Professional Authors

PoemsCorner Authors

ကြယ်တံခွန် (ပိုင်စိုးဝေ)

လူ့ခန္ဓာဝန်တွေက
ကြယ်တံခွန်တွေအပေါ် ပိပိကျတတ်လွန်းလို့
အနည်းဆုံး ခုနှစ်ဆယ့်ငါးနှစ်မြောက်မှ
နောက်တစ်ခေါက် ငါပြန်လာခဲ့မယ်။

ကဲကွာ.. ……… ………… ……….
………….. ……….. ……….. ………….
အခုကိုပဲ ငါပြန်ရောက်လာပြီ။
မူးပြီးမှ ငါရောက်လာတော့
မင်းတို့ကို ငါမသိ
ငါ့ကိုယ်ငါလည်း ငါမသိ။

ဒါပေမယ့် ငါက
မင်းတို့ဘဝရဲ့ အလင်းရောင်တန်းကြီးလေ
မျက်စိတွေ ကျိန်းစပ်လောက်အောင်
သိပ်ပြီး ပြောင်လက်လွန်းနေရင်လည်း
နေကာမျက်မှန်တပ်ထားကြ
ငါက
မင်းတို့ဘဝရဲ့ အလင်းရောင်။

ပင်လယ်လှိုင်းနဲ့
မုန်တိုင်းရဲ့ဆူညံမှုထဲ
ငါ့ရာဇဝင်
ငါ့အလင်းရောင် ၊ငါ့အမှောင်ထု
ငါ့အသံနဲ့ ငါ့အမှန်တရား
ငါ့ရဲ့ဓားကို ငါမြှုပ်ထားရဲ့။
အကြွင်းမဲ့ အမှန်တရားနဲ့
အနာဂတ်ကို မစဉ်းစားမိအောင်
စကားလုံးတွေ အိပ်ပျော်နေစမ်းပါစေ။

နောက်တစ်နေ့ညနေခင်းကို
မနေ့ကနေ့လည်ဟု ထင်မှတ်ကာ
အိပ်ရာကနိုးလာပြီး
အမှန်တရား ဘယ်မှာလဲ
ဘယ်မှာလဲဟေ့ အမှန်တရား
အော်ဟစ်ပြီး ငါမေးမိရဲ့။

ကြည့်စမ်း
ဒါဟာ သူ့အတ္ထုပ္ပတ္တိ တစ်ဝက်တစ်ပျက်ပါပဲတဲ့လေ
ပြောရဲလိုက်ပုံက
ဒီလိုကောင်မျိုးတွေကြောင့်ပေါ့
ရှုမျှော်ခင်းတွေကို ကျောပေးပြီး
ထိုင်တတ်တဲ့အကျင့် ငါရခဲ့တာ
(ကြယ်တံခွန်တွေ ဘယ်လိုထိုင်တယ်ဆိုတာ
မင်းတို့ မြင်ဖူးကြရဲ့လား)

ပိုပြီးလူသားဆန်အောင်လို့တဲ့လေ
ငါ့ရှေ့မှာ ရူးရူးနှမ်းနှမ်းတွေ လုပ်ပြလိုက်
မိုက်မဲမှုချင်းပြိုင်ဆိုင်လိုက်နဲ့
သွားစမ်းပါ
ဒါမျိုးတွေ ငါ လက်မခံပါဘူး။
ကြယ်တံခွန်တွေရဲ့ အန္တိမ ရည်မှန်းချက်ဟာ
ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေခြင်းသာပဲ။

အစီအစဉ် အထားအသို အနုပညာကိစ္စ
အိပ်ရာဝင်နောက်ကျခြင်းနဲ့လည်းသက်ဆိုင်တယ်
အဓိပ္ပာယ်ရှိခြင်းတွေနောက် ငါမလိုက်ခဲ့တာ
နှစ်ပေါင်းသုံးဆယ် ကြာခဲ့ပါပြီ။

ရမ် ဆိုတဲ့ပုလင်းထဲမှာ
ရမ်မဟုတ်တာတွေထည့်ထားမှတော့
ငါ့ဘဝထဲ ငါမဟုတ်တာတွေ ထည့်ထားတာ
ဘာမှမဆန်းတော့ဘူး။

မင်းတို့ရဲ့ ခန္ဓာဝန်တွေနဲ့
ပိကျနေတဲ့ ကြယ်တံခွန်ကြီး
လူသားဝါဒကို
သိပ်ပြီးခံတွင်းမတွေ့လှတဲ့ ကြယ်တံခွန်ကြီးပေါ။

ငါ့မှာရှိတဲ့ အလင်းရောင်တွေ
မင်းတို့ပေါ် သက်ရောက်နေသေးသမျှ
မင်းတို့ရဲ့အနားက
တစ်ဖဝါးမှ ငါမခွာတော့ဘူး
ငါက
အရက်မူးနေတဲ့ ကြယ်တံခွန်ကြီးတစ်ခုသာလေ။ ။

ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း
ဇွန်၊ ၁၉၉၄

Leave Comments

Name*

Email*
Website
Email me whenever there is new comment