Professional Authors

ဦးသူမရှိတဲ့ငါ့သံစဉ်

 

ဦးသူမရှိတဲ့ငါ့သံစဉ်

 

နွေခေါင်ခေါင် သင်ခန်းစာ အတိတ်ကြွင်းကျန်ရစ်မှတ်တမ်း

ခပ်ဆွေးဆွေးမျှော်မှန်းအနာဂတ် အတ္တ၀န်းကျင် လှမ်းကြိုသံ ကမောက်ကမ

 

တိမ်ပုပ်ထူထပ်သံသရာ သံသယအမော အသက်ဆက်မျိုးပွား

 

သလောထားကြီးကျယ်မှု ပျောက်ကွယ်ဖို့ ကြိုးပမ်းနေတဲ့ လူသားတချို့

အသွင်ပြောင်းရစ်ဖို့ …

စုစည်းမှု လုံးဝမရသေးတဲ့ ကွက်လပ်မဲ့လူသားတစ်ဦး မြည်ဟိန်းသံ ကမ်းပါးယံအစွန်း

 

အပြေးအမြန်လိုက် သင်္ကေတထဲ စေတနာကိုင်းညွတ်လာမယ့်နေ့

“ တကယ် ” ဆိုတာ ဘာသာစကားထဲ စစ်စစ်မှန်မှန်ရောရှိခဲ့သလား

 

ဘာသာစကားအစစ်အမှန် ဘူမိ … ပတ္တဖြာ … မြေပေါ် ဘယ်နေ့က စတင်သုံးစွဲခဲ့ပါသလဲ

အမှန်က …

ကမ္ဘာမြေဟာ မောပန်းနေပါပြီ

 

နင့်နင့်သီးသီး မျိုးပွားစကားသံတွေ ကမ္ဘာမြေပေါ် ထိုးခွဲအသံတွေ ဆင့်ထွက်

 

ဘယ်နေရာမှ ဆက်သွယ်လို့မရ အူကြောင်ကြောင် အရူးတစ်ယောက်ရဲ့ ရင်ဖွင့်သံ

ကမ္ဘာမြေရဲ့ ပထမဦးဆုံး သံစဉ်အသစ်အဆန်းတစ်ပုဒ် ဖြစ်ခဲ့

 

တိမ်တောင်တိမ်တိုက်တစ်ခုရဲ့ နောက်ဆုံးဈာပနတေးသံလည်း အကာလရဲ့ငြီးချင်းတစ်ပုဒ်လို

 

ကြားနေကာလတွေ ခဏခဏ ဖြတ်ကျော်

ကျပျောက်ခဲ့နေ့စွဲသစ်တွေ သောကပေါင်းခံရည်အဖြစ် ဆူပွက်

 

မြေလမ်းနဲ့ ကတ္တရာလမ်းပေါ် ကျရစ်ခဲ့မျက်ရည်စက်

အစစ်အမှန်မျက်ရည်စက်ဟာ ဘယ်လမ်းပေါ်မှာ တည်ရှိမလဲ

 

ကမ္ဘာပေါ် နောက်ထပ်လှမ်းရမယ့် ခြေလှမ်းသစ်တွေ ကျန်သေးတယ်။

 

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

 

In: ကဗျာ Posted By: Date: Sep 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment