Professional Authors

မီးတောက်သစ်ပင်

ဒီကောင်ကြီးကို စခေါ်လာတာက ကဗျာဆရာ …

မင်းကိုကြည့်ရင်း ကဗျာတွေးရင် အတော်မိုက်မယ်ကွ .. လိုက်ခဲ့ကွာ တဲ့ ။

သူလည်း တစ်ရွာမပြောင်း သူကောင်းမဖြစ် ၊

တုံးတိုက်တိုက် ကျားကိုက်ကိုက်

မီးသွေးခဲမို့ မည်း သကိုပေါ့ ။ လိုက်ချလာတယ် ။

ဝါရင့်လက်သည်မကြီးကတော့ ပွစိပွစိကျိန်ဆဲနေတယ်။

ဒါမျိုး … အရပ်ထဲ ကို .. မ၀င်သင့်ပါဘူးတော် … ။

 

တစ်နေရာဆီက တိုးတိုးလေးကြားတယ် ။

“ကျည်ဆန်တွေ အစား ပန်းများပွင့်စေ ” တဲ့ ။

ဒီကောင် သူ့ကိုယ်သူ ပြန်ကြည့်ရင်း

ချိုးချပေးခဲ့ဖူးတဲ့ … အကိုင်းတွေကို သတိရတယ် ။

ကွယ်ပေးခဲ့ဖူးတဲ့ … ကျောင်းသူလေးကို သတိရတယ် ။

ခွာချပေးခဲ့ဖူးတဲ့ … အခေါက်တွေကို သတိရတယ် ။

နေစရာပေးခဲ့ဖူးတဲ့ … အကောင်ပလောင်လေးတွေကို သတိရတယ် ။

တစ်လုံး .. ၁၆ သိန်းလောက်တန်တဲ့ လက်နက်ကြီးကျည်တွေ

ထိဖူးတဲ့နေရာကို လျှာနဲ့ လျက်ရင်း .. ပန်းတွေပွင့်လာတော့

အလဲ့ .. မိုက်သဟ .. လို့ ဒီကောင်အသံထွက်မိတယ် ။

 

လယ်ပိုင်ရှင်ကတော့ သူ့အလှူကျရင် ဒါကြီးကို ဂျစ်ကားပေါ်တင်ပြီး

လှည့်ချင်တယ်ဆိုလားပဲ ။

ကာလသားတွေကတော့ အံတကြိတ်ကြိတ်ပေါ့

သူတို့က သူတို့ ခြင်းဝိုင်းနားမှာ ထားချင်တာမဟုတ်လား ။

မက်လည်း မက်လောက်စရာပဲ ။ တစ်ခါတစ်ခါ ဒီကောင်ကြီးက

*♪♫ Imagine all the people living life is peace ♫♪လို့

ထ … အော်ချင် အော်နေတာ ။

အသားထဲက လောက်ထွက်တာတွေ

စကောလောက်မှ ဇောက်မနက်တာတွေ

ဒီကောင်သိတာ မဟုတ်ဘူး ။

ပြောရင်းဆိုရင်း မိုးလေး တစ်ပေါက်နှစ်ပေါက်ကျလာတော့

သူ့ကိုယ်ပေါ်က မည်းမည်းအရည်တွေ ငိုချတယ်

ကျက်သရေတုံးတဲ့ အရည်တွေ ဆိုပါတော့ ။

ကလေးတွေက ခဲနဲ့ ၀ိုင်းပစ်တယ် ။ ထိတယ် ။ ထပ် ပစ်ကြတယ်။ ထိတယ် ။

သူလည်း ငိုတုန်းပဲ ။

ဆယ်အိမ်ခေါင်းက ထွီခနဲ .. ထွမ်ခနဲ .. တံတွေးနဲ့ နှစ်ချက်ဝင်ထွေးတယ် ။

ခွေးတွေက စူးစူးဝါးဝါး ထိုးဟောင်တယ် ။

နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်တွေက မျက်နှာလွှဲတယ် ။

ဝုန်းဆို အမူးသမားက ရဲတင်းနဲ့ ပြေးခုတ်တယ် ။

ဘယ်သူမှ တားဖို့မကြိုးစားဘူး ။ ရင်ဘတ်ဟက်တက်ပွင့်သွားတယ်။

ဝတ်ရွတ်အဖွဲ့က ပရိတ်ကြီး စာအုပ်တပြင်ပြင်နဲ့ …. ။

လက်ဝှေ့ကျော်က ကျား .. ခနဲ အော်ပြီး

ဒူး၊တံတောင် တစ်စုံ ၀င်ကျွေးတယ် ။

မိန်းမတွေက ထဘီတွေ လှန်ပြကြတယ် ။

အိမ်ပေါ်က မဆင်းနိုင်တဲ့ အဘိုးအိုတွေက ဂွ နဲ့ လှမ်းပစ်တယ်။

 

ဒီကောင်ဟာ မီးရောင် အကျီင်္ကို ၀တ်ဆင်ထားတာဖြစ်ကြောင်း

သိရှိနားလည်သွားကြလို့ပေါ့ … ။

စ ခေါ်လာတဲ့ ကဗျာဆရာကတော့ ခေါင်းတရမ်းရမ်း နဲ့ … ။

 

ဟိန်း (21.9.12)

[email protected]

 

* = ဂျွန်လင်နွန် … Imagine သီချင်းမှ

In: ကဗျာ Posted By: Date: Oct 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment