Professional Authors

ငါ့သမိုင်း ငါ့ရင်ခွင် ငါ့အပြစ်တွေပါ

 
ငါ့သမိုင်း ငါ့ရင်ခွင် ငါ့အပြစ်တွေပါ

ပန်းကလေးတွေ ပွင့်တိုင်း လှနေပါရဲ့
ပန်းပန်ခွင့်လည်း ရှိခဲ့ပါရဲ့
ချစ်သက်ချွေ မြေမှာလူးတော့
သခင်ရင်ခွင်ထက်က တမျိုးလှတဲ့
သဇင် ခတ္တာ တော်ဝင် ကံကော်ပန်းတွေရဲ့
ရနံ့တွေနဲ့ အဆင်မပြေတဲ့ တနေ့နေ့မှာ
နှလုံးသား နည်းပညာရပ်ဝန်းက
ပန်းကလေးတွေကို မုန်းလာမိတယ်…။

မေတ္တာပန်းကလေး လန်းနေပါရဲ့
သစ္စာပန်းကလေး လှနေပါရဲ့
ခေတ်တစ်ခေတ်ရဲ့ ပန်းတစ်ပွင့်ဖြစ်ခဲ့ပါရဲ့
လေလွင့်မြေခခဲ့ရတာ နှစ်တွေချို့ခဲ့သလို
အချိုအဆိမ့် မသိသေးတဲ့ သမိုင်းတစ်ပုဒ်ထဲ
သကြားလုံးတစ်လုံးကို လျှာပေါ်ကို တင်မိနေဆဲ
ခဏတာ အတိုင်းပမာဏရှိတဲ့ နာရီလက်တန်က
ဝါးမျိုသွားတော့ အချိုအဆိမ့် ပျောက်ခဲ့တယ်လေ…။

လိုချင်များလွန်းလို့ ကိုင်ဆွဲလာတဲ့
ခြင်တောင်လေးတောင် ပြည့်မောက်လို့
ဟိုကပေါက် ဒီကပေါက် နေရောင်အောက်မှာ
နွမ်းခြောက်ခြောက်နဲ့ ရောင်းသူကလည်း ရောင်း
ဝယ်သူကလည်း ဝယ်လို့ အမောစို့နေတဲ့
ဆိုင်ရှင်အတွက် မော်ဒန် ဝိုင်တစ်စိတ်နဲ့
ကာလာရောင်စုံ ချိတ်နေခဲ့ပြီလေ…။

မနက်ဖြန် နေရောင်ခြည်ကို စောင့်မျှော်ရင်း
အတိတ်အရိပ်တွေကို တွေဝေငေးငိုင်လို့
ပစ္စုပ္ပန်မှာ အိပ်ဆေးတစ်ခွက်နဲ့ မေ့ပျောက်ချင်သော်လည်း
စိတ္တဇတစ္ဆေခြောက်သလို အိပ်မက်တွေကို ဆက်မက်မိခဲ့
မကြာခင် သွေးကြောပျက်တော့မည့်
စက္ကန့် နာရီတွေထဲ သွေးခုန်နှုန်းက
မှတ်တိုင်ပျောက်နေဆဲ…။

မခံစားချင်ဘူး ငြင်းဆိုခဲ့ဘူးတယ်
မချစ်တက်ခဲ့ဘူး ပြောခဲ့ဖူးတယ်
အနိုင်အရှုံးအတွက် အချိုတစ်ခွက်လို လောင်းချဖူးတယ်
စွယ်တော်ရွက်ကို ခေါင်းအုံးအောက်မှာ ထားအိပ်ခဲ့ဖူးတယ်
ချစ်သူများနေ့ရက်ကို မသိခဲ့ဖူးတဲ့
အထီးကျန်နေ့ရက်တွေနဲ့ ဘဝကြင်ဖော်ကို မေ့ခဲ့ဖူးတဲ့
ဒီနေ့ရက်တွေထဲ ကာရံတွေကို ဖွဲ့နွဲ့ရင်း
လမိုက်ညတွေကို ကျော်ဖြတ်လို့
တကိုယ်တော် သီချင်းတွေ ဟစ်အော်ခဲ့တာ
နှစ်တွေ ခါးသီးလို့ နေဝင်နေ့ရက်တွေကို
ငါ့ဘဝ ငါ့နန်းရင်ပြင်မှာ ဆည်းဆာအလှနဲ့ နိဂုံးချုပ်ခဲ့ရပြီလေ….။

 
 
တက္ကသိုလ်မြတ်မင်း
In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

မခံစားချင်ဘူး ငြင်းဆိုခဲ့ဘူးတယ်
မချစ်တက်ခဲ့ဘူး ပြောခဲ့ဖူးတယ်
အနိုင်အရှုံးအတွက် အချိုတစ်ခွက်လို လောင်းချဖူးတယ်
စွယ်တော်ရွက်ကို ခေါင်းအုံးအောက်မှာ ထားအိပ်ခဲ့ဖူးတယ်
………………………………..
နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Feb 16, 2012
Comment #2

တပုဒ်လုံးကို ကြိုက်တယ် ကိုမြတ်မင်း

commentinfo By: kantkawmg at Feb 16, 2012
Comment #3

ကဗျာကောင်းလေးပဲဗျာ…
နှစ်သက်သွားပါတယ်…

commentinfo By: poem.poem28 at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment