Professional Authors

ပဲ့ တင် သံ တွေ ရှိ တဲ့ အ ရ ပ် မှာ ငါ နေ တယ် . . . အန် ဂျ လာ ( ၂ )

(၁)

ငါဟာ ရေတံခွန် တစ်ခု ဖြစ်တယ်
ကိုယ့် အရှိန် ကိုယ် မထိန်းနိုင် ဘဲ
ချောက်ထဲကို ကမူးရှူးထိုး ထိုးချပစ်လိုက်တယ်
အတိမ်အနက် မသိ
ပမာဏ မသိ
ပကတိ ရိုးသားမိပါသည်

အသည်းကွဲ သွားခြင်း မဟုတ်ပါ
အစပင် ရှာ၍ မရခြင်းသာ ဖြစ်၏
မြို့ ပြနီယွန်မီးတိုင်အောက်က
ဂျစ်ပစီများကဲ့သို့ ပင် တွေးမိသည်
အရက် နှင့် ဂစ်တာ ရှိလျှင် ပြည့်စုံ၏

(၂)

လူ အများ ကြားတွင်
အထီးကျန်ကာ နေတတ်နေပြီ
အတိတ်ဆိုတာ
ငါ မနိုင်ဘဲ ကြိတ်မှိတ် မျိုချရတဲ့ အရက်တစ်ခွက်
အသွေးအသားထဲထိ မူးတယ်

ဆရာတာရာမင်းဝေလို ကဗျာ မရေးတတ်ပါ
မီးတောက်ရစ်သမ် ကိုဖတ်ပြီး
ကိုယ့်ကိုယ်ကို ပြန်ရေးဖူးပါသည်
ခြေရာတွေ ဖျက်ဖို့ ကြိုးစားသည်
ခြေရာတွေ ထပ်ကာ ထင်လာပါသည်
ခြေရာတွေအတိုင်းသာ ဆက်၍လိုက်သွားပါတော့မည်

(၃)

စာမျက်နှာ ၅၂၈ တွင် ရှိသည်
လှန်မဖတ်ပါနှင့်
မျက်ရည်ယိုဗုံးနှင့် တူသည့် အတိတ်တွေ ရှိသည်
ကဗျာစာရွက်ကို အိတ်ထဲခေါက်ထည့်လိုက်ရုံနှင့်
အတိတ်တွေ ခေါက်ရိုးကျိုး မသွားပါ

ကိုယ့်ကိုယ်ကို
လွတ်မြောက်သွားပြီ ဟု တွေးတိုင်း
လွတ်မြောက်မှုများက ချုပ်နှောင်ကြသည်
မီးပုံးပျံတစ်ခု၏ အိပ်မက်ဆိုးတွင်လဲ
မှိုင်းတိုက်ခံရဖူးသော ရာဇ၀င် ရှိသည်

(၄)

ပြန်မဆုံနိုင်တော့ပြီဟုတွေးတိုင်း
၂၀၁၀ ကို အလည်သွားဖြစ်သည်
အရင်လို မနွေးထွေးတော့ပါ
အိပ်မက်တွေ လိုက်ဖမ်းဖြစ်သည်
သို့ သော် . . . မိုးမလင်းခင် ပျောက်ကွယ်သွားကြ၏

သူမသည်
ရာသီတွေ ပြောင်းပေးတိုင်း
ဖူးပွင့်လာမည့် ပန်းတစ်ပွင့် မဟုတ်
ထို့ ကြောင့်
စိတ်ကူးထဲတွင်သာ
ဥယျာဉ်တူး၏
ပျိုး၏
ခူး၏
အရင်လို သူမကို မငိုဖို့ မတားတော့ပါ
သူမ နှင့် အတူ လိုက်၍ ငိုပါမည်

(၅)

ကျွန်ုပ်သည်
သူမ နှစ်နှစ်နီးပါ အချိန်ယူ၍ ရေးသားခဲ့သော
ကဗျာတစ်ပုဒ်ဖြစ်သည်
” သူငယ်ချင်းလို့ ပဲ ဆက်၍ခေါ်ပါမည် “ ဟု
သူမ အမည်ပေးထား၏
အစီအစဉ်များသည်
စနစ်တကျ
နေရာတကျ
ကံကြမ္မာ၏ သပ်ရပ်လိုက်ပုံများ

အခုနောက်ပိုင်း
အရက် မသောက်ဖြစ်တော့ပါ
အရက်ကသာ ကျွန်ုပ်ကို သောက်၏
မေ့ပစ်ဖို့ ကို မေ့ထားခဲ့၍
သတိရစရာများသည်
အလည်အပတ်ရောက်လာကြလေသည်
သူမ နာမ်စားလေးကိုသာ
အော်ခေါ်လိုက်မိသည်
ပဲ့တင်သံများသာ ပြန်လာ၏

(၆)

မှတ်မိသည် . . .
သူမ သိပ်နှစ်သက်သော
shirt အင်္ကျီလေးပေါ်တွင်
သူမ ငိုဖူးသည်
သူမ မျက်ရည်များနှင့် ရွှဲဖူးသော ရင်ဘတ်ဖြစ်သည်
နောင်တ က လွဲရင် ဘာမှ မရှိတော့သော ရင်ဘတ်ဆို လျှင်
ပို၍ မှန်ပေလိမ့်မည်

လမ်းပျောက်သွားခြင်းဖြစ်မည်
ဧကန်မုချမလွဲ
နှလုံးသားကိုခတ်သော
မျက်ရည်၏ ကျိန်စာပေလော

ကျွန်ုပ်၏ မျှော်လင့်ချက် (သို့ ) အိပ်မက် ဟူသည်
နဖားကြိုး ထိုးခံလိုက်ရသော စိတ္တဇ နာမ်များသာ ဖြစ်၏
ရင် နှစ်ခြမ်း ဖြန်းဖြန်းကွဲအောင် ကပြီးမှ
မင်းသား ပေါ်လာခဲ့ပေသည်

ကိုထီး၏ သီချင်းကဲ့သို့ ပင်
ရင်နာစရာ၏ အခြေခံသည်
သူမ ပင် ဖြစ်ပေတော့၏

(၇)

သူမသည် ကျွန်ုပ်၏
မျက်ရည်ခလုတ်ဖြစ်သည်
ထိုမျှမက
သူမသည်
ဂျိုကာအား ငိုစေနိုင်သော
မန္တန်တစ်ပုဒ်လည်းဖြစ်၏

အဘယ်နတ်ဘုရားထံတွင်
တောင်းခံရပါမည်လဲ
ခံနိုင်ရည်မွေးဖို့ 
ရင့်ကျက်ခြင်းကို ပေးသနားတော်မူပါ

တစ် . . .
နှစ် . . .
သုံး . . .
အနက်ရှိုင်းဆုံး ထိုးဆင်းပစ်လိုက်သည်
ကောက်ရိုးတစ်မျှင်အား မမျှော်ဝံ့တော့ပေ
လရောင်ခြယ်သော သူမ၏ အိပ်မက်အား
တိမ်ညိုတိမ်ပုပ်တို့ ဖြင့်
မနစ်မွှန်း စေလို တော့    

(၈)

ကျောက်ဆစ်သမား အိပ်မက်ကို
ဆက်မမက်ချင်တော့ပါ
သူမ၏ ပုံရိပ်ဖြင့်
ထုဆစ်ပုံဖော်ထားသော
ကျွန်ုပ်၏ နှလုံးသားအား
နိုးကြားလည်ပတ်ခွင့် ရစေလိုသည်

သူမ သိပ်ကြိုက်ဖူးသော ၀တ္ထုတစ်ပုဒ်လိုပင်
သမုဒယတွေ နွေတစ်ရာ ခဲ့ပေပြီ
သမုဒယတွေ နွေတစ်ရာ ခဲ့ပါပြီကော  

(နိဂုံး)

အလွန်ရယ်ရသော ဟာသ တစ်ပုဒ်ဖြစ်၏
မင်းသမီး နှင့် ဗွီလိန်တို့ 
အလွန်ပင်ချစ်ခဲ့ကြသည်  ၊၊             ၊၊

လမင်းဇော်
[email protected]

In: ကဗျာ Posted By: Date: Jun 7, 2012
Comment #1

ကောင်းလိုက်တဲ့ ခံစားမှုနဲ့ အရေးအသား
ကျွန်တော် နှစ်ခြိုက် အားရစွာ ဖတ်ရှု ခံစားသွားတယ်ဗျာ
..
တကယ်…လက်ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Jun 7, 2012
Comment #2

ကိုလမင်းဇော်….
…ကောင်းလိုက်ဗျာ….နိဂုံးကလည်း…မိုက်တယ်နော်

commentinfo By: poem.poem28 at Jun 7, 2012
Comment #3

မမိုး နဲ့  Poem.poem28 တို့ကို ကျေးဇူးတင်ပါတယ် . . . .

commentinfo By: Lamin Zaw at Jun 7, 2012
Comment #4

excellent writing.

commentinfo By: ei lay at Jun 7, 2012
Comment #5

ကျွန်တော်လဲ အရက်သိပ်မသောက်ဖြစ်တော့ဘူး။ အရက်ကိုလဲ ကျွန်တော့်ကို သောက်ခွင့် သိပ်မပေးနိုင်တော့ဘူး။ ကျွန်တော့်ကိုယ်စား ခင်ဗျားကဗျာတွေကို အရက်သောက်ခွင့် ပြုလိုက်ပါဗျာ။ ကျွန်တော်တို့နှစ်ယောက် ကိုယ်စားပေါ့ ။ ။

ခင်တဲ့
မိုးလူ

commentinfo By: Moe Thit at Jun 7, 2012
Comment #6

ကျွန်တော်လဲ အရက်သိပ်မသောက်ဖြစ်တော့ဘူး။ အရက်ကိုလဲ ကျွန်တော့်ကို သောက်ခွင့် သိပ်မပေးနိုင်တော့ဘူး။ ကျွန်တော့်ကိုယ်စား ခင်ဗျားကဗျာတွေကို အရက်သောက်ခွင့် ပြုလိုက်ပါဗျာ။ အဆင်ပြေမယ်ဆိုရင်ပေါ့ …… ပိုက်ဆံချေးစရာမလိုပါဘူး။ ။

ခင်တဲ့
မိုးလူ

commentinfo By: Moe Thit at Jun 7, 2012
Comment #7

စကားလုံးကော….ကဗျာရဲ့ဟန်ချက်ကော..ဆက်စပ်မှု့ကော
ရွေးချယ်ပြစရာမရှိအောင်ကောင်းတယ်….လမင်းဇော်ရေ….
အားပေးတယ်ကွာ….ဆက်ကြိုးစား

commentinfo By: terry at Jun 7, 2012
Comment #8

အားလုံးကို ကျေးဇူး တင်ပါတယ် . .

commentinfo By: လမင်းဇော် at Jun 7, 2012
Comment #9

🙁 T_T

commentinfo By:ု့khaing at Jun 17, 2012
Comment #10

ထိရှလွန်းစွာနဲ့  ကျနော်ရှဲ သွားတယ် ….ကျေးဇူးပါ
ကဗျာကောင်းကိုဖတ်ခွင့်ရလို့ 

commentinfo By: sharon myorr myor at Aug 5, 2012
Comment #11

အန်ဂျလာ….ကျွန်တော့ရင်မှာ မှတ်ကျောက်တစ်ခုတိုးသွားပြန်ပြီ ကိုလမင်းဇော်

လေးစားလျက်

13th

commentinfo By: နိုးဆက် နေ့ at Nov 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment