Professional Authors

ဇိုးသမားရဲ့ အိပ်မက်

နီညိုညို လုံးချောချော

ခပ်ပေါပေါ ပုလင်းတွေ

ကင်းမြှီးကောက်ထောင်တော့

ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို

ထိုင်ခုံနောက်လှန်ချရင်း

သက်သေထူလိုက်တယ် . . .

 

အိပ်ငိုက်ရာက လန့်နိုးသွားတဲ့

ပုလင်းများပိုင်ရှင်ရဲ့

မေတ္တာပို့သံက

တံခါးဝထိ လိုက်လံပို့ဆောင်တယ် . . .

 

ကြယ်တာရာနဲ့ တခြမ်းပဲ့လကို

ကျောမှာ မနိုင့်တနိုင်ပိုး

ထိန်းချုပ်မှုမဲ့

ခြေလှမ်းတွေကြားမှာ

လမ်းဘေးဓါတ်တိုင်တွေ

ပြေးတမ်းလိုက်တမ်းဆော့

ငါ့ ၀င်တိုးတော့ . . .

ချော့မော့ပွေ့ဖက်လို့ နှစ်သိမ့်ခဲ့ရတယ်

 

နားကပ်လို့ ထောင်မိတယ်

အနင်းခံ ၊ အနာခံ ၊ အစွန့်ပစ်ခံ

ဒီ ကမ္ဘာမြေကြီးရဲ့

ရင်ခုန်သံကိုပေါ့ . . .

မပီဝိုးတ၀ါးပေမယ့်

ယမမင်းရဲ့ခေါ်သံလို့ ထင်မိသား  . . .

ခွေးကာလသားအုပ်စုက

အူသံပေးရင်း

ကောင်းချီးပေးနေလေရဲ့ ။  ။

 

အပြည့်လွန်ရင်း တဖြေးဖြေး ရုတ်လျော့လာတဲ့

လခြမ်းပဲ့လေးက

ငါ့ခြေတစ်ဖက်တောင် ချစရာမရှိ

ဟန်နီ . . .

ငါ နင့်ကို မမျှော်လင့်တော့ဘူး . . .

 

ငါ့ 2013 ပြက္ခဒိန်ကို

မြေကြီးအောက် ခြောက်ပေရောက်အောင်

ဖွက်ထားခဲ့တာ

ဘယ်သူလဲ . . .

ဂျူနီယာမရှိဘဲ စီနီယာ လုပ်ချင်တဲ့

“ကကြီး” လိုကောင်တွေလား . . .

စံနှုန်းတွေ တဖွဲဖွဲကျနေတဲ့

ဟန်နီ့ရဲ့ အိမ်အ၀င်လမ်းလား . . .

ဒါမှမဟုတ်

ငါကိုယ်တိုင်ပဲလား . . .

 

စိတ်ပျက်ဟန် ပေါက်နေတဲ့

ဥာဉ့်ငှက်မလေးရဲ့

ဒေါက်ဖိနပ်သံက

ငါ့ နောက်စိနားရောက်မှ

အဆူညံဆုံး အော်ဟစ် . .

နောက် . . .

တဖြေးတဖြေး .. .

ဝေး . .ဝေး . . .

တိုးတိတ်ပျောက်ဆုံး

 

ခွင့်လွှတ်ပါ ကလေးမရယ်

ငါ့ရဲ့ အနံတို ကွင်းကျဉ်း

ပုဆိုးပိုင်းလေးက

ပိန်လှီလွန်းတဲ့

ငါ့ အတွက်တောင်

တစ်ကိုယ်စာ မအေးရုံတမယ်မို့ပါကွယ် ။   ။

In: ကဗျာ Posted By: Date: Dec 25, 2011
Comment #1

တကယ်…ဇိုးသမားအိပ်မက်ပါပဲဗျာ…
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 25, 2011
Comment #2

ကဗျာ စ , လယ် , ဆုံး အကုန်ဖတ်လို့ကောင်းကြောင်းပါ ။

commentinfo By: X - ray at Dec 25, 2011
Comment #3

poem.poem28 နဲ့ X-ray တို့ကို ကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: မောင်ချမ်းအေး at Dec 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment