Professional Authors

ဒုတိယအရွယ်ရဲ့ ဒုတိယလူ

 

      ၈၈ ကျောင်းသား အရေးအခင်းအပြီး

ဒုတိယမြောက်နှစ်

နေ့တနေ့ရဲ့ ဒုတိယမြောက် အချိန်

ရေမပါ မီးမပါနဲ့

ဗြဟ္မာကြီးလေးဦးရဲ့ အနွယ်တော် တယောက်ဟာ

ကမ္ဘာမြေကို စတင် နှုတ်ဆက်ခဲ့တယ်

 

      အဓိပတိဖွားဟေ့လို့

အမေရေရွတ်လိုက်တိုင်း ကြက်သီးထအောင်ကြည်နူး

လောကကြီးကို အကောင်းပဲ ပေးမယ်ဆိုတဲ့ စိတ်နဲ့

အတ္တတွေကို ရောင်းစားခဲ့ဖူးတယ်

 

      အသက်21ရောက်တော့

ဂုဏ်တော် ကိုးပါးရဲ့ အကျယ်ကိုသိ

သရဏဂုဏ် သုံးပါးကိုသိ

လေးဖြူအကြောင်းပြောလိုက်

ကာလာတီဗွီလေးတလုံးရဖို့ ဘုရားမှာ ဆုတောင်းလိုက်နဲ့

အချစ်အကြောင်း ဆွေးနွေးရင်း

ညနေစာ ဆန်မရှိတာကို တွေးဖူးတယ်

 

      အသက်ကလေး ရလာတော့

လူရိုသေ ရှင်ရိုသေ အလုပ်ကလေး တခုနဲ့

ဘွဲ့တွေ တသီတတန်းနဲ့

18နှစ် ဦးနှောက်ကလေးနဲ့

ဒီလို ဒီလိုနဲ့ပဲ….

ပထမအရွယ် မကုန်ခင်လေး

မေတ္တာတရားအကြောင်း မပြောဖူးခဲ့တဲ့

ချစ်သူ သုံး လေး ယောက်ကြောင့်

ကဗျာတွေရေး

သီချင်းတွေစပ်

ကွန်ပျူတာကို အရူးအမူးစွဲလမ်း

 နီကိုလပ်ကေ့စ်အကြောင်း အိပ်မက် မက်

Language Poetry အကြောင်း ပြော

စိတ်ညစ်တဲ့အချိန်

လရောင်အောက်က သူငယ်ချင်းဆီ ရင်ဖွင့်

ဝင်လေနဲ့ထွက်လေ

ဘယ်လေက အာရုံကို ပိုထိသလဲ စဉ်းစား

နေမကောင်းရင် psycho thraphy နဲ့ကုရင်း

အမေ့ကို လွမ်းတဲ့စိတ်နဲ့

ရေချိုးခန်းထဲမှာ လက်ကိုင်ပ၀ါလေးတွေ လျှော်ခဲ့ဖူးသေးတယ်

 

      အခု….ဒုတိယအရွယ်ရဲ့ ဒုတိယနှစ်

မရဏနုဿတိ ကမ္မဌာန်းကို ပွားများ

မေတ္တာဘာဝနာပွားများ

အချစ်နဲ့ဘ၀ကို မဆိုင်အောင်နေ

အမေ့ဆီ လစာ မတောက်တခေါက်လေး ပြန်ပို့

ကိုယ့်ပညာ ကိုယ်မယုံတော့လို့

လူကြားထဲ မတိုးဝံ့

နောက်ထပ်လောကမှာ နေရပါတော့မလား စဉ်းစားရင်း

ဘ၀ဒဏ်ရာတွေ

ဘယ်သူမှ မသိအောင်

ကြိတ်ကုရလိမ့်ဦးမယ်….။

 

 

In: ကဗျာ Posted By: Date: Jun 21, 2012
Comment #1

ဘ၀ တစ်ခု ကို ပုံဖော်ကျူး ထားတဲ့ကဗျာ … ကျွန်တော် နှစ်သက် ဖတ်ရှုသွားပါတယ်

commentinfo By: အသဲကွဲ မိုး at Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment