Professional Authors

ကြက်ခြေခတ်

ငါဝမ်းမနည်းဘူး

ဟုတ်ပါတယ် ရူးသွပ်မှုရဲ့ခြေရာ

ဟောဒီ့ ငါဆိုတဲ့ကောင်မွေးဖွားလာခြင်းက

မြစ်ဖျားခံလာလေရဲ့

ကြီးပြင်းလာတာပဲ ပုံမှန်

ဒါပေမဲ့ ဘဝတွေက ခါးနေခဲ့တယ်

ဒုက္ခ နာကျင်မှု မြိုသိပ်ခြင်း ပေါက်ကွဲလာမှု

ဟင့်အင်း…

အဖန်တလဲ ပတ်သတ်နေပေမဲ့

ဆက်ဆက်ပြီးတော့ ခင်တွယ်မနေချင်ဘူး

 

မိုးရွာချလိုက်ဦး

မိုးကြိုးပါပစ်ချ တိုက်စားသွား

ပြီးတော့ အကျည်းတန်စေပါဦး အားလုံး

နောက်ဆုံး နောက်ဆုံးတော့ကွာ

အပျက်အစီးတစ်ခုအနေပဲနဲ့ပဲ ဖြစ်ဖြစ်

ကျန်နေရစ်ခွင့်ပြုပါ…

 

ငါအသက်ရှင်ချင်နေသေးတယ်

ပျော်သည် မပျော်သည်

မျက်ကွယ်ပြုထားကြလိုက်တော့

 

ငိုချမိတော့မယ်

ချောင်တစ်ချောင်

(ဒါမှမဟုတ်)

အမှောင်တစ်နေရာလောက် ဖွင့်ပေးကြပါ

ငါငိုရှိုက်လိုက်တော့မယ်

(အရာအားလုံးအတွက်)

 

ပြိုလဲ ယိုင်နဲ့ ချွတ်ချော်မှုတွေ တစ်ထပ်ကြီးနဲ့

ဖုန်အထပ်ထပ်တက်နေတဲ့ အတိတ်

ရေညှိတက်နေတဲ့ အတိတ်

ပင့်ကူအိမ်တွေနဲ့ လက်ရှိကြားမှာ

ငါလေ မွန်းကြပ်လှောင်လွန်းလှတယ်

အသက်ရှူမဝလို့ပါ

ပြတင်းတစ်ချပ်ပဲ ဖြစ်ဖြစ်

ခပ်ဟဟလောက်ပါပဲ…

 

ပြောခဲ့ပေးပါ

ပြောချခဲ့လိုက်တော့

ဘာမဟုတ်တဲ့ ဘာကောင်ရဲ့

ကြီးကျယ်စွာ မှားယွင်းမှုတွေ

သိမ်ငယ်နေတဲ့ ငါ့စိတ်

စုတ်ပြတ်သတ်စွာ ရှုံ့ချကြ

ပြီးတော့ တစ်စစီ ဆုတ်ဖြဲသွားလိုက်ကြ

အသက်ရှင်လျှက်နဲ့ မြေမြှပ်လိုက်ကြ

တစ်ခုပဲ တောင်းဆိုသွားမယ်

ငါ့နာမည်လေးတစ်ခုပဲ

ငါ့အုတ်ဂူမှာတပ်ပေးဖို့

(မဝံ့မရဲ)

 

ဒုတိယတစ်ခေါက် ငါထပ်ငိုမယ်

စိုမယ်ကွာ ငါ့မျက်ရည်နဲ့ငါ

ပါးပြင်ထက်

လည်ပင်းပေါ်

ဟိုးအသည်းထဲအထိ စိမ့်ဆင်းစေ

သိမ်ငယ်မှုတွေ ထပ်သိမ်ငယ်ဦး

ငါ့ရဲ့ အတိတ်ဆိုးတို့

မော်ကြွားစွာ ငါ့ဆီ လျှောက်လာကြ

ဒီခပ်အပ်အပ် ရင်ဘတ်နဲ့အရင်အတိုင်းထွေးပွေ့

ခံစားချက်တွေ စုတ်ပြတ်နေပေမဲ့

ငါ့အတွက်တော့ သစ်လွင်လတ်ဆတ်

ကိုယ့်မျက်လုံးနဲ့ကိုယ် လသာပစ်လိုက်မယ်

မကျေနပ်ရင်လာဖောက်ထုတ်ပစ်လိုက်ကြဦး

ဆိုဆဲ ကန်ကြောက်သွားလိုက်ကြ

ဘဝကို အခါခါနာဖူးတယ်

အကြိမ်ပေါင်းများစွာမှာ တစ်ကြိမ်တိုးလာသလောက်ပဲ

ခပ်ညစ်ညစ် အတွေးက

ခပ်ကျယ်ကျယ် တွေးတတ်လာတယ်

 

 

ပြန်စမယ်….

ငါဟာမမွေးဖွားခဲ့သင့်ဘူး

 

ကြက်ခြေခတ်X

11:55 pm 17 2 11 thurs

In: ကဗျာ Posted By: Date: Oct 6, 2011
Comment #1

မွေးဖွားသင့်ပါတယ်ဗျာ….

အရမ်းကောင်းတဲ့ကဗျာလေးတွေအတွက်ပေါ့….
ခပ်သစ်သစ်အတွေးနဲ့
ကြက်ခြေခတ်အကြောင်းစာလုံးပေါင်းရင်
ကဗျာဆရာလောင်းလို့
ပြောင်းမိမယ်….။ အားပေးပါတယ်

commentinfo By: ကြယ်စစ်သည် at Oct 6, 2011
Comment #2

ဟူးးးးးး
ကဗျာကကောင်းတယ် … မွေးတော့ လည်းမွေးခဲ့သင့်ပါတယ်
ကဗျာကောင်းတွေနဲ့ အတူမွေးတာ ကျုပ်ထက်ပို ကာ “ လူဖြစ်ထိုက် ” ပါတယ်

commentinfo By: တိမ်တိုက် at Oct 6, 2011
Comment #3

အရမ်းအားပေးသွားတယ်……….အခုလိုမွေင်္းဖွားခဲ့လိုဒီကော်နာမှာဆုံကြရတာပေါ့ …….

commentinfo By: May Kha at Oct 6, 2011
Comment #4

ကောင်းတယ်ဗျာ
ဒီလို ကဗျာ ကောင်းတွေ ဖတ် ရလို့  poemscorner ကို တရက် တခါ မဖွင့်ရင် မနေနိုင်တာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment