Professional Authors

ကြိုးစင်တက်တဲ့နေမင်း (သက်ထွေး)

လမင်း
ခြေရာခံပြီး
ပျောက်သွားခဲ့
တစ်ကယ်တော့
မျက်ရည်သောက်ပြီး
မှောက်တဲ့ကောင်ဆိုလို့
ငါတစ်ကောင်ပဲ ရှိတယ်။

ခေါင်းစဉ်တို့
လမိုက်ညမှာ ပြန့်ကျဲ
မိုးလင်းပြီ
ဟေ့ကောင်
အမည်နာမ တစ်ခုအတွက်
မျက်နှာသစ်ကြရအောင် ။

ထမင်းကြော်တစ်ပွဲ
လက်ဖက်ရည်တစ်ခွက်နဲ့
ခန္ဓာကိုယ်တို့အား
လှုံ့ဆော်ခဲ့
မနက်ဆိုတဲ့နွံထဲကို
သိသိကြီးနဲ့
ကျုပ်စ ဆင်းခဲ့ပါတယ်။

လှုပ်ရင်း
မြုပ်ရင်းနဲ့
ဘဝဆိုတာကြီးကိုလဲ
ထုတ်ရင်းခဲ့ပါတယ်။

အရီအပြုံး
မကွဲပြားတဲ့
မျက်နှာဖုံးနဲ့
လူတစ်ချို့
ကျုပ်ဆီ လာငိုကြတယ်။

အဆင်းမရှိတဲ့
လှေကားတစ်စင်းထွင်ဖို့ပဲ
ကျုပ်ကလဲ
စိတ်ဝင်စားတယ်။

လေတိုးလိုက်
တိမ်ပျိုးလိုက်ပေါ့
ကန္တရမှာပေါက်တဲ့ ကြာက
ဆူးလို့ အမည်တွင်တယ်တဲ့လား။

အပိတ်မရှိတဲ့ တံခါးတစ်ချပ်ကို
သော့ခလောက် ချည်ထားခဲ့
ဖွင့်ဟ ဝန်ခံခြင်းဟာ
ပိတ်လှောင်ခြင်း
အမည်မတွင်လောက်ပါဘူး။

ပြောရင်းဆိုရင်းနဲ့ပဲ
အာဏာလွှဲအပ်ဖို့
ဝန်လေးနေတဲ့
နေမင်းလဲ
နောက်ဆုံးးတော့
ကြိုးစင်ပေါ်တက်ခဲ့ ရတယ်။

သက်ထွေး
၂၆ ၊ နိုဝင်ဘာ ၊ ၂၀ဝ၇
ည ၅း၅၂

In: ကဗျာ Posted By: Date: May 21, 2010  
Comment #1

ဒီကဗျာလေးတော်တော်ကြိုက်တယ်..အကို..
ဘာတဲ့ မျက်ရည်သောက်ပြီးမှောက်တဲ့ကောင်တဲ့
စကားလုံးတွေအရမ်းလှတယ်….ဒါနဲ့ အကို့မှာ
ကိုယ်ပိုင်ဘလော့ဂ်ရှိပုံရတယ်..လင့်ခ် လေးရနိုင်မလား…

commentinfo By: အမရာ at May 21, 2010
Comment #2

@အမရာ

ကဗျာကြိုက်တယ်ဆိုတဲ့ အတွက် အထူးကျေးဇူးပါ။ ကျွန်တော် ဘလော့မရေးဘူးခင်ဗျ။ ကျွန်တော် poemscorner မှာမွေးပြီး ဒီမှာပဲနေပါတယ်။ ကျွန်တော့် ကဗျာအားလုံးနည်းပါး ဒီမှာရှိပါတယ်။ တစ်ချို့အဟောင်းတွေတော့ မရှိသေးဘူး။ အမလင့်ချိတ်ချင်တယ်ဆို .. ဒီ url ကနေချိတ်လို့ရပါတယ်။

https://www.poemscorner.com/author/thet-twe

Feed လိုချင်တယ်ဆိုရင်တော့

https://www.poemscorner.com/author/thet-twe/feed

commentinfo By: Thet Twe at May 21, 2010
Comment #3

မ၇မ်းကောင်းတယ်ဗျာ

commentinfo By:ိမင်းမင်း at May 21, 2010
Comment #4

အဆင်းမရှိတဲ့
လှေကားတစ်ဆင်းထွင်ဖို့ပဲ
ကျုပ်ကလဲ
စိတ်ဝင်စားတယ်။

ပြောရင်းဆိုရင်းနဲ့ပဲ
အာဏာလွှဲအပ်ဖို့
ဝန်လေးနေတဲ့
နေမင်းလဲ
နောက်ဆုံးးတော့
ကြိုးစင်ပေါ်တက်ခဲ့ ရတယ်။

(ကြိုက်တယ်ဗျာ ဒါမျိုးလေးတွေ ကိုလည်း အရမ်းမျှော်လင့်မိပါတယ်)

စကားချပ်။ ။ ခင်ဗျား ကဗျာတွေ မဂ္ဂဇင်းတွေမပို့ဘူးလား။ ပြည်ပမှာနေမယ်ဆိုရင်တော့ ကူညီပြီးပို့ပေးချင်ပါတယ်။ ကျွန်တော့် အီးမေးက [email protected]
ပါ။

အငွေ့။

commentinfo By: Angwei at May 21, 2010
Comment #5

ဒကာကြီး လွယ်လွယ်ပြောရရင် လွတ်ကြိုက်ပေါ့ဗျာ..ဘာတဲ့ နောက်ဆုံးတော့ ကြိုးစင်တက်ခဲ့ရတယ် ဟုတ်လား..

commentinfo By: zanyboy at Jun 25, 2010
Comment #6

ကိုသက်ထွေး..ကဗျာရေးတာအရမ်းတော်တာပဲ..အားလုံး..ကောင်းတယ်…..အားကျတယ်

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #7

အမည်နာမ တစ်ခုအတွက်
မျက်နှာသစ်ကြရအောင် ။
ကန္တရမှာပေါက်တဲ့ ကြာက
ဆူးလို့ အမည်တွင်တယ်တဲ့လား။
အပိတ်မရှိတဲ့ တံခါးတစ်ချပ်ကို
သော့ခလောက် ချည်ထားခဲ့….
အာဏာလွှဲအပ်ဖို့
ဝန်လေးနေတဲ့
နေမင်းလဲ……
ကြိုးစင်တက်ခဲ့ ရတယ်။ …နိမိတ်ပုံ ကိုယ်စား ပြု စကားလုံးတွေ အားကောင်း
ထိမိလွန်းတယ် ဗျာ …..တော်ရုံ မစဉ်းစား နိုင်တဲ့ အဖွဲ့ မျိုးပါ….

commentinfo By: သျှင် ငြိမ်း ချမ်း at Jan 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment