Professional Authors

သနားတယ်မောင်…..ကိုယ့်ကိုယ်ကို

အလွမ်းတောင်ပံတွေ ဖြန့်ကျက်ပြီး
ဝေးကွာခြင်းပင်လယ်မှာ ပျံသန်း…..
သစ္စာတွေကို ဘုရားတစ်ဆူလို….ကိုးကွယ်လွန်းခဲ့တဲ့ကျွန်မ….
၅ နှစ်တာ နှစ်ပတ်လည်တစ်ခုပြီးဆုံးချိန်မှာ….
မောင့်ရဲ့ ဒုတိယမြောက် ဖြစ်ခဲ့ရတယ်….။

ယုံခဲ့တယ်…..ယုံကြည်ဖို့အတွက် မောင့်မုသားတွေက ခိုင်လုံနေတယ်..
ပြန်ဆုံတဲ့အခါ ဆိုတဲ့ စိတ်ကူးတွေနဲ့
မောင်က ကျွန်မကမ္ဘာထဲမှာ
အစားထိုးလို့မရတဲ့ ချစ်ရသူတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ်….။

ကျွန်မသိထားခဲ့တာက….မောင်ဟာ ကျွန်မကိုပဲ ချစ်ခဲ့တဲ့သူတစ်ယောက်….
မောင် ပြောခဲ့ဖူးတယ်….ကျွန်မက မောင့်ရဲ့အချစ်ဦးတဲ့
ဒါပေမယ့် မောင့်အချစ်ဆုံးဆိုတဲ့ မိန်းကလေးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ
မောင်ဟာ သူမလက်ကို ဆွဲ….. သူမအတွက်ပဲ ရပ်တည်နေတော့တယ်….။

အနေဝေးခြင်းကို လွန်ဆန်ပြီး
မောင့်အနား အပြေးပြန်လာတဲ့ ကျွန်မ….
မောင့်ရဲ့ အနေနီးမှု ဇာတ်လမ်းတစ်ခုကြောင့်….
စကားလုံးတို့ ဆွံ့အ….
အားကိုးလို့မရတော့တဲ့ သစ္စာတရားကိုပဲ….
အကြိမ်ကြိမ် ဟားတိုက်ရယ်မောနေမိတယ်….။

တကယ်တော့ မောင်ဟာ…အဝေးက ချစ်သူမိန်းကလေးတစ်ယောက်ရဲ့ တမ်းတလွမ်းမောသံထက်
အနီးအနားက ရယ်သံတစ်ခုကို မက်မောတတ်တဲ့ယောက်ျား….
တကယ်တော့ မောင်ဟာ….မနီးစပ်သေးတဲ့ ကာလတစ်ခုကို ပုံကြီးချဲ့ပြီး…
နီးစပ်မှုတစ်ခုကို သာယာခုံမင်လွယ်တတ်တဲ့ ယောက်ျား…
တကယ်တော့ မောင်ဟာ….စောင့်မျှော်ရခြင်းကို ငြီးငွေ့တတ်ပြီး
ကတိတွေကို ချိုးဖောက်ဖို့ မတုံ့ဆိုင်းသော ယောက်ျား…..
တကယ်တော့….မောင်ဟာ…..
……………………….
……….
အဲဒီ့လို ယောက်ျားတစ်ယောက်ရဲ့ ဖောက်ပြန်လွယ်မှုကို
ကိုယ်တိုင်ထိတွေ့ခံစားလိုက်ရတဲ့ကျွန်မ….
အနှစ်အနှစ်အလလ….
ရင်ခုန်သံတို့ဖြာကျပြီး မောင့်ရဲ့ ရင်ခွင်ကို မှန်းဆခဲ့ရတဲ့ ကျွန်မ……
ကျွန်မကိုယ် ကျွန်မသာ သနားသွားမိတယ်….။

ထိုနေ့က ကျွန်မ မောင့်ရဲ့ အနားသို့ တိုးတိုးကပ်……
နာကျဉ်းသံတို့ ရောစပ်ပြီး ပြောခဲ့မိတာက စကားစုလေးတစ်ခုတည်းပါပဲ….။
“သနားတယ်မောင်…..ကိုယ့်ကိုယ်ကို…..”

 

အလွမ်း

In: ကဗျာ Posted By: Date: Mar 3, 2013
Comment #1

ခံစားအားပေးသွားပါတယ် မိုက်တယ်

commentinfo By: loafer at Mar 3, 2013
Comment #2

ကေ ကျွန်တော် သေချာဖတ်သွားတယ်

commentinfo By: အသဲကွဲ မိုး at Mar 5, 2013
Comment #3

မင်္ဂလာပါ မမရေ….ပိုး မောင်ကဗျာတွေ လိုက်ပြီ ဖက်နေအားပေးနေသူပါ မမကဗျာလေးတွေ အကုန်ပိုးခံစားချက်နဲ့ထပ်တူနေလို့ ကော်ပီယူခွင့် ပြန်လည်ရှယ်ခွင့်ပြုပါနော်….

commentinfo By: ပိုး at Feb 15, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment