Professional Authors

ဖေဖော်ဝါရီနဲ့စကားစမြည်

ရာသီတွေဆက်ကာသွားပေမယ့်
ယာယီသာဖြစ်နေတဲ့ ကျွန်တော့်ရဲ့ဖေဖော်ဝါရီလေး
အမှားတွေကြားမှာ လမ်းတွေပျောက်ခဲ့ရပေါ့
စိတ်ဓါတ်မကျပါဘူးလေ …………………..
မေ့မေ့ပျောက်ပျောက်ထားခဲ့ပြီလေမှ
တဖိတ်ဖိတ်ပြန်လည်တောက်ပလာတဲ့ နှောင်းအတိတ်ရဲ့အရိပ်များ
ဖေဖော်ဝါရီရယ် ကျွန်တော့်ကို ပြန်ပြန်မခြောက်ပါနဲ့ဗျာ ။

အပြန်အလှန်မချစ်ခဲ့ဖူးပေမယ့်
အတန်တန်ကြိုးစားခဲ့ရဖူးပါရဲ့
တစ်ခါမှပြန်မရဖူးတဲ့ သူ့ရဲ့တုန့်ပြန်ခြင်းတွေအတွက်
ကျွန်တော်အဆုံးအထိ လောင်ကျွမ်းခဲ့ဖူးတာ
ခင်ဗျားသိပါတယ် ဖေဖော်ဝါရီရယ်
မရေရာလှတဲ့ဒီဇာတ်မျောထဲမှာ ကျွန်တော်တစ်ယောက်ထဲပဲ
မဖြေသာဖြစ်နေတာကတော့ နည်းနည်းဆိုးတာပေါ့ဗျာ

အသွားအပြန်မရှိတဲ့ မေတ္တာဇာတ်မှာ
ခင်ဗျားသာ ပါဝင်ကဖူးမယ်ဆို ဒါကိုခင်ဗျားခံစားတတ်မှာ ဖေဖော်ဝါရီ
တိုက်တိုက်ဆိုင်ဆိုင်ဗျာ ခင်ဗျားဆီမှာမှ
ကျွန်တော့်ရဲ့မွေးနေ့ရှိနေတယ် နောက်ပြီး
ကျွန်တော်နဲ့ဘယ်လိုမှမဆိုင်နိုင်တော့တဲ့ ချစ်သူများနေ့ကရှိနေရတယ်လို့
ခင်ဗျားနဲနဲတော့စိတ်ရှုပ်မှာပေါ့ဗျာ
ကဗျာဆရာတစ်ယောက်ကိုသယ်ပိုးထားရတာလွယ်တာမှမဟုတ်တာ

ခင်ဗျားဖွင့်အန်နိုင်ပါတယ် ရင်းရင်းနှီးနှီးရှိကြေးပေါ့ဗျာ
ပွင့်ပွင့်လင်းလင်းလေးဖြစ်သွားအောင်
ကဲ … ဖေဖော်ဝါရီရေ အမှားတွေကိုမြည်းရင်း
လွမ်းလိုက်ကြရအောင်ဗျာ ။                   ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Feb 19, 2013
Comment #1

woe

excellent creation

commentinfo By: ei lay at Feb 20, 2013
Comment #2

ဖေဖော်ဝါရီက ကဗျာဆရာတွေကိုသယ်ပိုးထားရတာ မလွယ်ဖူး
သူ့နာမ တစ်ခုက လူတွေကိုပြုစားတတ်တယ်ထင်တယ်နော် ဟိ
ကောင်းတယ် အကိုရေးတာလေးကို ကြိုက်တယ်

commentinfo By: maypyo22889 at Feb 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment