Professional Authors

ခါနွေဆန်းတော့ လွမ်းမိတယ် (မင်းသုဝဏ်)


 ဆရာမင်းသုဝဏ် စပ်ခဲ့တဲ့ ဒီကဗျာကို အားလုံးလိုလို ကြားဘူးနားဝ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီ Poems Corner မှာ

မှတ်တမ်းတခုလို ကျန်စေချင်တဲ့ စိတ်နဲ့ (မှတ်ထားခဲ့တဲ့ သတ်ပုံအတိုင်း) တင်ပေးလိုက်ပါတယ်။

 

 

ဆန်းစခါနွေ၊ သာတပေါင်းမို့၊ ညှာညောင်းကြွေ – ပြေပြေရောရု၊ မြအသွေး ရွှေရေးလုလို့ – ရတု အညီ၊  မြေသို့သက်တဲ့ ရော်ရွက်ရီကို၊ ပလီပလာ – တီတာတာ သည်ခါဓလေ့၊ နွေအကူး – လေရူးဝှေ့တော့၊ ကွေ့ကွေ့ ဝန်းဝိုက်၊ ရွှေကြောင်ဘား – မြီးဖျားလိုက်သို့၊ မြိုင်တိုက်စုံယံ – ရွက်ဟောင်း ပျံသော်၊ ရွှေခြံဂါမ – ကျွန့်ဌာနကို – မှန်းဆလို့တွေး၊ မိဘနှစ်ပါး – ဆွေအများကို – လွမ်းအားနဲ့ ဆွေးမိပေါ့။ ။

 

မအေးနိုင် မရွှင်နိုင် – ဒီရာသီ လတပေါင်း – ကြက်ဆောင်းသို့ တိုင်သောခါ၊ တလှိုင်လှိုင်ပေါ – မြိုင်တကြော – တောစပယ်ဖြူ၊ ဝတ်မှုံကျင်းတဲ့ – သင်းကြူကြူကို၊ လေချူသို့ လွှင့်၊ ပန်းထုံတဲ့ လေချိုမှာ – ရွှေချိုးပျို ကူသံဆင့်ပေလိမ့်။ ။

 

မြိုင်မြင့်စုံခြေ – ဆာဝေဝေ – ရွှေကသစ်ပန်း၊ ကောဝိလာငယ် – တျာတျာရင့် လန်းကာပ၊ ပင်နန်းထက်ယံ – ဆက်ရက်သံ – ကြွက်ညံ ကြော်ကျွေး၊ မ-ဖို ပျော်ပျော် – တူနှစ်ဖေါ် – ထူးခေါ်ကာ မေးကြသနှင့်။ ။

 

ကွေးကွေး ကျစ်ကျစ် – ဖူးပုရစ်လဲ – ဖြေလှစ် စင်စင်၊ စုံတခွင်ဝယ်၊ မြရှင် ရွက်ဦး၊ လုပ်လဲ့ လုပ်လီ – လေအချီ – ဟိုဒီညွတ် မြူးစဉ်မှ၊ ကြည်နူးစဖွယ် – တောအဆွယ် – သူငယ် နွားကျောင်း၊ ညောင်ညို မှိုင်းချိပ် – ပင်ပျိုရိပ်မှာ – အသာအိပ် လျှောင်းကာပ၊ ချောင်းချောင်း ပူလျှံ – သူရကန် – တဆံမမှု၊ ဝါးပုလွေတို – ရောင်စိုစိုကို – လေချိုနှင့် ညုရာက၊ ရွာသူ့ဓလေ့ ရှိုအကွေ့ ပျိုမေ့သူဇာ၊ ထင်းခွေ – မျောက်တူး – ကြိမ်ညွန့်ဖူး – သူအခူး လာရာတွင်၊ သာသာ အေးအေး – မ သံပေး – ဆိုတေးသံ ငြာတော့ကို၊ ချာကနဲပင်၊ မောင်ဂေါပါလ – ငေါက်ငေါက်ထ၊ ရှိုဝသို့ ဝင်လို့ – “ရှင်မိဒွေးညို – တုတ်စိုစိုရယ်၊ ဟိုတနေ့ည – ဖ ခေါင်းချမှာ – ရှင်မတို့ တဲ၊ နွားရုံတခို – ဗူးစင်ပျိုမှာ – ရွှေစွန်ညို ဝဲပါလျက်ကနဲ့၊ မထွက်မပေါ်၊ မဒွေးငယ် အရွဲ့တိုက်လို့၊ မိုက်လိုက်ပုံ တော်ရော့လ၊ ကျော်ကျော် ကြားကြား – မဒွေးသား ခါးခါး အံအံ၊ ပင်လယ်ယံမှာ – ရေငန်နှင့်ဆေး၊ ငယ်ကချစ်တဲ့ – ဆံရစ်မေကို – ဟောဒီဖေ လွေးမှာပေါ့” ဟု၊ အေးအေးဖြူးဖြူး၊ တောစရိုက်နှင့် အလိုက်သင့် နှူးသည်ကို၊ စိတ်ကူးတွင်သာ မြင်ပါရ – ဘယ်ခါကာလ၊ ကျွန့်ချက်မြှုပ်တဲ့ – တောအုပ်ညိုမှာ – ကိုယ်တိုင် မြင်ရပါမတုံး။ ။

 

လျလျ နွမ်းနွမ်း၊ တ – လို့သာ မှန်းရတော့၊ ထွက်လမ်းမမြင်၊ ဒဂုန်ခွင်၊ မရွှင်နိုင်အား၊ ခေါင်းလောင်းမချို – တက္ကသိုလ်ဝယ် – နေညိုချိန်များမှာတော့၊ အင်းလျား ရတနာ – ကန်တော်သာမှာ – ပြာပြာ လဲ့လဲ့၊ လှိုင်းဗောင်ဗင် ဖွဲ့တော့ကို၊ မိခင်ရဲ့ သားပျိုမှာ၊ အလိုလို ရင်ဖိုလေးကာပ၊ ဆွေးမိတော့တယ်။ ။

 

ဝေးနယ်ရပ်ကွာ – ကျွန်တို့ရွာမူ – ခုခါကာလ တပေါင်းကျက၊ မြမြမိုမို – အုန်းညိုညိုမှာ – ကြည်ချိုသာမော၊ ရွှေဥဩလဲ၊ တတောလုံးစင် – ထပ်မဲ့တင်နှင့်၊ လွင်လွင်အေးအေး – ရင့်ရူကျွေးလိမ့်။ ။

 

နယ်ကျေး ဟံသာ၊ လွမ်းကာကာငယ်၊ ပြန်ပါမည်တင်း၊ သေတ္တာကိုပြင် – ဖါကိုငင် – စာစင်ကိုရှင်းပြန်တော့၊ ထောင့်တွင်းမှာကြည့်၊ ကျွန့်စိတ်ကြံ – အရင်ဦးပါလို့၊ တင်ကူးကာ သိရော့ထင့်၊ ညှိုးလိလိ – နွမ်းခွေခွေ၊ စိမ့်မျက်ရည် တဝေဝေနှင့်၊ ရွှေဘောင်မှန်သွင်း – ဓာတ်ပုံတွင်းက၊ မောင်မင်းကြီးသား သူငယ်ချင်းရယ် – အတင်းကွယ် – မင်းဘယ်ကြောင့် တားသလဲ၊ မင့်းမှာတော့ ရပ်ကြီးသား၊ ဒဂုံမှာ ဆွေအများနှင့်၊ ပျော်ပါးလို့ နေနိုင်ငဲ့၊ မြိုင်ချေက ဒီငချာမှာ၊ မင့်းမျက်နှာ တရွာမှတ်ပါလို့၊ ခိုကပ်မှီဝဲ – ပျော်မည်သို့ ခဲသော်လဲ၊ တကတဲလေ — သူရိယာ အနောက်စောင်းပါလို့၊ ခေါင်းလောင်းသံ ဝေမှဖြင့်၊ မနေနိုင်၊ မထိုင်နိုင်၊ တားမနိုင် – ဆီးမနိုင်၊ ခပ်ထွားထွား စတိုင်နှင့်၊ ကားပိုင်ကြီး စီးတဲ့လို့၊ ခရီးသုတ် နှင်တော့တယ်၊ နောင့်မှာတော့ အထီးကျန်၊ ကျောင်းဆင်းလို့ – မင်းပြန်ရင်၊ ဟန်မရ – ထိန်းမရ၊ သက်မကြီး ပြင်းပြင်းချလို့၊ ခန်းဝမှာ ငိုင်တိုင်တိုင်၊ ခြေလက် ပစ်ထိုင်တဲ့ပြီး၊ မှိုင်တာနဲ့ ကိစ္စတုံးရော။ ။

 

အလိုလေး၊ အလိုလေး၊ မင်း ဘယ်ကိုပြေးသလဲ၊ ထောင့်ထဲမှာ မြင်ရတဲ့၊ မင့်းရူပ ကိုယ်စားလယ်၊ မင့်းလိပ်ပျာ ပျိုရွယ်ရွယ်ကို၊ တကယ်ဆတ်ဆတ်၊ မြင်ရသည် မှတ်သော်လဲ၊ စိတ်ဓာတ် လှဲ့စား၊ ဒုက္ခများ၊ ရုပ်ကား မရှိ၊ စိတ်ထဲမှာ အတွင်ကူးပြီး၊ ရူးလိုက်ပဘိတော့လေး။ ။

 

(၁၉၃၀၊ တက္ကသိုလ်ကျောင်းတိုက် နှစ်လည်မဂ္ဂဇင်း)

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Feb 13, 2012
Comment #1

မျှဝေပေးတာကျေးကျေးပါ…….

commentinfo By: May Kha at Feb 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment