Professional Authors

နောက်ဆုံးသော စား ပွဲလေး

ခန်းဆီး ကြားမှဝင်လာသော နေရောင်ခြည်လေးက သူ့မျက်နှာပေါ် ထိုးကျလာသည်။ သူ သူ့မျက်လုံးလေးကို ဖြေးညင်းစွာ ဖွင့်လိုက်သည်။ သူ့ခြေရင်းမှနာရီက ချက် ချက် ချက် နှင့် မှန်ကန်စွာသွားနေဆဲ။ သူ့ခြေရင်း စားပွဲပေါ်တွင် ဓာတ်ဘူး၊ ရေခွက် စသည်တို့က နေရာတကျ ရှိနေသေးသည်။ သူ့ ခေါင်းရင်းဘေးမှာတော့ အားဆေးအိတ်ကို ချိတ်ထား၏။ ထိုအားဆေးအိတ်ထဲမှ ဆေးရည်တို့သည် တစ်စက် တစ်စက် နှင့်ဖြည်းညင်းစွာ ကျဆင်းလျက် သူ့ကိုယ်ထဲသို့ စီးဝင်လျက်ရှိသည်။

မိမိ အခန်းထဲမှာပဲ မိမိ ရှိနေသေးသည်။ မိမိ မသေသေးသေးကြောင်းကို သူသတိပြုမိလိုက်၏။ “ဪ နောက်တစ်ရက်” ဟု စိတ်ထဲမှလည်း ငြီးလိုက်မိသည်။ “ဤည အိပ်ရင်းနှင့်သေသွားမည်လော” ဟူသောစိတ်ဖြင့် ညများကိုဖြတ်တန်းခဲ့သည်။ သို့သော်လည်း နောက်တစ်ရက်မနက်ကိုတော့ သူမျော်လင့်မိသည်။ သူ့ကို ဆရာဝန်က လက်လျှော့ပြီး ဆေးရုံကပေးဆင်းသည့်နေ့တွင် နောက်အလွန်ဆုံး တစ်လသာခံတော့မည်ဟု ဆရာဝန်က ပြောလိုက်သည်။ သို့သော် ဤနေ့ကား ဆေးရုံကဆင်းသည်မှာ နှစ်လပြည့်သောနေ့။

မည်သည်ကို မျှော်လင့်သဖြင့် မိမိ အသက် ရှည်နေသနည်း။ အသက် ခုနစ်ဆယ်ကျော် အဘိုးကြီး တစ်ယောက်အနေနှင့် မိမိမှာ ဘာမှမျှော်လင့်စရာမရှိတော့ ဟုသူ့ကိုသူထင်သည်။ သားသမီးတွေကို စိုးရိမ်နေ၍လား ဟု စဉ်းစားသည်။ မိမိ၏ တစ်ဦးတည်းသော သမီးဖြစ်သူသည်လည်း သူ့ဟာသူ ရပ်တည်နိုင်နေပြီ မဟုတ်ပါလော။ သူ့ကိုချစ်ခင်ပြီး သစ္စာရှိသော သူ့ခင်ပွန်းနှင့် အတူတူ လုပ်ငန်းများကို ဦးစီးလုပ်ကိုင်နေလေပြီ။ မိမိ၏ မြေးမလေးပင် ဤနှစ်တွင် ဆေးတက္ကသိုလ် စတက်တော့မည်။ အရာရာ အားလုံးကို မျက်လုံးမှိတ်ကာ ထွက်သွားနိုင်သည့် အခြေအနေ မဟုတ်ပါလော။ မထွက်သွားချင်လည်း မိမိသည် သူတို့ကို ကူညီရန် ဘာမျှမတတ်နိုင်တော့။ ယခုမိမိက အိပ်ရာထဲတွင်လဲနေသော၊ လမ်းပင်ကိုယ့်အားကိုယ်ကိုး မလျှောက်နိုင်တော့သော အဘိုးအိုကြီး။

သူ သူ့အခန်းပတ်ပတ်လည် ကိုကြည့်မိသည်။ အခန်း ၏နံရံ တစ်ဖက်ပေါ်တွင် ထောင်ထားသော ဓာတ်ပုံကြီးဆီသို့ သူကြည့်မိသည်။ လှပစွာ ရိုက်ထားသော ဓာတ်ပုံကြီး။ သူ၏ ချစ်ဇနီး နှင့် သူ၏ မင်္ဂလာဓာတ်ပုံ။ သို့သော် သူ၏ဇနီးသည်ယခုမရှိတော့။ သူ့ထက်စောစီးစွာ လောကကြီးထဲက ထွက်သွားပေပြီ။ နောက်တစ်ပုံကတော့ သူ့ သမီး ၏ဘွဲ့ယူနေသောပုံ။ သူအမြဲဂုဏ်ယူခဲ့ရသော သူ့သမီး။ ထို့နောက် သူ၏ စာကြည့် စားပွဲပေါ်တွင်ထောင်ထားသော ဓာတ်ပုံလေးတစ်ပုံကို ကြည့်မိသည်။ သူ၏စာကြည့် စားပွဲဟုဆိုသော်လည်း ယခုမဟုတ်တော့ပေ။ သူစာမကြည့်နိုင်သည်မှာ တော်တော်ကြာပေပြီ။ ယခုမှာ သူ၏ယခင်ကစာအုပ်များနှင့် ပစ္စည်းများတင်ရာစာပွဲတာ ဟုတ်တော့သည်။

ထိုစားပွဲ ပေါ်မှဓာတ်ပုံလေးကိုကြည့်မိသည်။ လေးလက်မ ခြောက်လက်မ ဓာတ်ပုံခပ်သေးသေးလေးသာဖြစ်သည်။ ဖြူမည်းနှင့်ရိုက်ထားပြီး အချို့နေရာတို့တွင် ဆေးများပင်ပျက်နေပေပြီ။ ထိုဓာတ်ပုံလေးထဲတွင်ကား လူလေးယောက်။ တောင်သမန်အင်း နှင့်ဦးပိန်တံတားကို နောက်ခံထားလျက်။ ထိုသူတို့သည် ငယ်ရွယ်ကြသည်။ အပစ်ကင်းစင်သော မျက်လုံးလေးများနှင့်။  မျက်နှာပေါ်တွင် လောဘကင်းကြသည်။ စိုးရိမ်ကြောင့်ကြ မရှိကြ။ “ထိုဓာတ်ပုံလေး၏ သက်တမ်း မည်မျှနည်း” သူစဉ်းစားမိသွားသည်။ အသက်ကြီး ၍အရာအားလုံးကို မေ့ရော့သည့်တိုင် ထိုနေ့ကို သူမည်သို့မေ့မည်နည်း။ စဉ်းစားမိရင်း လွမ်းဆွတ်မိသည်။ လွမ်းဆွတ်မိရင်း မျက်ရည်ဝဲမိ၏။

                                    ……………………………………………
“ဪ……..လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်က”

“နိုင် နင်တစ်ကယ် ရန်ကုန်သွားတော့မယ်ပေါ့။” နှင်းက ဝမ်းနည်းပက်လက် အသံနှင့်မေးလေသည်။
“ဟုတ်တယ် နှင်း၊ မနက်ဖြန် ငါတစ်ကယ် သွားရတော့မယ်။ အဲဒါကြောင့် ငါနင်တို့ကို ဒီမှာ မုန့်လိုက်ကျွေးတာ။ ဒီလိုပဲလေ ငါ့အဖေက အစိုးရဝန်ထမ်းဆိုတော့။ ဘာမှ အစိုးမရဘူး။ ပြောင်းဆိုတော့ပြောင်းရတာပဲ။”

ခင်မောင်က ဆက်ပြော၏။ “ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် နိုင်။ မင်းလည်းရန်ကုန် တက္ကသိုလ်ကို တက်ဖို့ အဆင်ပြေသွားတာပေါ့။ မင်း ဖေဖေလည်း ရန်ကုန်မှာတာဝန်ကျတယ်ဆိုတော့။”

“အင်း ငါ့မေမေ လည်းအဲဒီလိုပြောတာပဲ။ ဖေဖေနဲ့ မေမေကတော့ အစစ အဆင်ပြေပြီဆိုပြီး ဝမ်းသာနေကြတယ်။”

“ဘာလဲ မင်းကကော ဝမ်းမသာဘူးလား။ ဘာလို့လဲ မန်းမြေမှာ ဘယ်သူ့ကိုထားခဲ့ရမှာ လွမ်းရမှာမို့လို့လဲ။ ဟိတ်ကောင် မှန်မှန် ပြောစမ်း။”

“အား မင်းကလည်း လုပ်တော့မယ်။ အဲဒီလို မဟုတ်ပါဘူးကွာ။ ငါ့မှာ လွမ်းစရာဆိုလို့ မင်းတို့ပဲရှိတဲ့ဟာ။”

နှင်းက “အပိုတွေ။ ဟို တက္ကသိုလ်က ဟာမတွေနဲ့ တွေ့ရင် ငါတို့ကို လုံးလုံး သတိရတော့မှာမဟုတ်ဘူး။”

ခင်မောင်ကသာ “မင်းကလည်းကွာ ကောင်းဖို့ဖြစ်လာတာပဲ ဝမ်းသာစမ်းပါ။ ပြီးတော့ သတင်းကောင်း တစ်ခုပြောစရာရှိတယ်။ ငါလည်း နောက်နှစ် ရန်ကုန်ကို ပြောင်းရမလားမသိဘူး။ နိုင် မင်းဟိုမှာ တစ်ယောက်ထဲ ပျင်းမနေခိုင်းပါဘူးကွာ။”

“ဘာ…..နင်ကပါသွားဦးမယ်။” တစ်ချိန်လုံး ငြိမ်နေသော မြိုင်က ထအော်သည်။

ထို့နောက် အနောက်ဘက် ယွန်းယွန်းသို့ ဝင်လုစဲစဲ နေဝန်းနီနီကို ကြည့်၍ “ဪ ငါတို့ လေးယောက်လည်း နောက်ထပ် ဘယ်တော့မှများ ဒီလိုမျိုး တစ်စားပွဲထဲ တူတူ ထိုင်ပြီး ထပ်စားရမှာလည်းကွယ်” ဟု သဲ့သဲ့ ညည်း၏။

                                        ………………………………………………

ထိုနေ့သည် နှစ်ပေါင်းငါးဆယ်ပင်ကျော်သွားပြီလော။ သူ့စိတ်ထဲတွင်တော့ မနေ့ တစ်နေ့က အဖြစ်အပျက် သကဲ့သို့ရှိနေသေးသည်။ ထိုနေ့မှ မဟုတ် ခင်မောင်၊ နှင်း၊ မြိုင် တို့နှင့် သိခဲ့၊ ခင်ခဲ့သော နေ့ရက်အားလုံးသည်ပင် မနေ့တစ်နေ့က ကဲ့သို့ပင်။ သို့သော် ကြာညောင်းလှပေပြီ။ မိမိတို့သည်လည်း ကြီးရင့်လှပြီ။

                                                 ……………………………………………..

ထိုနေ့က ကျောင်းမှ အိမ်သို့ သူလမ်းလျှောက် ပြန်လာခဲ့သည်။ မလှမ်းမကမ်းမှာကား မိန်းကလေး နှစ်ယောက်။ သူတို့သည်လည်း သူ့လိုပင် နေ့တိုင်းလိုလို ဤလမ်းမှပင် လမ်းလျှောက်ပြန်ကြ၏။ မျက်မှန်းတန်းမိသည်များ ရှိသော်လည်း စကားတော့ တစ်ခါမှ မပြောမိကြ။

ထိုနေ့မှ ထိုကျောင်းသူ နှစ်ယောက်ကို အပြန်တွင် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေကြသော ကောင်လေးသုံးလေးယောက်က လိုက်၍နောက်ရှက်တော့သည်။ ပထမသော် မိမိနှင့်မဆိုင်ဟုနေနေ သော်လည်း မိန်းကလေးနှစ်ယောက်သည် တဖြည်းဖြည်းဣနြေ ပျက်လာတော့၏။ ဝင်မကူ၍ မဖြစ်တော့ဟုဆိုကာ အနားသွား၍ “နောင်ကြီးတို့ခင်ဗျာ လမ်းမကြီးမှာ မိန်းကလေး နှစ်ယောက်ကို မျက်နှာပျက်တဲ့ အထိစကားလိုက်ပြောတော့ မကောင်းဘူး ထင်တယ်ဗျာ။ ကိုယ့်လမ်းကို သွားကြပါတော့။” သို့သော် ထိုသူတို့က အုပ်စုနှင့် ဖြစ်၍ သူ့စကားကို မှုပင်မမှုချေ။ ပို၍ပင်ဆိုးသည်ကား သူ့ကိုပင် ဆွဲလားရမ်းလားလုပ်လာလေသည်။ သူ့ကဲ့သို့ ငပိန်ညောင်ငါးဖောင်ရိုးသည်လည်း ဟန်ကိုယ့်ဘို့ လုပ်ထားသော်လည်း တစ်ကယ်ဖြစ်လျင် ဘာမျှပြန်လုပ်တတ်မည်မဟုတ်။ လေးယောက်တစ်ယောက်လည်း မည်ကဲ့သို့မျှနိုင်စရာ အကြောင်းမရှိ။

ထိုအချိန်တွင် “ဟိတ်ကောင်တွေ အဲဒီလက်ကို လွှတ်လိုက်စမ်း”။ ဝင်လာသည့် အသံက ပြတ်သားသည်။ ရဲရင့်သည်။ လှမ်း၍အော်သူကား ကျွန်တော့ အတန်းထဲမှ ခင်မောင်ဖြစ်လေသည်။ လက်ထဲမှာလဲ တုတ်ကြီး တစ်ချောင်းကို ကိုင်လျက်။

“မင်းတို့က ဘာလဲ လေးယောက် တစ်ယောက် အနိုင်ကျင့်ချင်တာလား။ နာဖူးမကွဲချင်ရင် အေးအေးဆေးထွက်သွားနော်။” ထပ်၍ ကောလွှတ်၏။

ထိုအခါ အနောက်က မမများကလည်း “ဘာလေးယောက် တစ်ယောက် လည်း။ လေးယောက် သုံးယောက်။ အခု နင်ပါရင် လေးယောက် လေးယောက်။ ဟို လေးကောင် သတ္တိရှိရင် ချမလား။ နင်တို့ပါးတွေကို ငါတို့ ဖိနပ်စာကျွေးပစ်မယ်” 

ဟိုလေးကောင် ဆိုသည်မှာလည်း မိန်ကလေးများက ပြန်၍ ချဲသည်ကို ခံရသောအခါ ဘာပြန်လုပ်၍လုပ်ရမှန်းမသိ။ ပြန်ပြောရအောင်လည်းမဟုတ်။ အကွဲကြီးကွဲကာ လှည့်ပြေးတော့သည်။

“ဟိတ်ကောင်နိုင် ဘာဖြစ်သွားသေးလဲ။ နင်တို့ကော” ဟု ခင်မောင်က အနားရောက်လာကာ မေး၏။

“ငါတို့လည်း ဘာမှ မဖြစ်ပါဘူး။ ငါက နှင်း သူက မြိုင်။ တန်းခွဲ B က။ ငါတို့က အခုမှ ဒီကျောင်းကို ပြောင်းလာတာ။ အရင်က စိန့်မေရီ မှာတက်တာ။” 

“ဪ….. ငါက ခင်မောင်။ သူက နိုင် ငါတို့နှစ်ယောက်လုံး တန်းခွဲ C က။ နိုင်လည်း ဒီနှစ်မှ ဒီကျောင်းကို ပြောင်းလာတာပဲ။”

“ဟုတ်လား အရင်က ဘယ်ကျောင်းကလဲ နိုင်”

“ကျွန်တော်က တောင်ကြီးကပါ။ ဖေဖေက အခုမှ မန္တလေးမှာ တာဝန်ကျလို့။” “ဘာပဲဖြစ်ဖြစ် အခု လိုခင်ရတာဝမ်းသာပါတယ်။ ကျွန်တော်လည်း ဒီမှာသူငယ်ချင်းမရှိသေးဘူး။”

ထိုနေ့က စပြီး သူတို့ လေးဦးသည် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်။ ထိုစဉ်က သူတို့တွေ အဋ္ဌမတန်း။ အသက်များက ဆယ့်လေးဆယ့်ငါး နှစ်။ တန်းခွဲ မတူသော်လည်း အတန်းတူကြ သောကြောင့် တစ်ယောက်ကိုတစ်ယောက် ကူညီကြသည်။ အတန်း တစ်တန်း နှင့် တစ်တန်း မှတ်စုများကို လဲလှယ်ကြသည်။ တစ်ရောက်နားမလည်သောစာကို တစ်ယောက်က ရှင်းပြကြသည်။ တစ်ယောက် အိမ်တစ်ယောက်လိုက်၍ စာကျက်ကြသည်။ ကြုံရာအိမ်ပေါ်သို့ ထမင်းတက်စားကြသည်။ မန္တလေး မြို့တစ်ပတ် လျှောက်လည်ကြသည်။ မန္တလေးတောင်ပေါ် တက်သည်။ ကျောင်းပြေးကာ တောင်သမန်အင်းတွင် အကြော်သွားစားကြသည်။ ကျောင်းပိတ်ရက်များတွင် စစ်ကိုင်းသို့သွားသည်။ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးကြသည်။ မန်းမြေ တစ်ဝိုက်တွင် သူတို့ မလုပ်ဖူးတဲ့ အရာ၊ သူတို့ မရောက်သော အရပ်ရှိပါသေးစ။ စားအတူတူ သွားအတူတူ ကျောင်းအတူတူ တက်ခဲ့ကြသော သူငယ်ချင်းများ။

                                                ……………………………………………….

ထိုသူငယ်ချင်းတို့ နှင့် မတွေ့ရသည်ပင် နှစ်ပေါင်းမည်မျှရှိပြီနည်း။ ဘယ်ဆီကိုရောက်လို့ ဘာတွေလုပ်နေကြသနည်း။ ခင်မောင်နှင့် မတွေ့သည်ပင် နှစ်ပေါင်း လေးဆယ်ကျော်ပေပြီ။ ခြောက်ဆယ့်နှစ်ခုနှစ် အရေးအခင်းဖြစ်ကထဲက အမေရိကားသို့ထွက်သွားသည်မှာ လုံးဝပင်ပြန်မလာတော့။ သူနှင့်တော့ စာချင်းအဆက်အသွယ်ရှိပေသည်။ နှင်း နှင့် မြိုင် တို့သည်လည်း မန္တလေးမှာပဲလား။ သို့မဟုတ် အခြားသော အရပ်ကို ရောက်ကုန်ကြပြီလား။ မြိုင်ကတော့ အပျိုကြီးပင် ရှိဟန်တူသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ထိ သူ၏မင်္ဂလာသတင်းကို မကြားရ။ နှင်းနဲ့တော့ မှတ်မှတ်ရရ မိမိ၏ မင်္ဂလာဆောင်တွင် ထပ်တွေ့သည်။ မြိုင်ကတော့ သူ့အဖေ၏ဇာပန ကိစ္စနှင့်မို့ မလာအား။ နှင်း၏ မင်္ဂလာဆောင်ကိုလည်း မိမိ အလုပ်ကိစ္စနှင့် အင်္ဂလန်ရောက်နေ၍မသွားလိုက်ရ။ ဘယ်လိုပဲဖြစ်ဖြစ် မတွေ့ကြရသည်မှာ ကြာလှပေပြီ။ သူတို့သည်လည်း ယခုတွင် မိမိကဲ့သို့ အိပ်ရာထဲတွင်လှဲနေကြပြီလော။ နာရေးသတင်းတွင်တော့ မည်သူ့နာမည်မှ မပါသေး။ မိမိ နာမည် အရင်ဆုံးပါဖို့ အခွင့်အရေးကများလေသည်။

“ဖေဖေ နိုးနေပြီလား။ တောင်းပန်ပါတယ် ဖေဖေ သည်နေ့ သမီးနောက်ကျသွားတယ်။ နွေးနွေးရေ ဘိုးဘိုး အတွက် မျက်နှာသစ်ဖို့ ဇလုံနဲ့ တဘက်ယူခဲ့ကွယ်”

“မဟုတ်ပါဘူး သမီးရယ်။ ဒီနေ့ ဖေဖေ့ဘာသာ ဖေဖေစောစောနိုးနေတာပါ။”

“သမီး ဖေ့ဖေ့ ဘီဒိုအောက်ဆုံး အံဆွဲထဲမှာ ထည့်ထားတဲ့ မှတ်စုစာအုပ် အဟောင်းလေးကို ယူပေးပါလားကွယ်။ ပြီးတော့ ဖေ့ဖေ့ မျက်မှန်လေးပါ ပေးပါကွယ်။”

စာအုပ်သည် နှစ်ထမ်း ကြာရှည်လှပြီဖြစ်၍ စာရွက်တို့သည် ဆွေးမြည့်စပြုနေပေပြီ။ သို့သော် သူ့အတွက် အလွန်အဖိုးတန်သော စာအုပ်ဖြစ်သည်။ ထို့ကြောင့်လဲ သူသေချာ ထိန်းသိမ်းခဲ့ခြင်းဖြစ်လေသည်။ ထိုထဲတွင်ကား သူ၊ ခင်မောင်၊ နှင်း နှင့် မြိုင် တို့၏ မှတ်တမ်းများဖြစ်သည်။ သူတို့သွားခဲ့ကြသော အရာများ၊ လုပ်ခဲ့ကြသော အလုပ်များကို ရေးမှတ်ထားလေသည်။ သူ့ဘဝ၏ အပျော်ရွှင်ဆုံးနှင့် အရေးအပါဆုံးအချိန်များဖြစ်လေသည်။

ထိုအချိန်တွင် သမီးက တံခါးခေါက်သံ ကြား၍ အရှေ့သို့ထွက်သွားသည်။ ထို့နောက် သူ၏အခန်းဝသို့ လူတစ်ယောက်ရောက်လာ၏။ ခေါင်းတစ်ခုလုံး သည်ဖွေးဖွေးဖြူလျက်၊ အသားအရည်တို့သည် တွန့်သလောက် တွန့်နေပေပြီ။ မိမိ၏ ခန္ဒာဝန်ကို တုတ်ကောက်၏ အကူအညီယူကာ ဖြေးညင်းစွာ လျှောက်လျက် သူ့နားသို့ကပ်လာသည်။ ထို့နောက်

“နိုင်” ဟု ပီသစွာ ခေါ်သည်။

သူ၏ စိတ်ကထင်နေသည်လောဟု သူ့ဟာသူ ပြန်စဉ်းစားသည်။ သို့သော် အမှန်တကယ် ဖြစ်နေခြင်းဖြစ်သည်။ သူ၏ မျက်လုံးများမှားသလားဟု ထင်နေမိသည်။ သို့သော် ဤမျက်လုံး၊ ဤအသံ များ မှားစရာမရှိ။

“ခင်မောင်…..”

“ဟုတ်တယ် နိုင်။ ငါပါ။ ငါပြန်လာပြီ။”

“အနှစ်လေးဆယ်တောင်ရှိ သွားပြီနော် ခင်မောင်။”

“ဟား ဟား ဟုတ်တာပေါ့ကွာ။ မင်းတောင် အိပ်ရာထဲ လှဲနေပြီပဲဟာ။” “မင်းကိုတော့ နေကောင်းရဲ့လားလို့ မမေးတော့ပါဘူး။ ဘယ်လိုလဲ သူငယ်ချင်း သက်သာရဲ့လား။”

“အေးဒီနေ့ တော့ ဘာလို့မှန်းမသိဘူး သက်သာနေပါတယ်ကွာ။ နေပါဦး။ ခင်ဗျား ဘယ်တုန်းက ရောက်နေတာလဲ။”

“ကျုပ် လွန်ခဲ့တဲ့ တနင်္ဂနွေက ရောက်တယ်။ ပြီးတော့ မန္တလေးကို အရင်သွားလိုက်တာ။”

“ခင်ဗျားကြီး ကတော့ ကျန်းမာနေဆဲပဲကိုး။ သွားနိုင်လာနိုင်တုန်း ကောင်းတယ်။ ကျုပ်မှာတော့ အိမ်သာတောင် ကိုယ့်ဟာကို မသွားနိုင်တော့တဲ့ အခြေအနေ ရောက်နေပြီဗျာ။”

“ခင်ဗျားပုံက ကျုပ်ထင်ထားတာထက် ပိုမာပါသေးတယ်။ ဆရာဝန်ဘာပဲ ပြောပြောခင်ဗျားအသက်ရှည်ဦးမှာပါ။”

“ဖေဖေ စကားလည်းပြောရင်း ဆန်ပြုတ်လေးလည်း သောက်လိုက်ပါဦး။ ဦးကော ဘာသောက်မလဲရှင်။ ဆန်ပြုတ်ပဲ သောက်မလား။ Ovatine သောက်မလား ရှင့်။”

“ရပါပြီ သမီးရယ်။ ကျေးဇူးပါပဲ။ ဦးစားခဲ့ သောက်ခဲ့ပြီးပါပြီ။ ဦးလောလောဆယ် မဆာသးပါဘူး။ နေ့လည်စာနဲ့ ညစာတော့ ဦးလည်းဒီမှာပဲ စားဖြစ်မယ်ထင်တယ်။ ဟိုးတုန်းကတော့ အမေတွေကို ဒုက္ခပေးကြတယ်။ အခုတော့ သမီးတွေကို ဒုက္ခပေးတဲ့ အလှည့်။ ဟားဟား။”

“ကဲခင်မောင် ခင်ဗျားကြီးကနေနိုင်တယ်။ ထွက်သွားပြီး ကထဲကလုံးဝ ပြန်မလာဘူးနော်။”

“အေးကွာ ငါမင်းတို့ကိုကော ငါ့နိုင်ငံကိုကော လွှမ်းပါတယ်ကွာ။ ဒါပေမဲ့ အခြေအနေတွေကို မင်းလည်းသိနေလေရဲ့။ ဒါပေမဲ့ မင်းရဲ့သတင်းတွေကိုတော့ ငါအမြဲကြားပါတယ်။ မင်းဟာ မြန်မာနိုင်ငံရဲ့ စီးပွါးရေးလောကမှာပါ မကဘူး အရှေ့တောင်အာရှရဲ့ စီးပွါးရေးလောကမှာပါ အောင်မြင်တဲ့ သူဖြစ်လာတဲ့ သူတစ်ယောက် အကြောင်း။”

“ဟား ဟား အခုတော့ ကိုယ့်ဟာကိုယ်တောင် မပိုင်တော့တဲ့ လူကြီး တစ်ယောက်ပါကွာ။ ငါ့လုပ်ငန်းတွေကိုတော့ ငါ့သမီးနဲ့ သမက်က ဆက်ဦးစီးနေတယ်။” “ငါလည်းအိပ်ရာထဲ လှဲရော ငါ့ကို ဘယ်သူမှ ယောင်လို့တောင် တစ်ယောက်မှလာမတွေ့ကြဘူးကွ။ ဟား ဟား။ အဲဒီအချိန်မှာတော့ တစ်ဘဝလုံးလုံး ပျောက်နေတဲ့ သူငယ်ချင်းက ငါ့နားကိုပြန်ရောက်လာတယ်။” “သူငယ်ချင်း ငါမင်းကို သိပ်ကျေးဇူးတင်ပါတယ်။ ဒီနေ့ ငါသိပ်ပျော်တယ်ကွာ။” သူဝမ်းသာအားရပြောသည်။ မျက်လုံးထဲတွင်ကား မျက်ရည်များ ဝဲလျက်။

“ကဲ သူငယ်ချင်း မလိုအပ်တာတွေ ပြောမနေပါနဲ့ ကွာ။ ဒါနဲ့ ဟိတ်ကောင် ငါ စိတ်ဝင်စားတာ တစ်ခုရှိတယ်။ ဒေါ်တင်မေမြင့် ကြီးဘာဖြစ်သွားလဲဆိုတာ။”

“ဟား ဟိတ်ကောင် နှစ်ပေါင်း လေးဆယ့်ငါးနှစ် ကျော်ပြီ။ မင်း သူ့ကို မမေ့သေးဘူးလား။”

“ဘယ်မေ့မလဲကွ သူ့ကြောင့် ငါတို့နှစ်ယောက် ခြောက်လလောက်တောင် စကားမပြောပဲ ဖြစ်ခဲ့ကြသေးတယ်မလား။”

                                             ……………………………………………………………

တင်မေမြင့်    တင်မေမြင့် သည်ရန်ကုန်တက္ကသိုလ်၏ အလှဘုရင်မ ဖြစ်လေသည်။ ရန်ကုန် တက္ကသိုလ်ကို နိုင်ရောက်ပြီး နောက် တစ်နှစ်တွင် ခင်မောင်လည်းရောက်လာခဲ့၏။ သူငယ်ချင်း နှစ်ယောက် တက္ကသိုလ် အတူတူတက်ရင်း ခင်မောင်က တင်မေမြင့်ကို ပိုးပန်း၏။ ခင်မောင်ကို ကူညီရင်း နိုင်နှင့် တင်မေမြင့်ပါ ရင်းနှီးလာကြလေသည်။

တစ်နေ့တွင် နိုင်သည် တင်မေမြင့်နှင့် နှစ်ရောက်ထဲ ပါတီ တစ်ခုသို့သွားမိလိုက်သည်။ ဤသည်ကို ခင်မောင်သိသော် အကြီးအကျယ်ဒေါသထွက်ကာ နိုင်ကိုသေခန်းဖြတ်ဟုဆိုကာ စကားလုံးဝမပြောတော့ပေ။ တွေ့လျင်လည်း မခေါ်တော့။ နိုင်က မိမိ နှင့် တင်မေမြင့် ဘာမျှမဟုတ်ကြောင်း ရှင်းပြသည်ကိုလည်း နားမထောင်။ တင်မေမြင့်က ခေါ်သွားတာဟု ပြောပြ၍လည်းမရ။

                                         ………………………………………………………………..

“ဘာဖြစ်ရမလဲကွ။ သူဌေးသား တရုတ်ဘာဘူကြီးနောက်လိုက်ပြေးတာပေါ့။ အဲဒီတုန်းက ငါအဲဒီမိန်းမ ချောဆွဲတာကိုငါ ခံလိုက်ရတာ။”

“ဟား ဟား။ ငါမင်းကို ယုံပါတယ်ကွာ။ အဲဒီတုန်းကသာ ငါမွှန်ပြီး ကြောင်နေခဲ့တာပါ။”
“သူငယ်ချင်းရာ မင်းစဉ်းစားကြည့်ကွာ…..ငါတို့ဟာ ဘယ်လောက် ရယ်စရာ ကောင်းခဲ့လည်း ဆိုရင် ငါတို့ရဲ့ ပစ်သွားမယ့် သူတစ်ယောက် အတွက် ငါတို့ရဲ့ တန်ဖိုးအရှိဆုံးသူတွေနဲ့ ရန်ဖြစ်ခဲ့ကြတယ်။”

“အေးကွာ……”

အဘိုးအို နှစ်ယောက်တို့သည် ရှေးဟောင်းနှောင်းဖြစ်တို့ကို ပြောကြသည်။ ရယ်ကြသည်။ မောကြသည်။ အချို့နေရာတို့တွင် တစ်ယောက်နှင့် တစ်ရောက်ပြန်တောင်းပန်ကြသည်။ အချို့နေရာများတွင် တစ်ယောက် နှင့် တစ်ယောက် ကျေးဇူးတင်ကြသည်။ အချို့နေရာများတွင်ကား မျက်ရည်များဝဲလျက်။

ထိုသို့ စကားကောင်းနေကြဆဲတွင် အိမ်ရှေ့မှ တံကားခေါက်သံနှင့် အတူတူ အမျိုးသမီးကြီး နှစ်ယောက်သည်လည်း အခန်းဝသို့ ရောက်လာကြသည်။ တစ်ယောက်မှာတော့ မိမိဘာသာမိမိ သယ်ယူနိုင်ဟန်တူသေးသည်။ နောက်တစ်ယောက်မှာတော့ သူ့မြေးအရွယ် ကောင်မလေးတစ်ယောက်က တွဲလျက်။

“နှင်း…….. မြိုင်…….”

“ဘိုးနိုင် ကျွန်မတို့ ရှင့်သတင်း ကြားလို့ မန္တလေးက နေ ဆင်းလာခဲ့ရတာ။ ဘယ်လိုလဲ သက်သာရဲ့လား။”

“ဒီနေ့ ကျုပ်သက်သာနေပါတယ် နှင်း”

မြိုင်ကတော့ စာကြည့်စားပွဲပေါ်မှ ဓာက်ပုံလေးကို ကြည့်လျက် “ရှင့်မှာ ဒီပုံလေး အခုထိရှိသေးတာပဲကိုး။”

“ကဲအားလုံး နေ့လည်စာစားကြရအောင်။ နွေးနွေးရေ သမီး မေ့မေ့ကို ပြောလိုက်ပါ ဘိုးဘိုးကြီး ဒီနေ့ ထမင်းစားခန်း စားမယ်လို့။”

“ဘိုးနိုင် ရှင်ဒီမှာပဲစားပါလား။ ရှင်ထကော ထနိုင်လို့လား။ ကျုပ်တို့ကြောင့် အလကား အပင်ပန်းမခံစမ်းပါနဲ့ ရှင်။ အားနာ အရေးစိုက်ရမဲ့ သူတွေလည်း မဟုတ်ပဲနဲ့။”

“ငါစာပွဲမှာထိုင်စားချင်လို့ပါကွယ်။ ငါ့ကို မတားကြပါနဲ့။”

သူ သူ့ခုတင်မှ ကြိုးစား၍ထသည်။ တစ်ကယ့် တစ်ကယ်ထတော့ ထင်သလောက်မလွယ်။ သို့သော်သူကြိုးစားပြီးရအောင်ထ၏။

သူထရင်းနှင့် နှင်း၏စကားသံကို သူပြန်ကြားယောင်မိသည်။ “အားနာ အရေးစိုက်ရမဲ့ သူတွေလည်း မဟုတ်ပဲနဲ့။” မတွေ့ခဲ့ကြရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ။ ပြန်တွေ့တော့လည်း နေ့တိုင်းတွေ့နေရတဲ့ သူကဲ့သို့ “အားနာ အရေးစိုက်ရမဲ့ သူတွေလည်း မဟုတ်ပဲနဲ့။” တဲ့။ သူဝမ်းလည်းသာ၏။ ဝမ်းလည်းနည်းသည်။

ထိုဝမ်းနည်း ဝမ်းသာစိတ်ဖြင့်ပင် ထမင်းစားစားပွဲ ဆီသို့ရောက်အောင်သွားသည်။ ထမင်းစားပွဲမှာ ထိုင်မစားခဲ့ရသည်မှာ ကြာခဲ့ လေပြီ။ သို့သော် ဤသူငယ်ချင်းများနှင့် တူတူ ထိုင်မစားခဲ့ရသည်ကား ပို၍ပင်ကြားခဲ့လေပြီ။ “နောက်ထပ် ဘယ်တော့မှများ ဒီလိုမျိုး တစ်စားပွဲထဲ တူတူ ထိုင်ပြီး ထပ်စားရမှာလည်းကွယ်” ဟူ၍ မြိုင် ပြောခဲ့သကဲ့သို့ပင် နှစ်ပေါင်းမည်မျှနည်း။ မရှိဘူး ဆိုလျင်တောင် နှစ်ပေါင်းငါးဆယ်ကျော်လာခဲ့ပေပြီ။

“မြိုင်…..တောင်သမန်အင်းမှာ  မြိုင် တမ်းသခဲ့တဲ့ ဆန္ဒလေးတော့ ပြည့်ပြီထင်တယ်။”

“ဪ ဘိုးနိုင် ရှင်အဲဒါကို အခုထိမမေ့သေးဘူးပေါ့။ ရှင်အဲဒါကြောင့် အပြင်ထွက်စားတာကိုး။ ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မ အနှစ်ငါးဆယ် ကျော်တမ်းတခဲ့တဲ့ ဆန္ဒက ဒီနေ့ပြည့်သွားပါပြီ။”

ထိုအခါ နှင်းက “ဘိုးနိုင် ရှင်ကအဲဒါမှတ်မိ တယ်ဆိုရင် ကျုပ်တို့က ရှင်တို့ရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုတာကိုလည်း မမေ့လောက်ပါဘူး နော်။”

“ဟား ဟား၊ ဘယ်လိုလုပ် မေ့မှာလဲဗျာ။”

ထိုတစ်နေ့က ခင်မောင်ခေါင်းဆောင် သဖြင့် ကျောင်းပြေးကာ တောင်သမန်အင်းထဲတွင် လှေသွားလှော်ကြခြင်း ဖြစ်သည်။ ခင်မောင်ဆိုသည့် ကောင်က ရေလည်းမကူးတတ်။ လှေပေါ်မှာလည်း အငြိမ်မနေ။ မကြာခင် လှေမှောက်လေတော့သည်။ ရေမကူးတတ်သော ခင်မောင် ကဦးစွာနစ်သည်။ နိုင်ကသွားဆယ်ရာတွင် ခင်မောင်က ဆွဲရမ်း ရုန်းကန်သဖြင့် နိုင်ပါနစ်တော့သည်။ ရေကို ကောင်းကောင်း ကူးတတ်သော နိုင်နှင့်မြိုင် တို့က ထို နှစ်ယောက်လုံးကို ဆယ်ရလေတော့သည်။ ကျောင်းပြေးပြီး လှေသွားလှော်ကြ သည်ကို အိမ်ကိုလည်း မည်သူမျှ ပါးစပ်မဟရဲကြ။ မိမိတို့၏ ရေစိုနေသော အင်္ကျီများကို နေပူထဲတွင် မခြောက်ခြောက် အောင် အခြောက်ခံပြီး အိမ်ကို ပုံစံမပျက် ပြန်ကြလေသည်။ ရေနစ်သော်လည်း အမှတ်ကမရှိကြ။ နောက်ရက်များလည်း သွားကြသေးသည်ပင်။

တောင်သမန်အင်းမှ အကြော်ဆိုင်သည် သူတို့၏မိတ်ဆွေဖြစ်၏။ ဦးပိန်တံတားသို့ မရောက်သည့်အပတ်မရှိ။ အကြော်များ အသုပ်များကို တစ်ပန်းကန်ထဲမှ အတူတူ စားကြသည်။ ထိုအချိန်က သူတို့ စားပွဲပေါ်မှ အရာတို့သည် အချဉ်၊ အငံ၊ အစပ်၊ တကျွတ်ကျွတ် နှင့် ဝါးရသော အစားအသောက်များ။ သို့သော် ယခု သူတို့၏ စားပွဲတွင်ကား ဆန်ပြုတ်၊ စွပ်ပြုတ်၊ ပျော့၍ဝါးရလွယ်သော အစားအစာများဖြစ်လေသည်။

စားပွဲ ပေါ်မှ အစားအစာတို့သည်ပြောင်းလဲသွားသော်လည်း ပြောကြသောစကားတို့သည် မပြောင်းလဲ။ ရယ်မောသော ရယ်သံတို့သည် မပြောင်းလဲ။ ဆက်ဆံသော အပြုအမူတို့သည်လည်း မပြောင်းလဲ။ ခေါ်ဝေါ်သော အခေါ်အဝေါ်တို့သည်လည်း မပြောင်းလဲကြပေ။

သူတို့ပြောသော စကားထဲတွင် ခင်မောင် မန္တလေးတောင် တက်သည့်လမ်းတွင် ခွေးဆွဲသဖြင့် သစ်ပင်ပေါ်တက်ပြေးရသည့် အကြောင်းလည်းပါသည်။ နိုင် အတန်းထဲတွင် ဒဏ်ပေးခံရသည့် အကြောင်းလည်းပါသည်။ နှင်းကို မည်သူတို့က စာပေးခဲ့သည်ဆိုသည့် အကြောင်းလည်းပါသည်။ မည်သူအိမ်က ထမင်းသည် အကောင်းဆုံး၊ မည်သူ့အမေသည် ဟင်းချက် အကောင်းဆုံးဆိုတာတွေကို ငြင်းခုံကြသည်။ မြစ်ထဲတွင်ရေ ကူးရင်း ခင်မောင့် ပုစိုးကြီး ကျွတ်ပါသွားသည့် အကြောင်းကိုလည်း ပြောပြောပြီးရယ်ကြသည်။ အသက် ခုနစ်ဆယ်ကျော်အဘိုးအဘွားအိုတို့၏ ထမင်းဝိုင်းသည် ကလေးတို့၏ထမင်းဝိုင်းပမာ ဟန်ဆောင်ခြင်းကင်းလျက် ဆူညံသကဲ့သို့ရှိနေသည်။

“နိုင် ငါတို့တွေ နှစ်ပေါင်း များစွာ မတွေ့ပဲ အခုလို ပြန်တွေ့ကြတော့ ဘယ်လိုထင်လဲ။ ပိုတော် ပိုကောင်းလာတဲ့ သူတွေဖြစ်လာရဲ့ကြလား။”

“ငါတို့တွေ ပိုပြီး အို သွားကြတာတော့ အမှန်ပဲ။ ပိုတော် ပိုကောင်းတဲ့ သူတွေဆိုတာထက် အခုငါတို့အားလုံး ပြန်တွေ့တဲ့ အချိန်မှာ ငါတို့တွေရဲ့ ဘဝတွေဟာ ပိုပြီး အဓိပ္ပာယ်ရှိလာတယ်လို့တော့ခံစားရတယ်။”

ငါတို့ရဲ့ ဘဝတွေကို စစချင်းမှာ ငါတို့ သူငယ်ချင်း လေးယောက်က အတူတူ အားအင်တွေပေးပြီး လောကကြီးထဲကို တိုးဝင်ခဲ့ကြတယ်။ ဒီကြားထဲမှာ ငါတို့ စိတ်ဆိုး၊ စိတ်ကောက်ခဲ့ကြတဲ့ အချိန်တွေ၊ အဆက်အသွယ်ပြတ်နေတဲ့ အချိန်တွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ အခု ငါတို့ ဘဝတွေရဲ့ နောက်ဆုံး နေဝင်ချိန်တွေမှာလည်း ငါတို့  တွေဟာ တူတူရှိနေကြပြန်တယ်။ တစ်ယောက်ကို တစ်ယောက် အင်အားတွေပေးရင်းနဲ့ပဲပေါ့။

ထိုနေ့ညမှာ သူဟာ အိပ်ရာထဲကို ပျော်ရွှင်စွာဝင်ခဲ့၏။ သူမည်သည့် အရာကိုမျှော်လင့်သဖြင့် အသက်ရှည်နေသေးသနည်း ဟူသော မနက်က သူ့ဟာသူ မေးခဲ့သောမေးခွန်းကို ပြန်စဉ်းစားမိ၏။ ထို့နောက်အရာရာ အားလုံးကိုကျေနပ် စွာနှင့် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။ သူ့ဘဝ၏ နှစ်ခြိုက်စွာ ထာဝရ အိပ်မောကျခြင်းဆီသို့။

သူတို့ နောက်ဆုံးစားခဲ့သော စားပွဲလေးကတော့ သိမ်းဆည်းပြီးလေပြီ။ သို့သော် သူတို့၏ စကားသံ၊ ရယ်မောသံတို့သည် ပဲ့တင်သံထပ်နေဆဲ။ သူငယ်ချင်းတို့၏ ဖြူစင် ခိုင်မြဲသော သံယောဇဉ် တို့သည် နောင်ဘဝ အဆက်ဆက်ထိခိုင်မြဲပါစ။

(သူငယ်ချင်းများ အားလုံးကို ရည်ညွှန်းလျက်…………
မောင်ပိုင်)

In: ဝတ္ထု Posted By: Date: Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment