စက် အနားယူရင်း

လိုင်စင်မဲ့ စက်တစ်ခုကို

နိုးစက်ပေးခဲ့တယ်….။

 

ကမ္ဘာကြီး အိပ်ပျော်ပြီ

ပတ်ဝန်းကျင် တိတ်ဆိတ်နေပြီ

မောပန်းမှုတွေ ရပ်ဆိုင်းသွားပြီ

အတွေးနယ်ထဲက

အသိစိတ် မသိစိတ်တို့

နိုးကြားမလာသေးခင်

လန်းဆန်းမှုတွေ မွေးဖွားလာခဲ့ပြီလေ…။

 

အရာအားလုံးရဲ့ ဝန်ဆောင်ထားတဲ့

ကုန်တွေအတွက် အချိန်တိုတောင်းလွန်းတယ်

ကိုယ် ပါလာတဲ့ ဝန်ကို အလေးချိန် တွက်မနေနဲ့

ဂိတ် မပိတ်ခင်တော့ ခရီး ပန်းတိုင်ရောက်အောင်

ပို့လိုက်တာ အကောင်းဆုံးပေါ့….။

 

 

တက္ကသိုလ်မြတ်မင်း

 

http://www.venpunnavamsa2.com

In: ကဗျာ Posted By: Date: Mar 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment