Professional Authors

မိုးတိမ် နှင့် ငွေလှိုင်း


အမေ ….. မိုးပေါ်ကလူတွေက ခေါ်နေကြတယ်

မိုးတိမ်တွေပေါ်မှာ ငါတို့ကစားတယ်

အိပ်ယာကနိုးတာနဲ့ တပြိုင်နက် ကစားလိုက်တာ

အိပ်ယာဝင်တော့မှ နားတာပဲ

ရွှေအာရုဏ်နဲ့လည်း ကစားတယ်

ငွေလမင်းနဲ့လည်း ကစားတယ်

ငါတို့ဆီကိုလာပါလား တဲ့

ကျွန်တော်က ပြန်မေးတယ်

ဘယ့်နှယ်လုပ်လာရမလဲ လို့

ဒီတော့ သူတို့က ပြန်ပြောတယ်

ကမ္ဘာ့အစွန်းကိုလာ၊ လက်နှစ်ဖက်ကိုမြှောက်

ငါတို့ဆင်းပြီးခေါ်မှာပေါ့ တဲ့

ကျွန်တော်ကပြောပြန်တယ်

ကျွန်တော့ကို အမေမျှော်နေတယ်

လာလို့မဖြစ်ပါဘူးခင်ဗျာ လို့

ဒီတော့ ….. သူတို့တွေပြုံးပြီး တိမ်ယာဉ်စီးသွားကြတာပေါ့။

ဒါပေမယ့် အမေ ….. ကျွန်တော် အကြံတစ်ခုရပါတယ်

ကျွန်တော်တို့ ခေါင်မိုးကြီးက ကောင်းကင်ပြာကြီး ဆိုပါတော့

အမေက ငွေလမင်း၊ ကျွန်တော်က မိုးတိမ်

မေမေ့ကို ကျွန်တော်က လက်နှစ်ဖက်နဲ့ ဖက်ထားမှာပေါ့။

 

အမေ ….. ရေထဲကလူတွေ ခေါ်နေကြတယ်

ငွေလှိုင်းတွေကြားမှာ ငါတို့တေးဆိုတယ်

နေထွက်က နေ၀င်အထိပါပဲ

လည်ကြပတ်ကြတာလည်း ဘယ်တိုင်းဘယ်ပြည်ကို

ရောက်မှန်းတောင် မသိတော့ပါဘူး တဲ့

ငါတို့နဲ့လိုက်ပါလား တဲ့

ကျွန်တော်ပြန်မေးတယ်

ဘယ့်နှယ်လုပ်လိုက်ရမလဲ လို့

ဒီတော့ သူတို့ကပြန်ပြောတယ်

ပင်လယ်ကမ်းစပ်ကိုလာ၊ မျက်စိမှိတ်ပြီးရပ်

ငါတို့တက်ပြီးခေါ်မှာပေါ့ တဲ့

ကျွန်တော်ကပြောပြန်တယ်

ညအခါမှာ ကျွန်တော်မရှိရင် မေမေလွမ်းနေမှာပေါ့

လာလို့မဖြစ်ပါဘူးဗျာ လို့

ဒီတော့ ….. သူတို့တတွေပြုံးပြီး လှိုင်းယာဉ်စီးသွားကြတာပေါ့။

ဒါပေမယ့် အမေ ….. ကျွန်တော် အကြံတစ်ခု ရပါတယ်

ကျွန်တော်က ငွေလှိုင်းဖြူ၊ အမေက ပင်လယ်ကမ်း

ကျွန်တော်က တလိမ့်လိမ့်နဲ့ တက်လာပြီး

အမေ့ရင်ခွင်မှာတိုးမှာပေါ့

အဲ့ဒီအခါ ကျွန်တော်တို့ သားအမိ ဘယ်မှာလဲလို့

ဘယ်သူမှသိမှာ မဟုတ်ဘူးပေါ့။


ပြန်ဆိုသူ – ဆရာကြီး မင်းသုဝဏ်

မူရင်းလင့်ခ် – Clouds And Waves

 

(မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)

နှင့် ရန်ကုန်တက္ကသိုလ်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အိန္ဒိယနိုင်ငံ၏ ဘင်္ဂါလီစာဆိုတော်ကြီး

ရာဘင်ဒြာနတ်တဂိုး နှစ် (၁၅၀)ပြည့် အထိမ်းအမှတ် မြန်မာ + အင်္ဂလိပ် နှစ်မျိုးစလုံးနှင့်

ကဗျာရွတ်ဆိုပြိုင်ပွဲဝင်ရန် လေ့ကျင့်စဉ်ကဗျာ အမှတ်တရ)

In: ကဗျာ Posted By: Date: Jul 17, 2011
Comment #1

အားပေးသွားပါတယ်ဗျာ တဂိုးရဲ့ ကဗျာတွေ ရင်ထဲငြိကျန်တယ်း)

commentinfo By: မိုးသစ်လေပြေ at Jul 17, 2011
Comment #2

ညအခါမှာ ကျွန်တော်မရှိရင် မေမေလွမ်းနေမှာပေါ့

လာလို့မဖြစ်ပါဘူးဗျာ လို့…။

Comment #3

ကျွန်တော်က ငွေလှိုင်းဖြူ၊ အမေက ပင်လယ်ကမ်း
ကျွန်တော်က တလိမ့်လိမ့်နဲ့ တက်လာပြီး
အမေ့ရင်ခွင်မှာတိုးမှာပေါ့
အဲ့ဒီအခါ ကျွန်တော်တို့ သားအမိ ဘယ်မှာလဲလို့
ဘယ်သူမှသိမှာ မဟုတ်ဘူးပေါ့။…။

commentinfo By: မြေနံ့ at Jul 19, 2011
Comment #4

အို့ အတော်လေး လှတဲ့ ကဗျာဘဲ

commentinfo By: BlueHope at Jul 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment