Professional Authors

သံပြိုင်သီချင်း

ကလေးများလို

“ချစ်ရင် စကားနားထောင်” လို့ပြောရအောင်လည်း

အသက်တွေကလည်းကြီးပြီ

ဖြစ်နေတာကလည်း

အသိလွန်အတတ်လွန်။

 

အဖေက စုစည်းပေးတယ်

သင်းတို့က အစည်းဖြေပစ်တယ်

အဖေ သွေးနဲ့ရေးသမျှ

သင်းတို့ တံတွေးနဲ့ဖျက်တယ်

ပြီးတော့ သံပြိုင်သီချင်းဆိုတယ်

“အဖေ့ကိုချစ်တယ်”။

 

ကောင်းကြပါပေရဲ့

တော်ကြပါပေရဲ့

သူတစ်လူ ငါတစ်မင်း ချစ်လိုက်ကြပုံများ

အိမ်ကာကွယ်ဖို့ အဖေရှာတဲ့ဓားနဲ့

ညီအစ်ကိုချင်းခုတ်တယ်

အိမ်လုံဖို့ အဖေကာတဲ့စည်းရိုးကို

ခွေးတိုးပေါက်ဖောက်တယ်

 

ပြီးရင် သံပြိုင်သီချင်းဆိုမယ်

“အဖေ့ကိုချစ်တယ်”။

 

တုံးအောက်က တီတွေတွန်ခဲ့ပြီအဖေ

မုန့်ဆီကြော်တွေ အလည်အက်ခဲ့ပြီအဖေ

အစ်မကြီးလည်း

အမိ မရာနိုင်တော့ဘူးအဖေ

သံပြိုင်သီချင်းတွေရပ်စေချင်ပြီအဖေ

အဖေက သီချင်းမဆိုဘူး

အလုပ်လုပ်တယ်။

 

မျှတခြင်းဆိုတာ ညီညွတ်ခြင်းပေါ့

ညီညွတ်ခြင်းဆိုတာ ချစ်ခင်ခြင်းပေါ့

အဖေက ချစ်အောင်မနေဘူး မပြောဘူး

မျှတအောင်နေတယ်ပြောတယ် ကြိုးစားတယ်

အဖေ့ကို ချစ်ကြတာ မဆန်းဘူးအဖေ။

 

အဖေ

အစ်ကိုတွေကို ပြောပေးပါ

ချစ်အောင် ပြောနေကြတဲ့

ချစ်အောင် ဟန်ဆောင်ပြနေကြတဲ့

ချစ်အောင် ပလီနေကြတဲ့

အစ်ကိုတွေကိုပြောပေးပါ

မျှတအောင်သာ အရင်လုပ်ပေးပါ

ချစ်လာဖို့ရာ လွယ်လွယ်လေးဆိုတာ။

 

ခုတော့

“အဖေ့ကို ချစ်တယ်”…တဲ့

သံပြိုင်သီချင်းတွေကို

သား… ခံပြင်းလှပြီအဖေ။    ။

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

လေးစားနှစ်သက်စွာ ဖတ်ရှု ခံစား သွားပါတယ်ခင်ဗျာ… တကယ့်ခေတ်ကို မြင်လိုက်ရပါတယ်..

commentinfo By: အသဲကွဲ မိုး at Feb 28, 2013
Comment #2

🙂

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment