Professional Authors

PoemsCorner Authors

မဟော်သဓာ ဇရပ် (ဇော်ဂျီ)

ညီသစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်
သူ့နယ် ဝန်းကျင်၊ သူ့မျက်မြင်မှ
ဆင်ခြင်တွေးခေါ်၊ အတွေးပေါ်
မဟော် ဉာဏ်ဖြစ်၊ ဇရပ်သစ်ကို
နှစ်သက် မြတ်လေး၊ ခေတ်ရှေ့ပြေးဟု
အရေးဆိုလာ၊ မင့်သည်းချာကို
သာဓု သာဓု ငါ ခေါ်၏ ။

အဘယ်ကြောင့်ဆို၊ ဟိုးရှေးကပင်
လူ့ခွင် ကျိုးပြု ၊ လိုအပ်မှု၌
ကရုဏာ ထား ၊ သဒ္ဒါပွားလျက်
ဆောက်ခဲ့ ဇရပ်၊ မဟော်ဇာတ်၌
ငါ ဖတ်ဖူးသည် ဖြစ်သောကြောင့်။

ကိုယ်ထူကိုယ်ထ၊ ရွာ ကိစ္စ၌
တက်ကြွ ရွာသား၊ စိတ်ဝင်စားအောင်
ရှင့်သား မဟော်၊ ဖွားဖက်တော်တို့
ရဲဘော် စိတ်ပေါက်၊ စုပေါင်းဆောက်ခဲ့
တစ်ယောက်တစ်ကျပ်၊ ထိုဇရပ်သည်
ဇာတ်မဟော်တွင် ကျော်သောကြောင့်။

ဇရပ် သာယာ၊ ခန်းဖွဲ့ရာတွင်
ရွာပ ရွာတွင်း၊ ရွာသားချင်းဝယ်
မှုခင်းကိစ ၊ ချင်းများကြသော်
ဆုံးမစကား ၊ တရားသဘင်
အများ မြင်အောင်၊ စီရင်စရာ
လျာထားသတ်မှတ်၊ ထိုဇရပ်သည်
ဇာတ်မဟော်တွင် ကျော်သောကြောင့်။

သွားလာ ဥဒဟို၊ ဧည့်ထိုထိုမှ
ကိုယ်ဝန် ထိန်းကျောင်း၊ မိခင်လောင်းတို့
လဲလျောင်းသက်သာ၊ သားဖွားရာ ဟု
လျာထားသတ်မှတ်၊ ထိုဇရပ်သည်
ဇာတ်မဟော်တွင် ကျော်သောကြောင့်

ဇော်ဂျီ
ရတနာမွန်၊ ဒီဇင်ဘာလ ၊ ၁၉၈၁

In: ကဗျာ,ဇော်ဂျီ Posted By: Date: May 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment