Professional Authors

သံသယရဲ့ အတွေး တစ်ထောင်

 

သံသယရဲ့ အတွေး တစ်ထောင်

 

ကော်ဖီတွေ ခါးတတ်

ပတ်ဝန်းကျင် ချားရဟတ်လို လည်ပတ်

သကြားနှစ်ဇွန်း ခတ်ထားတဲ့

မော်ဒန်တစ်ပုဒ်နဲ့ အတွေးတွေကို လည်ပတ်

မနေတတ်တဲ့ စိတ်က

သံသယကို မွေးဖွားစေခဲ့ပြီ…။

 

နေတက်ရင် ကျေနပ်စရာဆိုပေမဲ့

ပတ်ဝန်းကျင်က စိမ်းလန်းတဲ့

မြက်ခင်းပြင်ကို ငေးကြည့်…

သဘာဝ ရှုခင်းတွေကို ငေးကြည့်..

ညနေ ဆည်းဆာနဲ့ အပြိုင်လှနေတဲ့

တောအုပ်လေးရယ်…

တောင်တန်းကြီးရယ်…

ရွှေအိုရောင် ကောင်းကင်ရယ်..

ခဲသွားများ ခြစ်ခတ်ထားတဲ့

ကဗျာတွေရယ်…

အတွေးစကြာဝဠာထဲ ခရီးသွားနေဆဲ…။

 

အရာရာတိုင်း အချိန်တိုင်းမှာ

ကိုယ့် အတွေး ကိုယ် မှန်တယ်ဆိုပေမဲ့

ဆေးဆိုးပန်းရိုက် ပန်းတစ်ပွင့်နဲ့

အရာတစ်ခုခုကို ခူးခြွေဖို့

အမြင့်ပေါ်ကို တက်ခဲ့တဲ့

ကိုယ်ထောင်ထားတဲ့ လှေးကားဟာ

လူတစ်ယောက်ရဲ့ ဘဝမဖြစ်စေချင်တာ အမှန်ပဲ..။

 

အတွေးလှိုင်းပေါ်က ဘဝလှေ

ဘာပဲဖြစ်ဖြစ် လှော်ခတ်သူအတွက်တော့

မော်ဒန်ခေတ်ထဲ စီးဆင်းနေမှာပဲ..

ဒါပေမဲ့….

ကိုယ် ရေးးစပ်တဲ့ စာသားတွေဟာ

လစ်ဟာ ခေါက်ရိုး မကျိုးစေချင်ဘူး…။

 

ခလုပ်ထိမှ ဒဏ်ရာရတဲ့

ဝေဒနာ အဝတ်အစား မစီစဉ်တတ်သေးတဲ့

ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်

အဆီအငေါ်မတတ်တဲ့ ကြိုးတစ်ချောင်းကို

ယစ်ထုပ်လုပ်လို့ တေလေတစ်ယောက်လို

လေလွင့်ရင်း ခရီးဆက်ခဲ့ပြန်ပြီ…။

 

ညနေ ဆည်းဆာ ကွယ်ပျောက်သွားတဲ့

ကာရံမဲ့သော ညကဗျာများ

ကြယ်တွေနဲ့ ဆော့ကစားရင်း

အပူဓာတ် မကုန်ခမ်းသေးတဲ့

စကြာဝဠာကြီးကို အလှဆင်နေပါရဲ့

တငွေ့ငွေ့ လောင်ကျွမ်း ကျန်ရစ်တဲ့

မီးဇာတစ်ခုကို ကြိုဆိုလိုက်မိပြီ..။

 

လေစိမ်းတွေ တိုက်ခိုက်

စင်တီမီတာ ခန့်မှန်းလို့ မရတဲ့

တိုက်ခိုက်လာတဲ့ လေစိမ်း

တောင်ထိပ်ပေါ်မှာ နေရင်း

ခိုက်ခိုက်တုန် ချမ်းလှပါရဲ့…

ဒါပေမဲ့….

သဘာဝက တောင်းဆိုလာပြီ..။

 

သဘာဝ တောင်းဆိုလာတဲ့

ကိုယ်ထည် လှပတဲ့ စကြာဝဠာတွင်း

ဆောင်း ဝင်လာတဲ့ ည တစ်ည

ထီးဆောင်းထားတဲ့ လမင်းကြီးကို ငေးကြည့်

အမှတ်တမဲ့နဲ့ အပျိုစင် ကြယ်တွေ

မခိုတခိုနဲ့ ရှက်ပြုံး ပြုံးနေပါရဲ့

ဒါပေမဲ့…

ရနံ့မဲ့ နှင်းစက်လေးတွေ ကြွေလာပြီ…။

 

ရုပ်ဝတ္ထု ခန္ဓာကိုယ်မှာ

တဖြေးဖြေး အေးခဲလာတဲ့ ဆောင်း

နှင်းစက်များနဲ့ သိုင်းခြုံလို့

ညတွေက တဖြေးဖြေး နက်ရှိုင်း

လမင်းကြီးလည်း တိမ်လွှာကြားမှာ ပျောက်ကွယ်

ကြယ်တွေက တဖြေးဖြေး နွမ်းလျ

မြောက်ဘက်က ဓူဝံက တောက်ပ

ခုနှစ်စင် ကြယ်တွေလည်း အမြီးထောင်တက်လာပြီ..။

 

မနက်မိုး မလင်းသေးတဲ့ ညအမှောင်မှာ

မီးအိမ်လေး ထွန်းညှိ

ခပ်ရိုးရိုး ပုံပြင်တစ်ပုဒ်ကို ဖတ်နေရင်း

စိတ်ကူးတွေနှင့် အတွေးနယ်လွန်ခဲ့

အမှတ်တမဲ့ ကြားလိုက်တဲ့ အသံတစ်ခု

ယောင်ယောင်မှားမှား အလန့်တကြားနဲ့

ဇောချွေးတွေပြန် အကူ ရေတစ်ခွက်ကို မော့သောက်

ကိုယ့်စိတ် ကိုယ် သံသယ ဖြစ်လာခဲ့

အသိဝင်လာ ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ရင်း

ည တစ်ညရဲ့ အမောတွေ စို့တက်

ဆောင်း တစ်ည ကုန်ဆုံးခဲ့ပြန်ပြီ…။

 

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 12, 2012
Comment #1

good words!

commentinfo By: မေပျို at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment