Professional Authors

“သံယောဇဉ် …”

သံယောဇဉ်တွေ မြေပြင်ပေါ်
ဖွာလန်ကြဲကုန်ပြီ…
တံမြက်စည်းနဲ့
ပြောင်ရင်ပြီးရော လှဲထုတ်ဖို့ကလည်းမဖြစ်…
ရင်တွင်းဖြစ် အချစ်တွေက
နာကျင်မှုကို မွေးဖွားပေးမှာလည်း ကြောက်ရသေး…

“ထွက်သွားပါတော့”… ဆိုပြီး
ဓမ္မတာစကား ရင်မှာ ပြန်သိုထားလိုက်တယ်…
ဆက်လက်ပြီး သံယောဇဉ်မီးတိုင်နဲ့
အတူတူလင်းဖို့ပေါ့…
မှောင်နေကျ ဘဝတွေက
ခွဲခွာခြင်းအိပ်မက်ကို
အချိန်တန်ရင် မက်ရစမြဲပဲလေ…
မဖြစ်ဘူး…
မျက်ရည်တံခါးတွေနဲ့ လိုက်ပို့ရစမြဲ…
အခုတော့လဲ …
နှုတ်ခမ်းတစ်စုံက ပြုံးပြနှုတ်ဆက်ခွဲခွာဖို့
မဝံ့မရဲ …
တစ်ခုတော့ ဆုတောင်းပေးလိုက်ပါတယ်…
“…ငါ့မျက်ရည် နင့်ခရီးလမ်းမှာ
မလျှံပါစေနဲ့…” …လို့…
အခုတော့ …
နင်မရှိတဲ့ အရပ်မှာ …
နင်မရှိတော့တဲ့ အချိန်မှာ …
သံယောဇဉ်ဝိဥာဉ်တစ်ခုရဲ့ အုတ်ဂူပေါ်မှာ
ငူတူတူထိုင်ရင်း …
အလွမ်းတစ်ခုရဲ့ တစ္ဆေနဲ့
ငါကောင်းကောင်းပျော်နေတတ်ပါပြီ …

တကယ်တော့ ငါဟာ …
ကိုယ့်အမြီးကို ပြန်ကိုက်နေတဲ့
ခွေးမြီးတိုတစ်ကောင်ဆို …
ကောင်မလေး နင်မမှားနိုင်ဘူး …
ငါ့နောက်ကျော …
ငါ့အတိတ် …
ငါ့အမြီး …
ငါ ပြန်ကုတ်ဖဲ့ရင်း …
ပိုက်ထွေးထားတဲ့ ရင်ဘတ်တစ်ခြမ်းတောင်
ဒဏ်ရာတွေနဲ့ မြင်မကောင်းရှုမကောင်း …
ကောင်မလေးရယ် …
နင်မရှိတဲ့နောက် …
ဟောင်းလောင်းပွင့်ဖူးနေတဲ့ ငါ့ကဗျာကြယ်လေးတွေလည်း
ကပ္ပလီညတွေပေါ်မှာ လှလှပပလေး ကြွေဆင်းတတ်ပါပြီ …
အခုဆို ငါ့လက်တွေပေါ်မှာ
ကဗျာလေးတွေ အသားကျနေပြီ …
အတိတ်ရနံ့သုတ်ထားတဲ့ သံယောဇဉ်ပန်းကို
နမ်းရှိုက်မိမှ ငါဟာ …
သွပ်သွပ်ခါအောင် ရူးရရောလား …
ဒီပန်းကို နင်ဘာလို့ ပျိုးခဲ့ပါလိမ့် …
ဒီပန်းကို ငါဘာလို့ ဂရုစိုက်မိပါလိမ့် …

ကောင်မလေး …
တစ်ချိန်ချိန်မှာ …
သံယောဇဉ်ဆိုတာကို နင်သိခဲ့ရင် …
အဝေးဆုံးကို နင်ထွက်သွားလိုက်ပါ …
သံယောဇဉ်မရှိတဲ့ ဥယျဉ်ကိုပဲ
နင်ခုံမင်တတ်လိမ့်မယ် …
ဘာဖြစ်လို့လဲဆိုတော့ နင်ကိုယ်တိုင်
သံယောဇဉ်အနမ်းကို စွဲလန်းနေပါရက်နဲ့ …
ရွံရှာနေမှာ … မို့လို့ …။…

ငါကတော့ …
သံယောဇဉ်ကြောင့် …
ဘဝတခြား …
အသက်ရှုသံတခြား …။ …
ကဗျာတခြား …
ခံစားမှုတခြား … ။ … နဲ့
ပြူးပြဲစိုက်ကြည့်နေလည်း မမြင်ရတဲ့
လမ်းတွေပေါ်မှာ လျှောက်ရင်း …
သံယောဇဉ်မျက်ရည်ဗုံးနဲ့ …
(သာသာယာယာပဲ)ရင်ခွင်ကို
ပက်လက်ကြီးပေါက်ကွဲနေတတ်ပါပြီ ….

In: ကဗျာ Posted By: Date: May 15, 2010
Comment #1

အဟဲ ……နာ့နာမည် ပါလား…

commentinfo By: Than Yaw Zin at Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment