Professional Authors

မေမေဟာရန်သူတွေကို တစ်ယောက်တည်းရင်ဆိုင် (ပိုင်မင်းဆွေ)

“မေမေဟာရန်သူတွေကို တစ်ယောက်တည်းရင်ဆိုင်”

ပုခက်လွှဲတဲ့လက်ဟာ
သွေးသံရဲရဲ စစ်ပွဲတွေထဲ
ရေလောင်းရင်း မီးလောင်နေသူ ။

‘ မေမေ ‘ ။

မေမေ လို့
ကျွန်တော် တိုးတိုးလေး ခေါ်လိုက်တယ် ။

သားချော့တေးတွေနဲ့ ကမ္ဘာကြီးကို လက်ဆင့်ကမ်းခဲ့တာပေါ့ မေမေ
စံပယ်ပန်း ဖြူဖြူလေးတွေဟာ မေမေ့ကြောင့်ပွင့်တာ
မေမေ့ဆွဲအားကြောင့် ဒီရေ တက်တာပေါ့။
မေမေ ပျိုးထားတဲ့ ကြယ်ပန်းခင်းတွေထဲ
သားသားတို့တိုးခွေ့ဆော့ကစားတဲ့အခါ
မေမေ တစ်နေရာကနေ မျှော်ငေးကြည့်နေမယ်
မေမေ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့
မေမေ့ လက်ထဲမှာတော့ အေးစက်တဲ့ဓားတစ်လက်
တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ ရန်သူတွေကို
မိန်းမသားဖြစ်တဲ့ မေမေ ၊ ဘယ်လို ရင်ဆိုင်မလဲ။

ပန်းခင်းထဲ သင်းပျံ့နေတဲ့ တခိုးခိုး တခစ်ခစ် ရယ်သံတွေဟာ
မေမေ့ ရင်ထဲ အရောက်လာခဲ့တယ်
အဲဒီ မီး နဲ့ပဲ မေမေ ရပ်စောင့်လို့နေခဲ့။

ဒီဇာတ်လမ်းမှာ ပျော်ရွှင်မြူးတူးနေကြသူတွေကတော့
ဘာမှ မသိသေးတဲ့ သားသားတို့မောင်နှမတတွေပေါ့
မေမေရယ် ။

ပိုင်မင်းဆွေ

*အမေနေ့လွန်သွားမှ သတိရပြီး အခုမှ လာတင်ရတယ်။

*မေမေဟာ ရန်သူတွေကို တစ်ယောက်တည်း ရင်ဆိုင်*

In: ကဗျာ Posted By: Date: May 15, 2010
Comment #1

“မေမေ့ လက်ထဲမှာတော့ အေးစက်တဲ့ဓားတစ်လက်” ကျွန်တော့်ရဲ့ မေမေလည်း အဲ့ဒီလိုရဲရင့်တယ်။ ^_^

commentinfo By: NMT at May 23, 2010
Comment #2

မေမေ့ လက်ထဲမှာတော့ အေးစက်တဲ့ဓားတစ်လက်
တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ ရန်သူတွေကို
မိန်းမသားဖြစ်တဲ့ မေမေ ၊ ဘယ်လို ရင်ဆိုင်မလဲ
… ကြိုက်တယ်ဗျာ ကူးသွားပီးနော်….. ခွင့်ပြုပေးပါဦး

commentinfo By: laynet naung at Apr 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment