Professional Authors

ရဲဘော်ရဲ့ကဗျာ

တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းကနဲကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်။
ငါအံကြိတ်ပြီး
လက်သီးကိုတင်းတင်း ဆုပ်မိတယ်။

ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇဝင်ရုပ်ရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့
နီမြန်းတဲ့ ဂုဏ်ပုဒ်ကိုတွေ့ရမယ်။

ဘယ်သူတွေငြင်းနိုင်မလဲ
စီးဝင်ခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း။
ဒင်းတို့တတွေက
ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖေါ်ကြူးဖို့ငြင်းဆန်ကြတယ်။

ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေပေါ့
ဒင်းတို့အမုန်းကို
ရဲဘော်က စိမ်းကားတဲ့အပြုံးနဲ့ ပြုံးမှာပဲ
ယုံတယ်။

စပါတာကပ်(စ်)ရဲ့ဂုဏ်ရောင်
ကုန်းဘောင်သူပုန်
ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွှိုင်း
အတိုင်းမသိသော
ချေဂွေဗားရား …. စသော
အာဇာနည်ထောင်သောင်းတို့နှင့်အတူ
ရဲဘော်ဟာ နီရဲ ဝင်းလက်ခဲ့တယ် ။

ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။

ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ ဒို့ဟာ
စာရွက်တွေအတူတူ ဝေခဲ့ဘူးတယ်။

ဗိုလ်အောင်ကျော်ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကိုအကြိမ်ကြိမ်ဂုဏ်ပြုခဲ့ဘူးတယ်။

ရဲဘော်ရဲ့ အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့တိုက်ပွဲတွေအကြောင်း
ဒီနေရာကိုလာပြီး
ရဲဘော်ရဲ့စီးခဲ့တဲ့
နီရဲတဲ့သွေးစက်တွေပေါ်မှာ
ငါ့ရဲ့ဖြူရော်နေတဲ့ မျက်ရည်နဲ့
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ဂုဏ်ခန်းခန်းကို
ညစ်နွမ်းအောင်ငါမလုပ်ဘူး ။

ကဗျာတပုဒ်
ဟုတ်တယ် ငါ့ရဲ့ ကဗျာတပုဒ်
ရဲဘော်ရဲ့ဂုဏ်ပုဒ်ကို ဖေါ်ထုတ်ဖို့
ကြိုးစားတဲ့ ကဗျာတပုဒ်။
လက်ခံပါ ရဲဘော်
အော်ဟစ်ပြီးငါပန်ကြားတယ်။

ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာမဟုတ်ဘူး။
ဖတ်ကြည့်စမ်းလေ
စီးဆင်းခဲ့တဲ့သွေးစက်တွေရယ်
ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့သွေး
မခမ်းခြောက်သေးတဲ့သွေးတွေ
အို…. ရဲဘော်ရဲ့သွေးအစက်စက်နဲ့
ရဲရဲလက်လက်
သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။

(မောင်လေးအောင်)

In: ကဗျာ,Others Posted By: Date: Mar 2, 2013
Comment #1

excellent creation

commentinfo By: ei lay at Mar 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment