Professional Authors

ညီမလေးရဲ့အဝေးရောက်ချစ်သူအကြောင်း ၃

စားဝတ်နေရေးကို ဒုက္ခတစ်တန် သုခတစ်တန် သွားလာဖြေရှင်းတယ်
ရောက်ရာပေါက်ရာရှင်သန်မှုမှာ ဒေါင်ကျကျပြားကျကျ အမြစ်တွယ်နေရ
တစ်နေ့တစ်ခြား လူက လက်တွေ့ဆန်လာတယ်
ရပ်တန့်နေရင် နောက်ကျကျန်ရစ်ခဲ့ရမယ့်ခေတ်မို့
နည်းပညာရေစီးကြောင်းထဲ စီးမျောမိတာ ကူးစက်ရောဂါတစ်ခုလို

အချစ်က တစ်နေ့ ထမင်းနှစ်ထပ် မကျွေးနိုင်တော့
လွမ်းရတာတောင် စားမြန်မြန် သွားမြန်မြန်
စိတ်ကူးယဉ်တဲ့အရွယ်လွန်တာ မြန်လွန်းတယ်လို့
ကောက်ချက်ချမိတာ ကသုတ်ကရက်

ငွေနံ့ကြေးနံ့တွေ ညှီစော်နံရာဆီ စိတ်သွားတိုင်းကိုယ်ပါခဲ့တဲ့
သွေးနဲ့သားနဲ့လူသားစစ်ကြီး
ပျော်ရွှင်မှုအတုတွေထဲ သူ့ဘ၀သူ ထိုးကျွေးခဲ့မိပြီ
ဟိုးတုန်းကလို အချစ်ရှိရင်ပြည့်စုံတယ်ဆိုတဲ့ဘ၀လေး
ငါ့ကို အော်ခေါ်နေလေပေါ့

ညီမလေးဟာ . . .
ခြောက်ကပ်ကပ်ယာတောတွေအလယ်က
စိမ်းလန်းတဲ့လယ်တစ်ကွက်
ရင်ကွဲနက္ခတ်မိနေတဲ့ရှုခင်းထဲ
အံကြိတ်ထားတဲ့စိတ်က ဘာကိုမှ မမြင်နိုင်တော့ဘူး

ချစ်ခြင်းမေတ္တာဆိုတာ
ဆရာဝန်ခေါင်းခါချိန်ရောက်မှ
လိပ်စာပျောက်နေတဲ့မျက်ရည်စက်တွေလား
ငါ့မှာ . . .
ပြန်လာဖို့ မလောက်ငှတော့တဲ့အတောင်ပံတစ်စုံ ရှိတယ်

                                                             ကိုသျှား

In: ကဗျာ Posted By: Date: Dec 10, 2011
Comment #1

IT ခေတ်မှာအသက်တောင်ပုံမှန်ရှုရင် နောက်ကျကျန်ခဲ့မယ်နဲ့တူပ
ဒီကဗျာကိုလဲ ဒလိမ့်ကောက်ကွေး ကမူးရှုးထိုး ဖတ်သွားပါတယ် 😀

(P.S ကဗျာဆရာကိုသျှားရဲ့ရေးအားကောင်းမှု့ကိုတော့ တော်တော်အားကျမိပါရဲ့)

commentinfo By: နတ်သမီး at Dec 10, 2011
Comment #2

ငွေနံ့ကြေးနံ့တွေ ညှီစော်နံရာဆီ စိတ်သွားတိုင်းကိုယ်ပါခဲ့တဲ့
သွေးနဲ့သားနဲ့လူသားစစ်ကြီး
ပျော်ရွှင်မှုအတုတွေထဲ သူ့ဘ၀သူ ထိုးကျွေးခဲ့မိပြီ
ဟိုးတုန်းကလို အချစ်ရှိရင်ပြည့်စုံတယ်ဆိုတဲ့ဘ၀လေး
ငါ့ကို အော်ခေါ်နေလေပေါ့

commentinfo By: May Kha at Dec 10, 2011
Comment #3

မမေခရေ….
ရေးအားကောင်းတာ မဟုတ်ပါဘူး
၂၀၀၆ကနေစပြီး ခုချိန်ထိရေးခဲ့တဲ့ကဗျာတွေကို
တင်နေတာပါ

ကိုသျှား

commentinfo By: lynnthantkoko at Dec 10, 2011
Comment #4

မနတ်သမီးရေ…
တောင်းပန်ပါတယ်ဗျာ
ကျွန်တော် မလေးစားသလိုဖြစ်သွားတယ်
တကယ်ကို တောင်းပန်ပါတယ်ဗျာ

ကိုသျှား

commentinfo By: lynnthantkoko at Dec 10, 2011
Comment #5

အချစ်က တစ်နေ့ ထမင်းနှစ်ထပ် မကျွေးနိုင်တော့
လွမ်းရတာတောင် စားမြန်မြန် သွားမြန်မြန်
စိတ်ကူးယဉ်တဲ့အရွယ်လွန်တာ မြန်လွန်းတယ်လို့
ကောက်ချက်ချမိတာ ကသုတ်ကရက်
xo nice 🙂

commentinfo By: sharon myorr myor at Dec 11, 2011
Comment #6

ဟင်..ဒီလိုတောင်းပန်ရုံနဲ့ရမလားး 😛
အဟဲ..နောက်တာနော်.. ဖြစ်တက်ပါတယ်ကိုသျှားရဲ့ 🙂

commentinfo By: နတ်သမီး at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment