Professional Authors

PoemsCorner Authors

နွေနေ့လည်မှမြှူဆွယ်ခြင်း (ပိုင်စိုးဝေ)

မောင်လူချော
ကျုပ်ကို ဘယ်သူသံပတ်ပေးထားသလဲ
ဒါဟာ..ဟောဒီနွေဦးမှာ
ရပ်တန့်သင့်ခဲ့ပြီ
မိန်းကလေးရေ
မင်းပြောခဲ့သမျှတွေ အားလုံးမှားရဲ့
ဒါပေမယ့်
မင်းမပြောတာတွေအားလုံး
အမှန်တွေချည်းဖြစ်ခဲ့တယ်။

ကိုလူညို
ငါ
သဘာဝတရားဆီ အရောက်သွားချင်ရဲ့
ငါ့ထိုင်ခုံတွေကို ငါငြီးငွေ့လှပြီ
လောင်မြိုက်နေပြီ
မိဝင်းကငါ့ကိုလောင်မြိုက်နေပြီ
မိဝင်းကြောင့် ငါလောင်နေပြီ။

မောင်လူချော
သေမင်းနှင့်ရင်ဆိုင်ရန်
အဆင်သင့် ဖြစ်ခြင်းသည်ပင်
အသက်ရှင်နေရသည့်ဘဝ
နေထိုင်တတ်ခြင်းဖြစ်သည်…ဟု
အက်ဒီက ယုံကြည်သတဲ့လေ။

ကိုလူညို
စိတ်ပျက်ငြီးငွေ့ဖွယ် အတိတ်တစ္ဆေတွေနဲ့
နောင်တတရားမပါတဲ့ နှလုံးသားအကြောင်း
ငါရေးဖွဲ့ချင်ရဲ့။

မောင်လူချော
ဆောင်းရက်တွေကုန်ဆုံးသွားပြီ
နွေရဲ့အလင်းတွေ သိပ်သည်းဆများပြား
နွားမရဲ့အော်သံဆူညံ
တိမ်တိုက်တွေ အဝေးသို့လွင့်ပါး…

ကိုလူညို
လောင်ပြီ ဆိုမှတော့
ငါ့နှလုံးသားပဲဖြစ်ရမှာပေါ့
မီးကို ငါစတင်တွေ့ရှိခဲ့တယ်
လာပြီဟေ့ ခြင်္သေ့ ဆိုပြီး
လူတစ်ယောက်ထွက်ပြေးသွားရဲ့။

မောင်လူချော
မင်းဟာ
ကျုပ်ရဲ့ မျက်လှည့်ဆရာမလေးပါ
အမျိုးမျိုးပဲ
အံသြသထက်အံ့သြစရာတွေ
တစ်ခုပြီးတစ်ခုထုတ်ပြ
နောက်ဆုံး
ကျုပ်ရဲ့နှလုံးသားဟာ
မင်းလက်ထဲမှာ ဘာများဖြစ်သွားဦးမလဲ
မျက်လုံးများကို မဖွင့်ရဲ
ကဲ..အသံတိုးတိုးလေးနဲ့
ကျုပ်ရင်ဘတ်နားကပ်ပြီးပြောလိုက်စမ်းပါ
ဘာဖြစ်သွားသတဲ့လဲ။

ကိုလူညို
ဟောဒီမှာ
တစ်စုံတစ်ရာရှိရဲ့
ကဲ..မင်းတို့အားလုံး ဖွင့်ကြည့်လိုက်ကြစမ်း
ထင်းရှူးတောကြီးကို ဘယ်သူမှ မတားဆီးနိုင်သလိုမျိုးပေါ့
ငါသိပ်ချစ်ခဲ့။

မောင်လူချော
အလိုလေး…ဘုရား..ဘုရား
ခင်ဗျားဟာ လူသားတစ်ယောက်မဟုတ်
စက္ကူတွေအထပ်ထပ်
ရစ်ပတ်ပြီးထုပ်ထားတဲ့
မကောင်းဆိုးဝါးတစ်ခုပါလား
ကျုပ်ရဲ့ လက်နှစ်ဖက်နဲ့
မင်းရဲ့လည်ကိုဆွဲလို့ဆင်ရင်
ကျုပ်တစ်ကိုယ်လုံးဟာ
မင်းရဲ့လည်ဆွဲပေါ့
လေးလွန်းတဲ့အခါကျတော့
ခပ်နက်နက်တွင်းတစ်ခုထဲ ပစ်ချလိုက်ပေါ့
ဒါဟာ
ကျုပ်ပေးနိုင်တဲ့ကြာဆစ်ကြိုးလေးပါ။

ကိုလူညို
အလှဆုံး အနုပညာဟာ
အသိမ်မွေ့ဆုံး ဒုစရိုက်တစ်ခုပါ
အချိုပေါ့တဲ့ လက်ဖက်ရည်ခွက်တွေထဲ
ကျွန်တော်ကူးခတ်ခဲ့
အစ်ကိုကြီးရေ
ကျွန်တော်တို့တစ်တွေ
တောကျေးလက်ရွာလေးတစ်ရွာက
အိမ်ကလေးတစ်လုံးမှာ
အတူတူမွေးဖွားခဲ့ကြ
ဒါပေမယ့် ကျွန်တော်တို့အားလုံး
နောက်ဆုံး လမ်းခွဲဖြစ်တဲ့ သင်္ချိုင်းကုန်းတွေက
မတူကြဘူးနော်။

မောင်လူချော
ဗဲရီးအီးဇီးဒက် တဲ့
မင်းရဲ့အမျက်ကြောင့်
ကျုပ်ရဲ့ နောက်ဆုံးထွက်သက်
ခက်ခက်ခဲခဲ ဖြစ်နေတော့မှာပဲ
ညညတွေမှာ
မင်းရဲ့အိပ်မက်ရင်ခွင်ထဲမှာ ကျုပ်ကျင်လည်နိုင်ဖို့…။

ကိုလူညို
မေမေရေ..
တောင်တန်းတွေဆီ ကျွန်တော်မပျံသန်းနိုင်ဘူး
လက်ဘက်ရည်ဆိုင်ထဲ
ပျံဝဲတဲ့ လင်းတတစ်ကောင်ပါ
ကျွန်တော် ဘာဖြစ်ခဲ့သလဲ
ကျွန်တော် ဘာဖြစ်ချင်ခဲ့သလဲ
လွဲမှားမှုကို နောင်တနဲ့ပေးဆပ်လို့မရ
လူတစ်ယောက်ရဲ့ လွဲချော်မှုဟာ
အနာဂါတ်ဝါဒ ထူထောင်နိုင်ပါ့မလား။
မင်းနဲ့ငါ
အနာဂါတ်မရှိတဲ့ဟင်းလင်းပြင်တွေဆီ
သွားကြစို့။
ကြောက်မက်ဖွယ်ရာသော အဆုံးသတ်မှုမျိုးဟာ
လုံးဝ အဆုံးမသတ်တာနဲ့စာရင်
ကောင်းသေးတယ်
အမှန်တရားရဲ့အနားက
တစ်ဖဝါးမှ မခွာတော့ဘူးတဲ့
ဂျူးမလေး အင်နာ
ရေးခဲ့ဖူးပါရောလား။

မောင်လူချော
ဘုရင့် ဘုန်းတန်ခိုးမှာ
ဒီရေကို တားဆီးဖို့ အမိန့်မပေးနိုင်ကြောင်း
မြှောက်ပင့်ပြောဆိုတတ်သော မှူးမတ်များကို
ကနွတ် ဘုရင်ကြီးက သက်သေပြခဲ့။

ကိုလူညို
အိပ်မက်ထဲမှာ
ရထားတစ်စင်းထွက်ခွာသွား
ကျောက်စရစ်ကုန်းမြေတွေကြားက
တငွေ့ငွေ့အူထွက်လာတဲ့နှင်းမြူတွေရယ်
အဲဒီမသာရထားဟာ
လူတိုင်းကို လက်ပြနှုတ်ဆက်သွားရဲ့
လက်မှတ်မရသေးတဲ့ကျွန်တော်စာ
လူတကာကိုငေးကြည့်နေရ။

မောင်လူချော
ကြောက်ခမန်းလိလိ ကျေးတောသီခေါင်ဟာ
တိတ်တိတ်လေးလဲလျောင်းနေတော့တယ်။

ကိုလူညို
အပြုံးနဲ့ ဝှက်ဖဲတစ်ချပ်
ပြဇာတ်ရဲ့နိဂုံးပိုင်းမှာ
သူဟာ သြညီဂင် ပါပဲတဲ့
မိန်းကလေးရေ
မင်းအတွက် ငါ မီးကိုခိုးယူခဲ့
တစ်စုံတစ်ယောက်ဆီက မီးကိုခိုးယူခဲ့။
ငါ
ဘောရစ်ပစတာညက် နဲ့ မြွေတစ်ကောင်အကြောင်းတွေးမိ
အနက်ဆုံးတွင်းဟာ
ငါ့အရေပြားပေါ်မှာပဲရှိရဲ့။

မောင်လူချော
ကဲ..စာရွက်တွေလုပ်စမ်းပါဦး
မကုန်စမ်းပါရစေနဲ့
သူမနဲ့ ပတ်သက်တဲ့ဒုက္ခတွေ
ကျုပ်ရေးစမ်းပါရစေဦး
အဲဒီ ခါးသက်မှုတွေကို
မျိုချပြီး ကြေညက်ပါရစေဦး။

ကိုလူညို
ဟောဒီ အနာဒိ အနန္တစက်ဝန်းထဲမှာ
မင်းနဲ့ငါ တွေ့ကြရပြန်ပေါ့
ဒုက္ခတွေကို
တို့ချိုမြိန်စေဖို့ပေါ့။

မောင်လူချော
ဘာမှမတတ်နိုင်တော့ပြီမို့
အနမ်းနဲ့ပဲခွဲခွာကြစို့
မိုက်ကယ်ဒရေတန်ကို
အကြိမ်ကြိမ်ငါရွတ်ဆိုမိ။

ကိုလူညို
တကယ့်အဖြစ်တွေကိုကျောခိုင်းလို့
မင်း ထွက်ခွာသွားပြီဆိုပါစို့
မင်းထားရစ်ခဲ့
မင်းရဲ့ မြူခိုးတွေ
ငါ့နှလုံးသားကိုလောင်မြိုက်နေမှာပေါ့
ကဲကွယ်
တို့တစ်ယောက်နဲ့ တစ်ယောက် တစ်သက်လုံး
ဘယ်တော့မှ အပြုံးမရှိဘူးဆိုတောင်မှ
ငါ့နှလုံးသားဟာ
မင့်အတွက် တစ်ဘဝလုံးပါ။

မောင်လူချော
တောင်တန်းတွေက ပြာမှိုင်းရီဝေစွာ
သူမကိုငေးကြည့်
တကယ်ဆို
အိပ်မက်ထဲမှာပဲဖြစ်ဖြစ်
မင်းရောက်လာသင့်ရဲ့။

ကိုလူညို
မီးခိုးတွေအူနေတဲ့
ဝါးကပ်မိုး အိမ်ကလေးပေါ်
လာနားမိတဲ့ ငှက်ကလေးရေ
မင်းဒုက္ခတွေဆီမင်း အသော့နှင်ပေရော့
သူ့မှာ
မဆောက်ဖြစ်တဲ့ အိမ်ကလေးတစ်လုံးရှိတယ်။
ငါ့မှာ
မရေးဖြစ်သေးတဲ့
ဝါကျတွေရှိရဲ့။

မောင်လူချော
ဒီလိုနဲ့သူမဟာ
သူမရဲ့ တိတ်ဆိတ်ခြင်းဟာ
ပူပြင်းတောက်လောင်ပြီး ဆူညံတဲ့
အသံတွေနဲ့ ကြောက်ခမန်းလိလိ
ကြောက်ခမန်းလိလိအသံတွေနဲ့။

ကိုလူညို
ရပ်နေတဲ့နာရီတွေကို
သွားစေလို့ ငါ အမိန့်ပေးလိုက်တယ်
နာရီတွေ တကယ်သွားတာ မသွားတာ
ငါနဲ့ ဘာမှမဆိုင်
အမိန့်မပေးဖို့ရာ ငါ့တာဝန်ပဲ
သူ့မွေးနေ့ ဇာတာကို သူမမှတ်မိတော့
သွားပေါ့ငှက်ကလေးရေ …တဲ့။

မောင်လူချော
စမူဆာထဲက အပ်သွားချွန်မြမြတွေကို
မျိုချလိုက်တယ်
ဂျွန်တာဂရပ်ရဲ့ တင်းဒရမ် ကို
ငါ သတိရမိ။

ကိုလူညို
ငါ့ကံကြမ္မာပါ
အပြစ်မရှိတဲ့ အပင်တစ်ပင်မှာ
အသီးသီးဖို့ အကင်းဖြစ်လိုခဲ့
ကြွေကျဖို့ရာ ဝန်မလေးပေမယ့်
ခဏလေးမှ နားခိုခွင့်မရတာ
ငါ ဝမ်းနည်းတယ်။

မောင်လူချော
ပိုက်ဆံမရှိခြင်းဆိုတဲ့အရသာဟာ
အရမ်းကို ခါးသီးလွန်းသပ။
ဘဝကို
အစက ပြန်စဖို့ရာ
ဘယ်သူမှ အခွင့်အရေးမရှိတော့ဘူး။

ကိုလူညို
ကဗျာဆရာတစ်ယောက်ဆိုတာ
မဖြစ်စလောက် ဂုဏ်ပုဒ်လေးတစ်ခုလို့
ဘယ်တုန်းကမှငါမထင်ခဲ့ဘူး
ချဉ် ငန် စပ် မိုးကောင်းကင်ကြီးရေ
ငါ့ခံစားမှုတွေကို တွန်းအားပေးမယ့်
စကားလုံးတွေ ရွာချလိုက်စမ်းပါ။

မောင်လူချော
နားလည်ခြင်းဆိုတဲ့အရာကို
လွဲမှားမှုနဲ့ အမြဲတမ်း ပေးဆပ်နေရသူ
ဟိုလူရဲ့ပါးစပ်ဖျားမှာ
ကပ်ဖ်ကာရောက်နေတာ
အဲဒါ လွဲမှားမှုတစ်ခုပေါ့။

ကိုလူညို
နေရာထိုင်ခင်းတစ်ခုရထားတဲ့မင်းက
ဘဝကို မတုန်လှုပ်တော့ဘူးပေါ့။
နံရံကြီးကို မကြည့်ချင်ဟန်ဆောင်နေတာ
တကယ်တမ်းက
မင်း ငါ့ကိုကြည့်နေတာပါ။

မောင်လူချော
မီးတောက်နေသလား
စိတ်ကိုရေနဲ့ငြိမ်းလို့မရ
နောက်ဆုံးမီးတောက်ကလေးပါ
သူ ရူးသွပ်စမ်းပါစေ
လောင်စာတွေထည့်ပေးလိုက်။

ကိုလူညို
ထီးတစ်လက်
အရေးတကြီးဝယ်ဖို့လိုအပ်နေတာ
ငါ့ခန္ဓာကိုယ်ကို ရေစိုလွန်းလို့မဟုတ်
သိက္ခာတရားကိုရေစိုလွန်းလို့ပါ
ခံနိုင်ရည်မရှိလို့သေသွားရင်လည်း
ဘယ်သူ့ကိုမှ အပြစ်ပုံချလို့မရ
ကိုယ့်အလောင်းကိုယ်ထမ်းပြီး
ကိုယ့်လမ်းကိုယ်ဆက်လျှောက်နေရုံပ
ရာသီဥတုကတော့
သူ့ဟာသူ ဆိုးချင်ဆိုးနေမှာပဲ။

မောင်လူချော
ကံကြမ္မာကသာ ကျွန်တော့်ကို
ပိုက်ဆံတွေအများကြီး ပေးထားစမ်းပါစေ
လူတွေအားလုံးကို ကျွန်တော်ချစ်မယ်
တွေ့သမျှလူတိုင်းကို ကူညီမယ်
သူတို့စားချင်တာတွေ အဝကျွေးမယ်
မြစ်တစ်မြစ်ဟာ
သူ့လျှာပေါ်မှာ အလျားလိုက်စီးဆင်း၏
ထိုလျှာပေါ်၌
ငါ့ရာဇဝင်ပျောက်ဆုံးခဲ့ပြီ။

ကိုလူညို
အာရုံတွေရရဲ့လား
ငါ့နှလုံးသားရဲ့အပူငွေ့တွေ
မင့်ဆီ ကူးရဲ့လား
ဘယ်သူဘာလုပ်နေတယ်ဆိုတာ
ဘယ်သူမှ ဘာမှတော့မမြင်တွေ့နိုင်တဲ့
မှောင်မိုက်ခြင်းမျိုးကြီးက
ငါ့ကို လွှမ်းခြုံပေါ့။

မောင်လူချော
ရာဇဝင်ကို တုပ်နှောင်ထားတဲ့
ဝိုင်ယာကြိုးတစ်စလို
လျှပ်စစ်စီးမျောနေတဲ့
မြေဆွဲအားနဲ့ ငါဂျွိုင်းလိုက်တယ်။

ကိုလူညို
ဆင်ခြင်တွေးတောမှုက
သဘာဝတရားဆီပျံသန်းပြီး
ငါ့ရဲ့ယုံကြည်သက်ဝင်မှုကတော့
ထာဝရဘုရားဆီ အရောက်လှမ်းခဲ့ပေါ့
ဟေ့ .. မိဝင်း
မင်းက ငါ့ကိုနားမလည်ဘူး
ဟုတ်လား
ဟား ….. ….. ….
….. ….. ……. အားးးး။

ပင်လယ်မဂ္ဂဇင်း
၁၉၉၃

Leave Comments

Name*

Email*
Website
Email me whenever there is new comment