Professional Authors

တစ်မိနစ်ငြိမ်သက်

အဲဒီမှာစတွေ့တာပဲ

တစ်မိနစ်ငြိမ်သက်…။

ဖြေသိမ့်မှုတံခါးကို စာနာမှုသော့နဲ့ ဖွင့်လိုက်ပြီ

တစ်မိနစ်ငြိမ်သက်…။

ဘယ်သူက ဘယ်သူ့အတွက်လဲ

ဘယ်ဆေးဟာ ဘယ်ရောဂါအတွက်လဲ

တစ်မိနစ်ငြိမ်သက်…။

ရာသီဥတုကလည်း ကိုယ့်ဘက်မပါဘူး

ပျံတယ်လို့ထင်ရတဲ့ လေယာဉ်လည်းပျက်ကျသွားပြီ

တစ်မိနစ်ငြိမ်သက်…။

မျှော်လင့်ချက်ကိုသိမ်းပိုက်သွားတဲ့ ထီလက်မှတ်များအတွက်

ဥာဏ်ပညာကိုခိုးယူသွားတဲ့ စာတီဖီကိတ်များအတွက်

တစ်မိနစ်ငြိမ်သက်…။

ကြယ်တွေလည်း လမ်းမှားခဲ့တာပဲ

လိုင်စင်မဲ့တိမ်တွေလည်း ဟိုရောက်ဒီရောက်ပဲ

တစ်မိနစ်ငြိမ်သက်…။

ယုံကြည်မှုချောဆီ လွန်ကဲခဲ့လို့

မီးထတောက်နေကြတဲ့ဘာသာတရားများအတွက်

တစ်မိနစ်ငြိမ်သက်…။

နွေကုန်ရင်လည်း နွေအပူအတွက်အမှတ်တရ

မိုးကုန်ရင်လည်း မိုးစက်တွေအတွက်အမှတ်တရ

ဆောင်းကုန်ရင်လည်း နှင်းပွင့်တွေအတွက်အမှတ်တရ

တစ်မိနစ်ငြိမ်သက်…။

သီချင်းဆိုရင်း အသံထစ်သွားခဲ့ရတဲ့ ဓာတ်ပြားများအတွက်

ဂိုးမသွင်းရသေးခင် အချိန်စေ့သွားတဲ့ ကစားသမားများအတွက်

တစ်မိနစ်ငြိမ်သက်…။

ဇီဝဇိုးငှက်ရဲ့သွေးအန်ဖတ်ကိုလည်း

အားဆေးအဖြစ်စားသုံးကြလို့

နာမည်ကြီးတံဆိပ်တစ်ခုအတွက်လည်း

မတန်တဆအလုအယက်ပေးဝယ်နေကြလို့

တစ်မိနစ်ငြိမ်သက်…။

သတင်းတွေထဲမှာပဲ လူအဖြစ်ပီသခဲ့ကြရတဲ့

ကလေးသူငယ်များ…

မေတ္တာတရားကလည်း အိမ်အပြန်နောက်ကျတတ်လွန်းလို့

တစ်မိနစ်ငြိမ်သက်…။

သဘာဝဘေးတွေကလည်း မထင်မှတ်တဲ့အကိုင်းကပွင့်တာပဲ

ရောဂါဘယလှိုင်းတွေကလည်း

ကမ်းခြေကိုတစ်လုံးပြီးတစ်လုံးရိုက်နေတာပဲ

တစ်မိနစ်ငြိမ်သက်…။

ဆင်းရဲမွဲတေမှုဆိုတာကလည်း

စီးဆင်းမြဲ မြစ်ကြီးပဲ

သာတူညီမျှရေးကလည်း

ပေါင်မှုန့်မဖြစ်သေးတဲ့ ဂျုံမှုန့်ပဲ

တစ်မိနစ်ငြိမ်သက်…။

ငြိမ်သက်ခဲ့ရတဲ့ မိနစ်များအတွက်လည်း

တစ်မိနစ်ငြိမ်သက်…။

ငြိမ်သက်နေဆဲ မိနစ်များအတွက်လည်း

တစ်မိနစ်ငြိမ်သက်…။

ငြိမ်သက်ရတော့မယ့် မိနစ်များအတွက်လည်း

တစ်မိနစ်ငြိမ်သက်…။

အထူးကျေးဇူးတင်ရှိပါတယ်

ပြန်မရနိုင်တဲ့ မျက်ရည်များအတွက်

တစ်မိနစ်ဟာဆေးတစ်ခွက်ပါပဲ

မိုင်ထောင်ချီခရီးအတွက် လုံလောက်ခဲ့ပါကြောင်း

ဤခြေလှမ်းတလှမ်းဖြင့်

သင်၏မြင့်မြတ်သောရင်ခွင်ထဲ

လွမ်းသူ့ပန်းခွေ ချခဲ့ပါရစေ…

တစ်မိနစ်ငြိမ်သက်…။   ။   

                                                                 ( ရှိန်ဝါ) +

ဆင်ဆာထိကဗျာ+စတိုင်သစ်၊ဖေဖော်ဝါရီ၊၂၀၀၀၉။

In: ကဗျာ Posted By: Date: Oct 4, 2011
Comment #1

ပြန်မရနိုင်တဲ့ မျက်ရည်များအတွက်

တစ်မိနစ်ဟာဆေးတစ်ခွက်ပါပဲ

မိုင်ထောင်ချီခရီးအတွက် လုံလောက်ခဲ့ပါကြောင်း

ဤခြေလှမ်းတလှမ်းဖြင့်

သင်၏မြင့်မြတ်သောရင်ခွင်ထဲ

လွမ်းသူ့ပန်းခွေ ချခဲ့ပါရစေ…

တစ်မိနစ်ငြိမ်သက်…။ ။
……………..
ကဗျာဖတ်ပြီး..တစ်မိနစ်ငြိမ်သက်……အားပေးနှစ်သက်သွားပါတယ်

commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #2

သတင်း​တွေထဲမှာပဲ လူပီသခွင့်​ရကြတဲ့ က​လေးသူငယ်​များ.. အအကြိုက်​ဆုံးပဲ ဆင်​ဆာထိ​လောက်​ပါတယ်

commentinfo By: Shin Nyain Chan at Jan 13, 2014
Comment #3

ကဗျာတစ်ပုဒ်လုံးသေလို့ရပါဒယ်
ဆင်ဆာထိမထိတော့မသိဘူး Heart တော့ထိသွားပီ 😛 😛 ~
တကယ်လေးစားလောက်တဲ့အရေးအသားဖြစ်ပါကြောင်း ~

commentinfo By: X - ray at Jul 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment