ပြိုင်ပွဲ
ပြိုင်ပွဲ
(တစ်)
တောင်အရပ်က တိုက်တဲ့လေနဲ့
ရေယောင်ဆောင်ထားတဲ့ နေကို ဟုတ်ခနဲ ငြိမ်းပေးပါ။
အခြေတကျမရှိတဲ့ စိတ်ကိုတော့
နောက်ပြန်လေတိုက်တဲ့ အခါကျမှ ရပ်ဆိုင်းပါစေ။
မနက်ဖြန်မှာ
ခင်ဗျားနဲ့ ကျွန်တော် ခေါင်းချင်းဆိုင်ရိုက်မယ်။
ဘယ်သူအရင် ၀ိဥာဉ် ကွဲ/မကွဲ။
. . . . . . . .
. . . . . . . . . . ။
(နှစ်)
တစ်ခါတလေတော့
ကျွန်တော့်ကို မမေးခင် ခင်ဗျားအရင်ဖြေပါ။
ဝလုံးကို ကန့်လန့်ပိုင်းရုံနဲ့ တောင်ကုန်းလေးဖြစ်လာမလားလို့။
ထားပါလေ …
အဲဒီ့အရပ်မှာ အလံတိုင်စိုက်
ကျွန်တော်တို့ဟာ မမှောင်ခင်တည်းက မိုက်ခဲ့ကြတယ်။
ခင်ဗျားရဲ့ ငယ်နာမည်
ထိုသို့ဖြင့်
ကျွန်တော်ရဲ့ ကလောင်နာမည်။
(သုံး)
ငယ်စဉ်အခါကတော့
ကျွန်တော်က လက်ကမ်းစာစောင် ဝေရုံ
ခင်ဗျားက သက်ဆိုင်သူသို့ ညွှန်းရုံ
ယုန်အရေကလေး ခြုံထားကြတယ်။
အခုတော့ တေ့တေ့ဆိုင်ဆိုင်
ရင့်သီးမှုခြင်း ပြိုင်တယ်။
ပက်သက်ဆက်ယှက်ခြင်း ပြိုင်တယ်။
အဆုံးမရှိတဲ့ မြို့မှာ
နားလည်မှုခြင်းကော ပြိုင်ဦးမလား။
(လေး)
ဒီလိုနဲ့
ကျွန်တော်တို့ဟာ ခေတ်တစ်ခေတ်ရဲ့ စစ်ကို ကြေညာလိုက်တယ်။
(က) အိမ်မက်
(ခ) အချစ်
(ဂ) အမုန်း
(ဃ) ဘဝ
(င) ဥပေက္ခာ
အလင်္ကာတို့ဖြင့် တန်ဆာဆင်ခြင်း မဲ့စေ။
ကြယ်စစ်သည် (၈ သြဂုတ် ၂၀၁၂)