Professional Authors

မန္တလေး

…………
မန္တလေး
………….

ဒီမှာ မန္တလေး….
ငါတို့ဟာ
ဘာင်ခတ်ထားတဲ့ကန်ထဲကရေမဟုတ်
ငါတို့ဟာ
ရှင်သန်နေတဲ့ မြစ်တစ်ခုထဲက ရေ…
သင့်ဧရာဝတီလို

ငါတို့ပင်လယ်ထိစီးမယ်…..

ဒီမှာ မန္တလေး….
စစ်သံသေနတ်သံတွေကို သင်မုန်းသလို
ငါတို့မုန်းတယ်…
ညီညွတ်ခြင်းနဲ့ ငြိမ်းချမ်းရေးကိုသင်ကြိုက်သလို
ငါတို့ကြိုက်တယ်…

ဒီမှာ မန္တလေး….
သမိုင်းတလျှောက်
မြင့်မြတ်ခြင်းဘက်ကသင်ရပ်တည်ခဲ့သလို
ငါတို့ ရပ်တည်ခဲ့တယ်…

မြင့်မြတ်ခြင်းကိုသင်သင်ကြားခဲ့လို့
ငါတို့ မြင့်မြတ်တတ်ခဲ့ပြီ….

အို…အမုန်းတရားတွေနဲ့အငြိုးတေးတွေနဲ့ရှင်သန်ခဲ့တဲ့လူငယ်တို့.
ထကြလော့
အမိမန္တလေးရဲ့ မေတ္တာကိုခံယူကြလော့
အမိမန္တလေးရဲ့ စည်ပင်ဝပြောခြင်းကိုရှေးရှုကြလော့
အမိမန္တလေးရဲ့ ရာဇ၀င်ကို ထိန်းသိမ်းကြလော့

အမိမြေမှာ ငါတို့မွေးဖွားခဲ့တာ
သွေးကွဲဖို့မဟုတ်
အမိမြေမှာ ငါတို့မွေးဖွားခဲ့တာ
ရန်ဖြစ်ဖို့ မဟုတ်
အမိမြေမှာ ငါတို့မွေးဖွားခဲ့တာ
ငါတို့အိမ်မက်တွေစိမ်းလန်းဖို့။

( မန္တလေးမြို့ကြီးကို အလျားလိုက်ရော ဒေါင်လိုက်ရော ဖြတ်သန်းနေကြသော မန္တလေးသားအပေါင်းတို့သို့…….)

In: ကဗျာ Posted By: Date: Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment