Professional Authors

အရှုံးဇာတ် ( ကြယ်စင်ခ )

မျှော်လင့်ချက် ကြီးကြီးနဲ့
ရင်းနှီးခဲ့ရတဲ့ ငါ့ရင်ခုန်သံတွေ
အခုတော့လည်း …..
ပုံမှန်တောင် မလည်ပတ်နိုင်တော့ဘူး …. ။

ယုံကြည်မှု ရွက်တိုင်နဲ့
အချိန်တွေ ရွက်လွင့်ပြီး
စောင့်စားခဲ့ရတဲ့ ငါ့ မနက်ဖြန်တွေ
ဟောင်းနွမ်းလာလို့
ပြက္ခဒိန်တွေသာ ပြောင်းသွားတယ်
အိပ်မက်ဆိုတာ
အခုထိ ခပ်ရေးရေးပဲ ….. ။

စမှတ်ကို တွေ့ခါစမှာပဲ
ဆုံးမှတ်ကို ရောက်နေခဲ့လို့
အရှုံးအမြတ်ဆိုတာကို
မသုံးသပ်နိုင်ခဲ့တဲ့ ဒီပွဲမှာတော့
ငါဟာ ….. အချစ်ဒုက္ခိတတစ်ယောက်ပါ

ကောင်မလေးရေ ….
နင်ဆုံးဖြတ်ခဲ့တဲ့
ငါ့ရဲ့ ဒီအရှုံးဇာတ်မှာ
အကွဲအလွမ်းတွေနဲ့ပဲ
ပွဲပမ်းနေခဲ့တဲ့ ငါ့နှလုံးသားကို
(ခပ်ယဲ့ယဲ့ဖြစ်နေလို့)
အနားပေးပါရစေတော့ …. ။
            
ဒီလိုနဲ့ပဲပေါ့ …..
ငါ့ ဇာတ်လမ်းရဲ့ နောက်ဆုံးစာမျက်နှာထက်
အလွမ်းတွေ တပွေ့တပိုက်နဲ့
ကိုယ့်ဒဏ်ရာကို ကျောသပ်ပြီး
ငါ ပြန်လာခဲ့ဖူးတယ် ။
                           ကြယ်စင်ခ
သင်းကွဲနွေ မှာ ရင်ခုန်ကြသူများ (ကဗျာ၊စာစုများ ) မှ

In: ကဗျာ Posted By: Date: Apr 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment