Professional Authors

၂၀၁၂ – သို့ …

၂၀၁၂ – သို့ …

“ကောင်လေး မိုက်တုန်းပဲလား …”
ပိတ်ဖြူပတ်ထားတဲ့ကြောင်ကြီးတွေရဲ့အမေး
ခပ်အေးအေး အပြုံးနဲ့ အမေ
အဖြေထဲက အငွေ့တချို့
“ခြင်္သေ့ မို့ပါ…”

အပြုံးတု နွမ်းလျလျနဲ့
အန္ဓစစ်တွေရဲ့ ဇရပ်ပျက်က
ခပ်အက်အက် အသံ …
“ဟိုနိုင်ငံမှာ လေ …”

မုဆိုးတွေ တင်မြှောက်တဲ့ အသံ
သူသေငါရှင် ဂန္ထဝင် ဆုတောင်း
“ဘေးရန်အပေါင်း ဖဲကျဉ်စေ
အမဲသားငါး များပါစေ …”

“ရင်ခုန်သံမတူသူတွေ ဘေးဖယ် …” တဲ့
သြော် ကလေးရယ် … ဖြစ်ရလေခြင်း
ခပ်ကျဉ်းကျဉ်း အတ္တဥခွံထဲ
အိပ်မက်လို့ကောင်းရှာဆဲကိုး …

နက္ခတ်ရီပြာတွေရဲ့အောက်
ကြယ်စင်တွေကောက်ရင်း
လမ်းတဝက်တော့ပျောက်ခဲ့
လမ်းတဝက်တော့ရောက်ရဲ့
ဆက်လျှောက် ဆက်ကောက်
အသက်မပျောက်ခင်အထိ …
ဘဝဂ်တော့ရောက်ချင်မိသား

အဆုံးလား အစလား
စက်ဝိုင်းများစွာ ခြာခြာလည်ရင်း
နာရီတံတားပေါ်
ငေးမျှော်မောနွမ်း …
ကျနော် လက်ပမ်းမကျသေးပါဘူး အမေ …

တွေးဆဲ ငေးဆဲ
ဟိုးဝေးဝေးက ဝဲလွင့်ပျံ
နင့်တင့်တင့် သံစဉ်ချိုး
သြော် … နှစ်တနှစ် ပျိုးပြန်ပြီလေ …

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ကြပါစေ ….

ဟယ်ရီ

In: ကဗျာ Posted By: Date: Jan 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment