Professional Authors

အာဇာနည်နေ့ လွမ်းဆွတ်ခြင်း

 

 

အာဇာနည်နေ့ လွမ်းဆွတ်ခြင်း

 

သူ့… အပြုံး.. သူ့.. ကလောင်တွေဟာ

ငါတို့နဲ့ ငါတို့ မျိုးဆက်သစ်တွေရဲ့ နှလုံးသားတွေမှာ

ကျောက်စာထိုးလို့ မော်ကွန်းတင်ခဲ့သလို

မနေ့က သူ့..အပြုံးတွေက 

ငါတို့ပြည်အတွက် လွတ်လပ်ရေးကို

သယ်ဆောင်ခဲ့ပေါ့…။

 

မနေ့ကလို ထင်ကျန်ခဲ့တဲ့ ဟိုအတိတ်…

၁၉၄၇-၁၉ ဇူလိုင်ဆိုတဲ့ နေ့ရက်….

အာဇာနည် သူရဲကောင်းတွေအတွက်

လွမ်းဆွတ်တဲ့ နေ့ရက်…..

ငါတို့ ဝမ်းနည်းခြင်းတွေဖြစ်ခဲ့ပေါ့…။

 

လောကဓံရိုက်ချက်ကြောင့် ဘဝတကွေ့မှာ

တခဏတာ သူ့..ခန္ဓာအိမ် မြေကျသွားပေမဲ့

သူ့..စိတ်ဓာတ် သူ့… အပြုံး

သူ့…. လုပ်ဆောင်ချက် သူ့… မေတ္တာ

သူ့… သစ္စာတွေ ငါတို့နဲ့

ငါတို့ရဲ့ မျိုးဆက်သစ်တွေဆီမှာ

ထာဝရတည်ရှိနေတဲ့ ရိုးမတောင်တန်းကြီးတစ်ခုလို

ငါတို့ နှလုံးသား အသည်းစိုင်မှာ

စိုက်ထူနေမြဲ တည်နေမြဲပေါ့…။

 

သူ.. မသေခဲ့ဘူး သူ.. ရှင်သန်နေမြဲ..

သူ့.. သတင်းတွေ ကမ္ဘာသမိုင်းမှာကော

မြန်မာ့သမိုင်းမှာပါ ရှင်သန်နေမြဲပါ..။

 

သူ့ရဲ့ အရိုးခံစိတ်ဓာတ်တွေဟာ

ငါတို့ နှလုံးသားထဲမှာ စီးဝင်နေတဲ့

မိခင် ဧရာဝတီမြစ်ကြီး တစ်စင်းလို 

ထာဝရ စီးဆင်းနေမြဲပါ..။

 

နှစ်ပေါင်းများစွာ…… 

ငါတို့ ဘိုးဘွားတွေ ပူဆွေးနေတဲ့

မျက်ရည်တွေ သူကိုယ်တိုင်

လွတ်လပ်ရေး ပုဝါစနဲ့ သုတ်ပေးခဲသလို

ငါတို့ သောကတွေလည်း ပျောက်ခဲ့ရပေါ့..။

 

ဒါပေမဲ့……

ခရီးထွက်ခွာ အနိစ္စကမ္ဘာပေမို့

မခွဲခွာနိုင်တဲ့ ကံကြမ္မာ အနတ္တတရားကြောင့်

ခန္ဓာခြွေပျက် သေခဲ့ရလို့ 

ပြည်တခွင် အလွမ်းတွေ ပြည့်ခဲ့ပြီပေါ့လေ…။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Jul 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment