Professional Authors

သမင်လည်ပြန်

“သခင်သည် ကျွန်ုပ်၏နေဘုရားဖြစ်ခဲ့သော် ကျွန်ုပ်သည် သခင်ပျော်သော ထိုနံနက်ခင်း၏ “သမင်မလေး” သာဖြစ်ခွင့်ရလိုပါ၏။ သခင်ပေးခြုံလွှမ်းသော ရောင်ခြည်အပေါင်းတို့သည် ကျွန်ုပ်ကိုယ်ပေါ်တွင် အတိုင်းအဆမရှိ ရွှေရည်ယိုဖိတ်လျှက် ဘ၀င်စိတ်ကြည်နူးခွင့် ရလိုပါ၏။ သခင်သည် ကျွန်ုပ်၏လဘုရားဖြစ်ခဲ့ပါမူ ကျွန်ုပ်သည် သခင်ပျော်သော ထိုညခင်း၏ “ယုန်မလေး” သာဖြစ်ခွင့်ရလိုပါ၏။ အကယ်၍သာ ညိုရီနေရိပ် ညခင်းတိတ်အောင် သခင်ဆိတ်ကွယ်ခဲ့သော် ညှိုးရော်နွမ်းလျ တမ်းတစိတ်နှင့် ဆုတောင်းမြိုသိပ် ငိုအိပ်ခွင့်သာ ရလိုပါ၏။”
ဆုတောင်းသံတို့သည် တိုးတိတ်ပျံ့လွင့်လျှက် အမှောင်တွင်းသို့ နစ်ဆင်းသွားသည့်နှယ် ……. ဝိညာဉ်ဆိုးများက တစ်လောကလုံးအား လှည့်စားရန် မုသားကို အသက်သွင်းချိန်တွင် ကျမကတော့ ယဉ်ကျေးမှုများကို စိတ်လိုလက်ရ ခင်းကျင်းနေမိသည် …. ရိုးသားစွာ ခင်းကျင်းမှုအပေါ် သောမနဿ မဖြစ်တတ်သော အလိုမပြည့်သူများအတွက် အားနာသမှုဖြင့် တစ်ခုမကျန် ခေါက်သိမ်းခဲ့ရုံသာ ရှိတော့သည်…. အာရုဏ်ဦးတွင် မှော်ပန်းများပွင့်သောအခါ မြေကြီးနှင့်ပင်လယ်တို့သည် ကျမအတွက် အမင်္ဂလာပင် …. ဂတိနိမိတ်သဘော မစောကြောမိ၍ သောကငြှောင့်ဗျာပါတွေ မာန်ဖီပြီးဝင်လာလေပြီ …. ခွာကွဲသော်လည်း မသန့်ရှင်းသော ၀က်၏နှာခေါင်းဖျားက ရွှေတန်ဆာတို့ကား ရွှံ့အလူးလူးဖြင့် ၀င့်ကြွားနေလေဟန် ….. ဒွိစုံသဘောတရားမှာ မပျော်ဝင်ချင်တော့သော မီးခတ်ကျောက်ပမာ ကိုယ့်ဂုဏ်သတ္တိကို ချိုးနှိမ်ထား ပစ်လိုက်သည် ….. သဒ္ဒါအချိုးမကျသော စာတိုပေစများကား ပင်လယ်သေထဲမှ စာလိပ်များလို စုန်းစုန်းမမြုပ်နိုင်ကြတော့ ….. တစ်နေ့တခြား တိုးလာတော့မယ့် အရေးအကြောင်းတိုင်းဟာ သခင့်ရဲ့ ပယောဂနှင့် ကင်းဟန်မတူကြပေ …. ညွှတ်နူးသောစိတ်အလျဉ်ဖြင့် သခင့်လက်အစုံကို နှုတ်ခမ်းထက်မှာ ဂါရ၀ပြုချင်စမ်းပါဘိ ….. စိတ်အကွယ်တစ်ချောင်မှာ ကမ်းလင့်မိတဲ့ လက်အစုံက ဆေးရောင်စုံတွေကြား လက်သည်းခွံလေးတွေ မရှုမလှ ….. အညှိုးတကြီး ကောက်ကွေးတတ်လာသော ဆံနွယ်တွေကိုမှ ၀က်မျှင်ဘီးက မခိုးမခန့်လေဟန် …… ရွှံ့ပုပ်လေး တစ်စက်သာဖြစ်ပါစေ သခင် …… စင်ကြယ်သူအဖို့မှာ သူ့ကျီဆယ်မှုဟာ နှလုံးနာရစမြဲပါ ….. အလေ့မတူတိုင်းလည်း တွေ့သူရန်သူ မထင်တတ်သူပါသခင် ….. အဖျက်အမှောက်တိုင်းမှာ မချိတင်ကဲမာယာတွေ ဘယ်ရွေ့ဘယ်နှုန်း မတိုင်းတာမိခဲ့သူမို့ ….. ဘုရားသခင်ပဲ သိပါစေ ….. ဘုရားသခင်ပဲ တွေ့ပါစေလေ ….. မှော်ပန်းတွေ မတုံးသရွေ့တော့ သခင်နဲ့ကျမ ဘ၀ကို မေထုန်မဲ့ နွယ်တစ်ကြိုးနဲ့သာ တစ်ညပြီးတစ်ည ယှက်တိုးရစ်ပတ်ထားကြစို့ရဲ့ …..

In: ကဗျာ Posted By: Date: Jan 28, 2012
Comment #1

မှော်ပန်းတွေ မတုံးသရွေ့တော့ သခင်နဲ့ကျမ ဘ၀ကို မေထုန်မဲ့ နွယ်တစ်ကြိုးနဲ့သာ တစ်ညပြီးတစ်ည ယှက်တိုးရစ်ပတ်ထားကြစို့ရဲ့ …..
great poem

commentinfo By: အသဲကွဲမိုး at Jan 28, 2012
Comment #2

တော်တော်နူးညံ့တဲ့မထိရက်စရာလေးပါဗျာ

commentinfo By: rocker at Jan 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment