Professional Authors

ခေတ်သစ်ခရိုနီဆိုတာ ငါတို့ဘ၀တွေကို သတ်နေတဲ့ လူသတ်လက်နက်

ဘာမှမပြောချင်လို့ မပြောခဲ့တာမဟုတ်ဘူး
ဘာမှမလုပ်ချင်လို့ မလုပ်ခဲ့တာမဟုတ်ဘူး
ခရိုနီလည်း လူ၊ ငါတို့လည်း လူပဲ
လူဆိုရင် လူ့အခွင့်အရေးဆိုတာ ရှိတယ်
ငါတို့အသွေးအသားထဲ ရိုက်သွင်းထားတဲ့အကြောက်တရားကို
တော်လှန်ပစ်ရမယ်
မြေလှန်ပစ်ရမယ်
အရိုးကြေကြေ အရည်ခမ်းခမ်း
ဒဏ်ရာမရပဲနဲ့ သူရဲကောင်းဆိုတာ မဖြစ်နိုင်ဘူး
ဂန္ဒီဟာ ဘယ်လိုလူမျိုးလဲ
သခင်အောင်ဆန်းဟာ ဘယ်လိုသူရဲကောင်းမျိုးလဲ
ငါတို့ ဆင်ခြင်သင့်ပြီ
ငါတို့ ပြင်ဆင်သင့်ပြီ
ငါတို့လက်ဖျံရိုးနဲ့ ဒီစနစ်ဆိုးကို ရိုက်ချိုးလိုက်စမ်း
ငါတို့အမှန်တရားနဲ့ ဒီစနစ်ဆိုးကို လှမ်းထိုးလိုက်စမ်း
အမှောင်ပြီးရင် အလင်းဆိုတာ လာစမြဲပဲ
အရင်းရှင်စနစ်ကို ဖြုတ်ချခဲ့တာ ဘယ်သူတွေလဲ
ပဒေသရာဇ်စနစ်ကို ဆွဲချခဲ့တာ ဘယ်သူတွေလဲ
ဓာတုလက်နက်မှ လူသတ်လက်နက်မဟုတ်ဘူး
ခေတ်သစ်ခရိုနီဆိုတာလည်း လူသတ်လက်နက်ပဲ
ငါတို့က အသက်ရှင်လျက်နဲ့ ဘ၀တွေ သေနေခဲ့ကြတာ
ခင်ဗျားတို့
ဘယ်လောက်ကြာကြာ တွေဝေနေဦးမှာလဲ
ခင်ဗျားတို့
ဘယ်လောက်ကြာကြာ အဖိနှိပ်ခံနေဦးမှာလဲ
သူတို့ ကြိုးဆွဲသလို ကနေဦးမှာလား
သူတို့ ခုတ်လှဲတာကို ခံနေဦးမှာလား
အားလုံးပဲ နိုးထကြပါတော့
အားလုံးလည်း နိုးကြားကြပါတော့
တကယ်တော့
လူဆိုတာ
အသက်ရှင်ဖို့လိုသလို
ဘ၀ရှင်နေဖို့လည်း လိုတယ်မဟုတ်လား။             ။

ညီခ

In: ကဗျာ Posted By: Date: Oct 11, 2012
Comment #1

အို……ဂွတ်

commentinfo By: kathitni1980 at Oct 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment