Professional Authors

အတွေးအခေါ်ကောင်းတဲ့ပဉ္စလက်မာန သို့ တလွဲဆံပင်ကောင်း

စကားလုံးတွေဖောင်းကြွနေတဲ့ ပိုစ့်မော်ဒန်ခောတ်ကြီးထဲမှာ
ငါဟာ အပုတ်နံ့ လှိုင်လှိုင်သင်းနေတဲ့ ၀ါကျတကြောင်းအဖြစ်မခံနိုင်ဘူး
ဟုတ်တယ် .. သာဂိရေ … ငါဆုံးဖြတ်ချက်ချလိုက်ပြီ
ခန္ဓာကိုယ်ဖုဖောင်းသေသပ်တဲ့(သို့ )ကိုယ်လုံးတစ်တစ်အစ်အစ်နဲ့ 
အပျိုကြီး/အပျိုကြီးစရင်းဝင်တော့မယ့် မိန်းမတယောက်ဆီက
ကွာကျလာမယ့် စကားလုံးမည်းမည်းတွေကို ငါနှစ်ခြိုက်မိမှာအမှန်ပဲ
အဲလိုဆိုရင် ငါရေးခဲ့ဖူးတဲ့ ကဗျာတွေကိုဇောက်ထိုးသာဖတ်ပါတော့ကွာ ။

ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့နာမ၀ိသေသနာတွေက
ငါ့ခေါင်းရင်းမှာလာလာပြီးငုတ်တုတ်ထိုင်ရင်
စားခါနီးထမင်းပန်းကန်ကိုစိုက်ကြည့်ပြီးသိပ်စိတ်ပျက်တယ်
မိုက်မဲတဲ့ လူတချို့ က ကောင်းကင်ကြီးကိုမော့မော့ကြည့်ပြီး
ကြွေကြလာတဲ့ ကြယ်ဖြူတွေကို အမွှန်းတင်ကြတယ်
အမှန်တကယ် ငါအဲလိုမဖြစ်စေချင်ဘူး ။

ကိုယ်တိုင်ရှင်သန်လို့ ရပါလျှက်နဲ့ 
တပါးသူရေလောင်းပေါင်းသင်မှရှင်သန်ပွင့်လန်းရမယ့်ပန်း
ဘယ်လောက်ပဲထိပ်ဖျားရောက်နေပါစေ ငါမစွတ်ဘူး/ငါမညွှတ်တွားဘူး
ငါလဲ နားနားပြီးပြောတာပဲ သာဂိရာ…မောတယ်ကွာ
ဗျာပါဒများတဲ့လောက စိုးရွံမှုတွေနဲ့ 
 စားကျက်ရှာနေကြတာလဲမင်းကိုယ်တွေ့ ပဲမဟုတ်လား ။

ကြုံတုန်းဆုံတုန်းလေးပြောရအုံးမယ် … သာဂိရေ
အထက်တန်းကျတဲ့ မာနတွေက ငါတို့ ရွာမှာ တပုံတပင်ရှိတယ်
ကွမ်းတံတွေးမထွေးရဆိုတဲ့ ဆိုင်းဘုတ်နားမှာ ကွမ်းယာဆိုင်ရှိတယ်
မျဉ်းကျားမှလမ်းကူးပါဆိုတဲ့သတိပေးချက်နေရာတွေမှာယာဉ်ထိန်းရဲရှိတယ်
လမ်းသွားရင်းဆေးလိပ်မသောက်ရမယ့်နေရာတွေမှာ
လမ်းလျှောက်ပြီးဆေးလိပ်လိုက်ရောင်းတယ်
သစ်ပင်မခုတ်ရဆိုင်းဘုတ်ကလဲ ခုတ်ပြီးသားသစ်ငုတ်တိုမှာကပ်ရိုက်ထားတယ်
ဤနေရာတွင်အမှိုက်မပုံရစာတန်းလေးခမျာ အမှိုက်ပုံထဲမှာအသက်ရှုကြပ်လို့ တဲ့
အဆိုးဆုံးက နေပူပူသစ်ရိပ်အောက်က ရေချမ်းစဉ်လေးမှာ
သောက်ရေခွက်ကလေးကို လက်ထိတ်ခတ်ထားတဲ့ ကိစ္စပဲ ။

ပြောရစတမ်းဆိုရင် ခေတ်ကြီးကိုက နရီစည်းချက်ကျကျ နဲ့ 
မော်ဒယ်လ်မလေးတွေ အဆုပ်လိုက်အခိုင်လိုက်အလေ့ကျပေါက်တဲ့ခေတ်လေ
မင်းပဲ ပေါင်တံစင်းစင်းလေးတွေနဲ့ ဗိုက်သားဖြူဖြူလေးတွေပေါ်မှာ
တဗြုံတခေါင်းအတွေးတွေနဲ့ ကွန့် မြူးဖြန့် ကျက်ခဲ့ဖူးသေးတယ်မလား
အ၀ိဇ္ဇာ ၊ တဏှာ ၊ ရာဂ တွေဆိုတာ့ မြင်မကောင်းအောင်လမ်းဘေးပုံရောင်းတဲ့ 
လေဘေးအထည်တွေလိုမျိုး ထောင်းနမောင်းထ,အောင်ကျော်ကြားတယ်ကွာ ။

ငါတို့ ကျောင်းရဲ့ စာသင်ခန်းဟာတိုးကြိတ်စရာမလိုအောင်အသံတွေမဲ့နေတယ်
ခေတ်ပေါ်ဂီတတွေနဲ့ ဆူညံ့နေတဲ့အခန်းကိုတော့
ငါတို့ နိုက်ကလပ်လို့ အမည်နာမမှည့်ဆိုတယ်
အဲဒီမှာ……
အင်္ဂလိပ်စာလုံးပေါင်းအမယ်စုံအရောင်သွေးစုံ အရောင်းအ၀ယ်ဖြစ်တယ်
ဥပမာ (AIDS , ABC , CONDOM ,HIV, TIGER .. ect)
မင်းအတွက်အပျင်းပြေ US parlor တွေမှာ
မာနမကြီးတတ်တဲ့မိန်းမချောလေးတွေလဲရှိတယ်
ညောင်းရင်နိုပ်နယ်ပေးတတ်တယ်
ဖောင်းရင်တည်းခိုခန်းထဲထိလိုက်ပို့ ပေးတတ်သေးတယ် ။

တော်ပြီသာဂိရေ…
ငါ့စကားလုံးတွေက ရင်သားပေါ်တဲ့ ထိလည်ပင်းဟိုက်ကုန်ပြီ
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတဲ့ ကိစ္စ ဘ၀မှာတော့အနာဆုံးပဲကွာ
ငါအိမ်မက် မမက်တတ်သေးခင်ကတည်းကရှိခဲ့ဖူးတဲ့မာန
ကာလာစုံတဲ့ လူတွေကြားမှာပဲ ကျပြောက်ခဲ့တယ်
အခုချိန်မှာမှမျက်ပြူးဆန်ပြာနဲ့ အနာတရတွေမဖြစ်ချင်တော့ဘူး
တကိုယ်ကောင်းဆန်နိုင်သမျှဆန်ရင်း
အကောင်းဆုံးအတ္တတွေအရေခြုံလို့ 
ငါဟာနောက်လာမယ့်အချိန်နာရီတွေအတွက်
အဘိဇ္ဇာတွေဆက်ပွားများနေလိုက်အုံးမယ် ။

မိုးသူ(တောင်ကြီး)
29 June 2012 /Friday
01:36/PM

In: ကဗျာ Posted By: Date: Jul 3, 2012
Comment #1

မိုက်မဲတဲ့ လူတချို့ က ကောင်းကင်ကြီးကိုမော့မော့ကြည့်ပြီး
ကြွေကြလာတဲ့ ကြယ်ဖြူတွေကို အမွှန်းတင်ကြတယ်
အမှန်တကယ် ငါအဲလိုမဖြစ်စေချင်ဘူး ။

မိုးသူ ငါတကယ် အဲလို ခံစားနေရတယ်

commentinfo By: Than Yaw Zin at Jul 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment