Professional Authors

ဘဝရဲ့ ကြေးမှုံပြင် တိုက်ပွဲ

 

ဘဝရဲ့ ကြေးမှုံပြင် တိုက်ပွဲ

 

နေရောင်ခြည် ကိုးယိုးကားယားနဲ့

မနက်ခင်း နံရံတွေကို ထိုးဖောက်နေပါရဲ့

သဏ္ဍာန် မတူတဲ့ အမူအရာ နှစ်ခုက

လောက လမ်းမပေါ်မှာ အလှဆင်နေတော့

ဆေးဆိုးပန်းရိုက် ပန်းချီကားတစ်ချက် ရေးခြစ်ဖို့

စုတ်တံကို ကြည့်ပြီး ဒေါသဖြစ်မိခဲ့တယ်..။

 

လူ့ဘဝရဲ့ သက်တမ်းအချို့က နေမြင့်…

သက်တမ်း အချို့က လှောင်ချိုင့်ထဲမှာ…

ဒီလိုနဲ့ ခါးသက်သက် သက်တမ်းတစ်ဝက်ဟာ

ခရီးသွားရင်း ရှောင်တိမ်းနေရတဲ့

ဘဝ မောင်းနှင်ရတဲ့ ကားတစ်စီးလို

အတွေးတိမ်တိုက်မှာ လွင့်မျောနေပါရဲ့…။

 

 

ဒါပေမဲ့….

နေ့စဉ်သုံးနေတဲ့ လျှပ်စစ် ကြိုးထဲက

အသွင်မတူတဲ့ အရာဝတ္ထုဟာ

ဘဝလွင်ပြင် သမိုင်းတခွင်မှာ

မထိတွေ့တာ ကြာညောင်းလာရင်

အသုံးမတည့်တဲ့ ကန္တရတစ်ခုအဖြစ်

ပြောင်းလွဲသွားရရှာတယ်…။

 

လိုက်ရင်း ပြေးရင်း မဆုံနိုင်တဲ့ လမ်းထဲ

လွဲချော်မှုတွေ အကြိမ်တစ်ရာမက

လွဲချော်ခဲ့ရဖူးတဲ့ ဇာတ်လမ်းတစ်ခုဟာ

ခလုတ်တိုက်လို့ အရှိန်ကောင်းကောင်းနဲ့

ဖမ်းအုပ်မိတော့မှ ရုန်းကန် ကြိုးစားရင်း

အေးစက်စက် အပြုံးနဲ့ ရေတစ်ခွက်ကို

အလွယ်တကူ တောင်းသောက်တာတော့

အောင့်သက်သက် သမိုင်းစာမျက်နှာ တစ်ခုပဲပေါ့…။

 

လက်ခုတ်တွင်း ဆင်းသက်မှ အနိုင်ရမည်ဆိုရင်

တရားခွင်မှာ နစ်နာရင် မနေဘူး

အားသာရင် နေမယ်ဆိုတဲ့

ဥပဒေ စီရင်ချက်ကျပြီးသားတွေကို

ထပ်တလဲလဲ ရက်ကြီး ရက်ငယ် ချိတ်ဆွဲပြီး

ပြန်စစ်ဆေးနေတာတွေက ပတ်ဝန်းကျင်း တိုက်ခိုက်တဲ့

အညှော် အနံ့ဆိုးတွေ ဖြစ်သလို

ညှီစိုစို အနံ့ထွက်နေတဲ့ မေတ္တာတွေ

ကျောက်တောင်ကို ဖောက်ထွက်လို့

တစိမ့်စိမ့် ယိုစီးထွက်

ကမ်းပါး မခြားတဲ့

အခြားတဖက်က ကပ်ဆိုက်မှုတွေ

အကြောင်းမရှိ ပျက်စီးမှုတွေ

စိတ် အာဟာရ ဓာတ်စာတွေ

ကံစီမံရာ ခရီးသွားရင်း ဝေးခဲ့ရတာတွေ

ဒါတွေ အားလုံးဟာ..

အမှန်တရားရဲ့ ကြေးမှုံပြင် တစ်ချက်လား…။

 

အမှန်တရားကို အငြင်းပြိုင်နေတဲ့

ဘဝ ဥပဒေရုံးတော်မှာ သားကောင်ရမှ

အဖြေထွက်ရမည်ဆိုတဲ့ စီရင်ချက် ဖွဲ့စည်းပုံဟာ

ပြည့်စုံတဲ့ အဓိပ္ပာယ်မှ မဟုတ်တာ…။

 

နာမ်စားတွေ ပြောင်းနေလိမ့်မယ်..

ရုပ်ဝတ္ထုတွေ ပြောင်းနေလိမ့်မယ်…

အဆင့်တန်းတွေ ကွာခြားနေလိမ့်မယ်..

ခြေလှမ်းတာခြင်း ကွာခြားနေလိမ့်မယ်..
အမည်ခံ အသွင်မတူပေမဲ့

အိုး တစ်အိုးတွင်းမှာ

ရှိသင့် ရှိထိုက်တဲ့ အမှန်တရားအတိုင်း

ဘဝလွင်ပြင်မှာ ရှိပါစေ…။

 

လျှောက်လှမ်းခဲ့တဲ့ ဘဝ ဖန်သားပြင်မှာ

ရောင်စဉ်ကြယ်တွေကို ရှိုက်နမ်းခဲ့

ရေတိမ်နစ်နေတဲ့ သက်တန့်ရောင်စုံကို

အမှတ်တမဲ့ ကယ်တင်ခဲ့ဖူးပါရဲ့

မညာစတမ်း ပြောရရင်

အမှန်တရား အနုပညာလက်ဆိုတာ

လူ့ဘဝရဲ့ ပုံရိပ် ကိရိယာတစ်ခုပေါ့..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Aug 7, 2012
Comment #1

ဖတ်ရှုပညာယူသွားပါသည်။

commentinfo By: sharon myorr myor at Aug 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment