Professional Authors

“သင်္ကြန်မှာ စူးတဲ့သစ္စာ…….”

“သင်္ကြန်မှာ စူးတဲ့သစ္စာ…….”

သွားပါပြီကွာ…..ဒီနှစ်သင်္ကြန် မားသားကြီးက မန္တလေးက ဘွားတော်ကြီးအိမ်မှာ မောင့်ကို ဂျူတီချထားတယ်….ဟု မျက်နှာ သုန်သုန်မှုန်မှုန်နဲ့ ပြောနေတဲ့ မောင့်ကို ကြည့်ရတာ သိပ်ရယ်စရာကောင်းတာပဲ…..။

သြော် မောင်ရယ် ကိုယ့်အဖွားကျန်းမာရေး မကောင်းလို့ သွားပြုစုပေးရတာများ ဒုက္ခကြီးကျနေတာပဲ….ယူတတ်ရင် ကုသိုလ်တောင်ရသေး…..သွားလိုက်ပါ သင်္ကြန်ဆိုတာ ဒီတစ်နှစ်တည်းရှိတာမှ မဟုတ်တာလေ……ဟု မောင့် စိတ်ပြေရာပြေကြောင်း ကျွန်မကပြောတော့……မောင်တစ်ယောက် ကျွန်မကို ပေစောင်းစောင်းကြည့်လျှက်

အင်းပေါ့လေ…..ရန်ကုန် သင်္ကြန်မှာဆိုလည်း ဒီကောင်က တစ်ကိုယ်တော်ပဲ….. ချစ်သူလေးတစ်ယောက်ရထားပါတယ်…..သူများတွေလို သင်္ကြန်မှာ အတူတူ ကဲရတယ်လို့ကို မရှိဘူး….အိမ်ကို အကြောင်းပြပြီးတော့ပဲ ငြင်းနေတော့တာ…..ဘော်ဒါတွေက သူတို့ကောင်မလေးတွေနဲ့ သာယာနေတဲ့အချိန် ဒီကကောင်က သူ့ကို ရေလောင်းဖို့တောင် အနိုင်နိုင်……ခင်ဗျားလေးကိုလည်း မုန်းတယ်ဗျ….သိလား….။

ဟော ကြည့် ကျွန်မဘက် မြှားဦးလှည့်လာပြီ…..။ ကျွန်မက သင်္ကြန်နဲ့ပတ်သက်ရင် ဘာ feeling မှ မရှိတာ မောင် အသိဆုံး….။ ရေစိုလိုက် နေပူလိုက်ဒဏ်ကိုလည်း ကျွန်မ မခံနိုင်ဘူးလေ…..နောက်ပြီး မောင်နဲ့ အတူတူမလည်ဘူးဆိုတာက ခါကြီးရက်ကြီးမှာ မိဘတွေကို လိမ်ပြီး မထွက်လည်ချင်တာလည်း ပါတယ်…။ အိမ်က သိထားတာက ငါတို့သမီးလေး သူငယ်ချင်းတွေနဲ့ ရေပက်ခံထွက်နေတာ တကယ်တမ်းကျတော့ ကိုယ်က ချစ်သူနဲ့ ကဲနေတာ…..ပြီးတော့ ရေကစားမဏ္ဍပ်တွေရှေ့ရောက်တိုင်း မောင်က ရေကာပေးတဲ့အခါ ကျွန်မကလည်း အလိုက်တသင့် မောင့်ရင်ခွင်ထဲ တိုးလို့ဝင်မိမှာပဲ

သင်္ကြန်ဆိုတာ လူတော်တော်များများ ထွက်လည်တတ်ပါဘိနဲ့

အိမ်က အသိတွေ အမျိုးတွေတွေ့သွားမှဖြင့် ကိုယ့်မိဘပါ အရှက်ကွဲမှာ…..

ဒါမှ မောင်နဲ့ အတူတူ နှစ်ဆန်းတစ်ရက်နေ့ ဘုရားတက်ခွင့်ပါ Auto အပိတ်ခံရတော့မှာလေ….။ ကျွန်မ အိမ်ကလည်း တစ်နှစ်ထက်တစ်နှစ် ဆန်းပြားလာတဲ့ သင်္ကြန်ရဲ့ ထုံးစံတွေကြောင့် သင်္ကြန်ဆိုရင် အုပ်ထိန်းသူ ကြီးကြီးမားမားပါမှသာ ခွင့်ပြုချင်ကြတာ….။ မိဘတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ပျော်ရတဲ့အပျော်မျိုးကိုလည်း ကျွန်မ မကြိုက်တာပါတာပေါ့…..။(ကျွန်မ သမီးအလိမ္မာမဟုတ်သေးပါဘူး…… ဒါပေမယ့်……သင်္ကြန်ရဲ့ပရိယာယ်အချို့ကြောင့်တော့ သင်္ကြန်တွင်းဆိုရင် မိဘအရိပ်မှာသာ နေရတာ ပို နှစ်ခြိုက်ပါတယ်….)

ကျွန်မရဲ့ အဲဒီ့လို အကျိုးသင့် အကြောင်းသင့် ပြောပြခြင်းတွေကို မောင်က စိတ်လိုနေရင်တော့ ထောက်ထောက်ခံခံ နားထောင်ပေးပြီး ခုကျမှ ကျွန်မကို စကားနာထိုးနေပြီ……။ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်မကတော့ မောင့်ကို ရန်ကုန်သင်္ကြန်မှာ အပျော်ကျူးနေမှာထက်    မန္တလေးက မောင့်အဖွားအိမ်မှာ ပို စိတ်ချမိတာတော့ အလွန်အမင်းပါပဲ…..။ (ကျွန်မကို သူငယ်ချင်းတွေက ပြောဖူးတယ် ကျွန်မက မောင်နဲ့ ပတ်သက်လာရင် အရမ်းကို ချုပ်ချယ် ပူပန်လွန်းတတ်တဲ့သူတဲ့…..)

ထို့နောက် ကျွန်မလည်း မောင် ပြောလာတဲ့ စကားကို မောင်လို မျက်နှာဘေးမျိုး ဟန်လုပ်ပြီး

“အောင်မာ ဒါကတော့ မောင်ညစ်တာပဲ သဲဘက် ဘာလို့ မြှားဦးကလှည့်လာတာလဲ (၃)နှစ်လုံးလုံး တွဲလာတဲ့ ကောင်မလေးကို သင်္ကြန်အတူတူ မလည်ပေးတာနဲ့ပဲ မုန်းတယ်လို့ ပြောထွက်ရက်တယ်နော်…….တကယ်ပဲ လူယုတ်မာ အသေးစားလေး…..” ဟု ကျွန်မက ပြန်ပြောတော့ မောင်က ရယ်လျှက်

“စတာပါကွာ…..မောင် စိတ်တိုနေတာ မောင် ဒီမှာပဲ နေချင်တာကွ ဟိုကောင်တွေနဲ့လည်း မဏ္ဍပ်ထိုင်ဖို့ စီစဉ်ပြီးပြီ  ကားလည်း လည်ဖြစ်မှာ…..သဲကိုလည်း ရေ ပထမဆုံးလောင်းချင်သေးတာ…..ဘာမှန်းမသိဘူး….ခုတော့ ခြေရှုပ်မိပါပြီ……”လို့ စိတ်ဆင်းရဲကြီးစွာပြောနေသော မောင့်ရဲ့မျက်နှာလေးကို ကျွန်မ သဘောကျစွာ ငေးကြည့်မိနေရင်း

“သြော် မောင် မေ့နေလိုက်တာ …..ဒီနှစ် စနေ သားသမီးတွေ အတာ စားမှာနော် မောင်က စနေသားဆိုတော့ အိမ်မှာလည်း တာအိုး ၂ အိုး ထိုးဦး……ပြီးတော့ မောင် ဘုရားတရား များများလုပ်ပေးနော်…..တာစားရင် ကံနိမ့်တတ်တယ်တဲ့ မောင်ရဲ့…….”

ကျွန်မ ခုလို သတိတရ အသိပေးလာမှုကို မောင်က

“တာစားတယ်……… အင်း မေမေလည်း အိမ်မှာ အဲဒါပြောနေတာ….ဒီခေတ်ကြီးမှာ ဒါတွေ အယူမှမရှိကြတော့တာကွာ…..လျှောက်ပြီး စိတ်ပူမနေနဲ့  သြော် ဒါနဲ့ တစ်ခုတော့ရှိတာပေါ့နော်…..သဲ ဒီမှာ သင်္ကြန်တွင်း အိမ်သားတွေမပါဘဲ သူငယ်ချင်းတွေနဲ့ လျှောက်လည်ရင် မောင် မန္တလေးမှာ တစ်ခုခုဖြစ်မှာနော်……”လို့ ကျွန်မကို ပြောတယ်…….။

မောင်က အဲဒီလိုပါပဲ…… ကျွန်မတို့ ချစ်သူ စဖြစ်ကတည်းက သိပ်ကျိန်တတ်တာ……တခါတလေ သူတစ်ခုခုများ ဖြစ်တဲ့အချိန် ကျွန်မ က ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူတူ ထိုင်နေတာပဲဖြစ်ဖြစ် စကားပြောနေတာပဲဖြစ်ဖြစ် ရှိနေကြည့်ပါလား….. ကျွန်မ ခုလိုတွေလုပ်လို့ သူဖြစ်ရတာ ဆိုပြီး ပြသနာ ရှာတတ်တဲ့လူမျိုး…..။ သူ့ကို အသိမပေးဘဲ ဘယ်မှမသွား ဘာမှ မလုပ်ဖြစ်အောင်ထိ သူ့ကိုသူ အနစ်နာခံပြီး ကျိန်တွယ်တတ်တဲ့မောင်လေ…..။ မောင် ကျွန်မကြောင့် နာကျင်မှာ ထိခိုက်မှာကို အဆုံးစွန်ထိ ငြင်းပယ်တတ်တဲ့ ကျွန်မက မောင် မကြိုက်တဲ့ ဘယ်အရာကိုမှ စိတ်နဲ့တောင် မကြံစည်တတ်ဘူးဆိုတာ မောင် သိဖို့ကောင်းတယ်….။ ဒါပေမယ့် မောင် ခုလို ကျိန်တွယ်ပုံကိုလည်း ကြည့်ပါဦး……ကျွန်မက သင်္ကြန်တွင်း လျှောက်လည်ရင် သူ တစ်ခုခုဖြစ်တဲ့….။ သင်္ကြန်မှာ အတာစားပါတယ်ဆိုနေမှ မောင်က ခုလို ကျိန်လာပြန်တော့ ကျွန်မ ရင်ပိုမောမိပါတယ်…..။ ကျွန်မ အနေနဲ့ ဘယ်မှသွားဖို့လည်းအစီအစဉ်မရှိပါဘူး…..အထူးသဖြင့် မောင် ရန်ကုန်မှာ မရှိတဲ့ ဒီနှစ်သင်္ကြန် ပိုပြီးတော့တောင် စိတ်ရော လူပါ အိမ်ထဲမှာ နေသာထိုင်သာ ရှိနေဦးမှာ……။ (မနှစ် မနှစ်တွေက သင်္ကြန်တွေ ဆိုရင်တော့ ကောင်မလေးတွေနဲ့ လွယ်လွယ်ကူကူ ခင်မင်လွယ်တတ်တဲ့ မောင့်ကြောင့် ကျွန်မ စိတ်မောခဲ့မိတာ အမှန်ပဲလေ…..)

ဒီတော့ ကျွန်မကလည်း အားကျမခံ “ရတယ်လေ မောင် မန္တလေးမှာ ကောင်မလေးတွေနဲ့ ကဲနေရင် သဲ ဒီမှာ တစ်ခုခုဖြစ်….” ဟု ပြန်ပြောလိုက်တော့ မောင်က ပျာပျာသလဲ “ဟာ သဲကလည်း မောင်က ဟိုမှာ တူလေးနဲ့ ရေဆော့ရင်းတော့ ကောင်မလေးတွေကို ရေလောင်းမိရင် လောင်းမိမှာပေါ့…..အဲလို ပြန်မပြောရဘူးလေ” လို့ စိုးရိမ်တကြီး ပြန်ပြောလာပါတယ်…..။

“ဟင် မောင်ကလည်း ရေလောင်းတာတော့ ပါမလားကွ မောင် ဟိုမှာ ရေကစားတာထက်ပိုပြီး အီစီကလီတွေ ထုနေရင် သဲလည်း ဒီမှာ တစ်ခုခုဖြစ်မှာပဲ…..ဒါပဲနော် မောင် …..မောင် သစ္စာဖောက်တာနဲ့ သဲ ထိခိုက်မှာ သဲအတွက် ထည့်မတွေးဘူးဆိုရင်တော့ မောင့်သဘောပဲ” ဆိုတဲ့ ကျွန်မရဲ့စကားအဆုံးမှာ မောင် ကျွန်မကို စိတ်မသက်မသာစွာဖြင့်ကြည့်လျှက်…….လေးလေးဖင့်ဖင့်သက်ပြင်းရှည်တစ်ချက် ခြွေချလိုက်ပါတယ်….။ (တကယ်ဆို မောင့်ရဲ့ သက်ပြင်းချသံကို ကျွန်မ ကောင်းစွာ နားလည်ခဲ့ဖို့ ကောင်းတယ်……)

မောင့်ရဲ့ ကျွန်မကို စိတ်မချမှုကလည်း မနှစ်တွေကထက်ကို ပိုလွန်းတယ်……။ ခုလည်းကြည့်လေ…..ကျွန်မ အိမ်မှာ ရှိမရှိ ဖုန်းအမြဲဆက်ပြီး Check လုပ်နေတော့တာပဲ……ခက်တာက မောင့်အဖွားအိမ်မှာ လိုင်းဖုန်းမရှိဘူး….. CDMA ဖုန်းကိုင်တဲ့ မောင့် ဘဘကြီးကလည်း တောင်ကြီးဘက် ခရီးထွက်သွားတာကြောင့် မောင်က လိုင်း သိပ်မမိတဲ့ သူ့ဖုန်းကို အားပြုပြီး ကျွန်မရဲ့ သင်္ကြန်အကြိုနေ့အစီအစဉ်ကို မေးပါတယ်…..

“မောင် ….. သဲ အကြိုနေ့ လမ်းထဲက စတုဒီသာ မဏ္ဍပ်ကို မုန့်လုံးရေပေါ်လုံးမှာမို့ ထန်းလျှက်လှူထားတယ်….ပြီးတော့ မုန့်လုံးရေပေါ်လည်း ၀ိုင်းလုံးပေးဖြစ်မယ်….” ဟု ကျွန်မ ပြန်ဖြေတဲ့အခါ “သိပ်လိမ္မာတဲ့ မောင့်ချစ်သူလေးကွာ ” လို့ မောင်က ချီးမွမ်းစကားဆိုခဲ့သေးတယ်……။

တကယ်တော့ စနေသားဖြစ်တဲ့ မောင့်အတွက် ရည်ရွယ်ပြီး မောင့်နေ့နံ ထန်းလျှက် ဒါနပြုပေးခဲ့တာကို မောင် သိရင်ရယ်မှာ စိုးလို့ ကျွန်မ ထိုအချင်းအရာကို ထိန်ချန်ခဲ့မိတယ်….။

အကျနေ့

မောင့်ဖုန်းက သိပ်လူလည်ကျတာပဲ ကျွန်မဘက်က စခေါ်တိုင်း No Service Area တဲ့….။ ယောင်မှားပြီးတော့တောင် ဖုန်းလိုင်း မ၀င်ဘူး…..(ကျွန်မလေ အဲဒီ့အချိန်တွေတုန်းက ဖုန်းလိုင်းကိုပဲ မေတ္တာပို့နေခဲ့တာ….။)မောင်က ဖုန်းခေါ်ပြန်တော့လည်း အိမ်ရှေ့စတုဒီသာ မဏ္ဍပ်မှ ဖွင့်ထားတဲ့ သီချင်းသံတွေကြောင့် ကျွန်မ ဖုန်းသံမကြားရ၍

 ဖုန်းမကိုင်ဖြစ်တာကို မောင်က ပြသနာရှာပါတယ်….။ တစ်ခုရှိသေးတယ်……ကျွန်မ အိမ်မှာ ဆိုတာကို မယုံလို့ထင်ပါရဲ့…..မောင်က သူ ကျွန်မအတွက် CD burn ပေးထားတဲ့ သီချင်းခွေထဲက သီချင်းတစ်ပုဒ်ဖွင့်ဖို့ တောင်းဆိုလာတယ်…..။ ကျွန်မလည်း မေမေဖွင့်ထားတဲ့ တရားခွေကို ပိတ်ပြီး မောင့် သံသယတွေရှင်းရှင်းလင်းလင်းဖြစ်သွားအောင် မောင် သိပ်ကြိုက်တဲ့ “မိန်းကလေးတစ်ယောက်ကို ချစ်မိရင်” သီချင်းလေးဖွင့်ပြခဲ့တာမို့…….မေမေဆူတာတောင် ခံရသေးတယ်…..။

ကိုယ့်ချစ်သူက သင်္ကြန်တွင်းမှာ ကိုယ်မပါဘဲ အပြင်မှာ ပျော်ပါးနေတာကို ကြည်ကြည်ဖြူဖြူခွင့်ပြုနိုင်တဲ့လူရယ်လို့ ဘယ်ရှိပါ့မလဲ…..အနည်းဆုံးတော့ စိတ်အေးချမ်းမှုတွေ ပျောက်ဆုံးနေမှာပဲ….ကိုယ့်ချစ်သူက သင်္ကြန်ကို သင်္ကြန်လို သဘောထားပြီး ပျော်နေသည့်တိုင်အောင်….. ရန်ဖြစ်တဲ့ထဲမှာများပါမလား…..ကားနဲ့လည်ရင်လည်း ကားတစ်ခုခုဖြစ်မလား…..ရယ်လို့ တွေးပြီး ပူပန်နေမယ်ဆိုတာ ကျွန်မ ကိုယ်ချင်းစာလို့ရပါတယ်….။ သေချာတယ်….ကျွန်မ မောင့်အတွက် စိတ်ပူနေသလို…..မောင်လည်း ထိုနည်းတူစွာ ခံစားချက်တို့ ဖြစ်တည်နေမယ်ဆိုတာပေါ့။

အကြတ်နေ့

ဒီနေ့ လမ်းထဲမှာ မုန့်ဟင်းခါးကျွေးမှာမို့ ကျွန်မ ငှက်ပျောတိုင်တွေ ၀ိုင်းကူ လှီးဖြတ်ပေးပါတယ်…..။ ငှက်ပျောတိုင်တချို့က ရင့်တော့ ဓားကို အားစိုက်ပြီး လှီးနေရင်းက ကျွန်မရဲ့လက်ညှိုးနဲ့လက်ခလယ် ဓားထိသွားပြီး ဓားမှာရော လှီးလက်စ ငှက်ပျောတိုင် အပိုင်းအစတွေမှာပါ ကျွန်မ လက်ကထွက်တဲ့ သွေးတွေ ချင်းချင်းနီခဲ့တယ်…..။ ဓားကလည်း ထက်….. အားကလည်း စိုက်ခဲ့တာမို့ ကျွန်မရဲ့ ဒဏ်ရာက နည်းနည်းနက်တယ် ထင်ပါရဲ့ ဘေးက ၀ိုင်းကူနေတဲ့လူတွေ ကျွန်မအနားအုံခဲလာပြီး ဆေးထည့်ပေးသူက ထည့်ပေး…… ပတ်တီးစည်းပေးသူက စည်းပေးနေတဲ့အထိ သွေးက မတိတ်သေးဘူး……။ ထိုအချိန်မှာ ကျွန်မ သူငယ်ချင်းမလေး နွေးနွေးဆီက ဖုန်းဝင်လာပါတယ်…။ ကျွန်မ Answer နှိပ်နှိပ်ခြင်းမှာပဲ…..နွေးနွေးရဲ့ အသံခပ်စူးစူးလေးတွေက ကျွန်မရဲ့ နားကို အပ်နဲ့ ထိုးသလို ခံစားချက်မျိုး ပေးခဲ့တယ်….။

” မိန်းမ ယုရေ နင်တော့ အလိမ်ခံရပြီ……နင့်လူ မန္တလေးမှာ မဟုတ်ဘူးဟဲ့…….ခု ကန်တော်ကြီး ပတ်လမ်းက(****)မဏ္ဍပ်မှာ ကောင်မလေးတစ်ယောက်နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေတာဟယ် မြင်လို့တောင် မကောင်းဘူး….နင် သိအောင်လှမ်းပြောတာ သူတို့ မဏ္ဍပ်က ငါတို့ထိုင်တဲ့ မဏ္ဍပ်နဲ့ ဘေးချင်းကပ်ပဲ” ဟု ပြောလာတဲ့ နွေးနွေးရဲ့စကားကိုကြားတော့ ကျွန်မ ရင်ထဲမှာ စူးနင့်သွားရင်း လက်က သွေးမတိတ်သေးတဲ့ ဒဏ်ရာကို ကြည့်လျှက် “ဟာ ဟုတ်လို့လား သူ အခု မန္တလေးက သူ့အဖွားအိမ်မှာပါ……ငါနဲ့တောင် ဖုန်းပြောဖြစ်သေးတယ်….နင်နော် ငါ သူနဲ့ပတ်သက်လာရင် အရမ်း serious ဖြစ်တတ်လွန်းလို့ လာ စ မနေနဲ့ ဒီမှာ ဓားရှလို့ နာနေရတဲ့အထဲ……” ဟု ပြန်သာပြောလိုက်ရတယ်….မောင် ကောင်မလေးနဲ့ အီစီကလီရိုက်နေရင် သဲ ဒီမှာတစ်ခုခုဖြစ် ဆိုတဲ့ ကျွန်မရဲ့ စကားသံတွေက နားထဲမှာ ပဲ့တင်ထပ်လို့………….

“ဟမ် ဟုတ်လား………အင်း အင်း ငါလူမှားတာနေမှာပါ……နင် က နင့်လူကို သိပ်ယုံတာဆိုတော့ ထားလိုက်ပါ တော်ကြာနေ ငါက ကြားလူဖြစ်နေပါဦးမယ်……။ အနာကို ဂရုစိုက်ဦး အညှော်မခံနဲ့ ငါ ရေကစားတော့မယ်” ဟု ပြောလျှက် ဖုန်းချသွားပါတယ်….။

“နင်က နင့်လူကို သိပ်ယုံတာ……”ဆိုတဲ့ စကားကို ကျွန်မ ၀မ်းနည်းမိခဲ့တာတော့ အမှန်ပါပဲ…..ကျွန်မ အခု သူ့ဘက်မှ ကာကွယ်ပြီးပြောလိုက်ရပေမယ့် လက်က ဒဏ်ရာနဲ့ ကျွန်မတို့ ကျိန်တွယ်ခဲ့တာက အထင်ကရမို့ ကျွန်မ ခု အခြေအနေကို ထိတ်လန့်တကြီး ဖြစ်နေမိတယ်…..။ ကိုယ်နဲ့(၃)နှစ်ကျော်တွဲလာတဲ့လူက ကိုယ့်ကို ခုလို လိမ်ပြီး ကိုယ့်ကွယ်ရာမှာ ဖြစ်ချင်တိုင်းဖြစ်နေတယ်ဆိုတာ ကျိန်းသေသည့်တိုင်အောင် သူငယ်ချင်း အချင်းချင်းကြားမှာ ကျွန်မရဲ့အဖြစ်ကို ပြောစရာအကြောင်းအရာ တစ်ခုလို အဖြစ်မနိုင်ဘူးလေ…..။ အဲဒီ့အတွက် ကျွန်မ မောင့်ဘက်က အခိုင်အမာ ထောက်ခံပေးခဲ့မိတယ်…..။ အို လူတူမရှား နာမည်တူမရှားဘဲ…..ဓားရှတာလည်း တိုက်ဆိုင်တာပဲနေမှာပါ…..ဟု ကျွန်မကို ကျွန်မ ဖြေသိမ့်လျှက် မောင့်ဆီသို့ အားကိုးတကြီး ဖုန်းခေါ်မိသေးတယ်…….. လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပ………………..ထုံးစံအတိုင်းပါပဲ…….မောင့်ဖုန်းခေါ်ချိန်ကိုသာ စောင့်ရဦးမှာပေါ့လေ………..။

ကျွန်မ ထိုနေ့ညက အိပ်မက်ဆိုးတွေ မက်ခဲ့တယ်….. အိပ်မက်ထဲမှာ မောင် ကောင်မလေးတစ်ယောက်နဲ့ ပျော်မြူးနေတယ်….ကျွန်မ ဘယ်လောက်ပဲ ငိုပြီး “မောင်” လို့ အော်ခေါ်နေပါစေ မောင် ကျွန်မကို လှည့်မကြည့်ဘူး….. နောက်တော့ အဲဒီမိန်းမက မောင့်ကို ဓားနဲ့ ထိုးသတ်ပါတယ်…..မောင်..သွေးအိုင်ထဲမှာ အသက်မဲ့သွားတဲ့ ပုံကို မြင်ပြီး ကျွန်မ အိပ်မက်က လန့်နိုးလာလိုက်တာ…..ကျွန်မ တစ်ကိုယ်လုံး ချွေးစေးတွေ စိုထိုင်းလို့……..။ စိတ်ထဲမှာလည်း လေးလံလွန်းတဲ့ ၀န်ထုပ်ဝန်ပိုးတစ်ခု ထမ်းထားရသလိုပဲ….။ ဘုရား ဘုရား မောင် ဘာမှ မဖြစ်ပါစေနဲ့…..။

အတက်နေ့

မနက်မိုးလင်းတော့ ဘုရားခန်းထဲမှာ မောင့်အတွက် ရည်စူးပြီး သောက်တော်ရေတွေကပ်…..မေတ္တာသုတ်တွေရွတ်နဲ့ ကျွန်မ အလုပ်သိပ်ရှုပ်ခဲ့တာ…..။ ဒါပေမယ့် ကျွန်မ စိတ်ထဲမှာ မောင့်အတွက် မငြိမ်းချမ်းသေးဘူး…….ဒီနေ့ အတတ်နေ့က စနေနေ့လည်း ဖြစ်နေတော့ ကျွန်မ ခါတိုင်းထက် ပိုပြီး ပူလောင်မိတယ်….. မောင့်ဖုန်းကလည်း ခေါ်လို့မရ…… နှစ်ဆန်းတစ်ရက်နေ့ ကျွန်မနဲ့ ဘုရားအတူတူ တက်လို့ရအောင် ကြုံရာ ကားနဲ့ ပြန်လာမယ်ဆိုတဲ့ မောင့်ရဲ့ စကားကို ကြားပြီး မောင် များ လမ်းမှာ တစ်ခုခုဖြစ်ရင်လို့ တွေးတောလျှက်……..ထိုသောကတွေကို မခံစားနိုင်တဲ့အဆုံး မောင့်အတွက် ရွှေတိဂုံဘုရားမှာ ယတြာချေပေးလိုစိတ်တွေ တားမရ ဆီးမရ တဖွားဖွားပေါ်ပေါက်လာပါတယ်…..။ ဒါပေမယ့် ကျွန်မ အိမ်က သင်္ကြန်အတက်နေ့မို့ ကျွန်မ တစ်ယောက်တည်း ဘုရားသို့ မသွားစေချင်ပါ……။ “ဒါဆို မေမေ လိုက်ခဲ့ပေး”လို့ ကျွန်မ ပူဆာတော့ မေမေက လမ်းထဲမှာက ဒီနေ့ထမင်းကျွေးမှာမို့ မေမေက မအားမလပ်ဖြစ်နေတဲ့အတွက် ကျွန်မရဲ့ ဆန္ဒအရေးနိမ့်ဖို့ လမ်းမြင်လာတယ်…..မဖြစ်ဘူး…. မဖြစ်ဘူး…..ကျွန်မ မောင့်အတွက် ယတြာချေပေးမှဖြစ်မယ်…..။  ကျွန်မ ဘာလုပ်ရပါ့မလဲ…..။ ဒီလိုတွေ နည်းလမ်းရှာနေတုန်း ဘေးအိမ်က တက္ကစီကို မြင်မိတယ်…..။ ဟာ အကြံရပြီ………ကျွန်မ ဖေဖေနဲ့ ဘေးအိမ်က တက္ကစီမောင်းတဲ့ ဦးလေးဝင်းတို့က သိပ်ခင်တာ…..။ဦးလေးဝင်း တက္ကစီသာ ငှားသွားမယ်ဆိုရင် မေမေတို့ကလည်း ခွင့်ပြုကြမှာပဲ………ပြီးတော့ ဦးလေးဝင်းဆိုတာကလည်း ဘုရားပေါ်မှာ ကျွန်မ မောင့်အတွက် ယတြာချေပြီးတဲ့ အထိ စိတ်ရှည်ရှည်နဲ့ စောင့်ပေးရှာမှာပဲ……လူကြီးပဲရှင် ခါကြီး ရက်ကြီး….ကောင်းမှုလုပ်တာကိုတော့ လိုလိုလားလား လိုက်လျောမှာပါ……။ အသွားအပြန် ဦးလေးဝင်း တက္ကစီနဲ့သာဆိုရင် မေမေတို့အနေနဲ့လည်း စိတ်မချစရာ အကြောင်းမရှိ…..။ ဒီလိုနဲ့ပဲ မေမေက “မနက်ဖြန် နှစ်ဆန်းတစ်ရက်နေ့မှ မသွားဘူး…..တခါတလေ သမီးအတွေးတွေက ကြောင်စီစီနဲ့ ” ဟု ပြောလျှက် ဦးလေးဝင်းကို ကျွန်မအား သေသေချာချာဂရုတစိုက် ဘုရားသို့ ပို့ပေးဖို့…..နောက်…… ပြန်စောင့်ပြီးခေါ်လာဖို့ ကားခပေးလျှက် ထပ်ခါထပ်ခါ မှာကြားရင်း…. ကျွန်မကို ” မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့” ဟု ပြောရင်း….ခွင့်ပြုခဲ့ပါတော့တယ်….။

ဘုရားသွားရာ လမ်းတစ်လျှောက်လုံး တွေ့မြင်လာခဲ့တဲ့ ရေပက်ခံမဏ္ဍပ်တွေ ထိုမဏ္ဍပ်မှ လူငယ်များ၏ မြူးကြွရွှင်မြူးနေတဲ့ အမူအယာတွေ ပြီးတော့ သင်္ကြန်သီချင်းတွေကြောင့် ကျွန်မစိတ် အနည်းငယ်လန်းလန်းဆန်းဆန်းရှိခဲ့ပေမယ့် မောင့်အတွက် ပူပန်မှုကတော့ မြူတစ်မှုန်စာလောက်တော့ လျော့ပါးမသွားခဲ့ပါ……။ ဘုရားရောက်တဲ့အခါ ဦးလေးဝင်းကို တစ်နာရီလောက် စောင့်နေပေးဖို့ ပြောပြီး ဘုရားပေါ်က မောင့်မွေးနံစနေထောင့်မှာ နှင်းဆီ အနီပွင့်(၂၀)ရယ် ၊ သောက်တော်ရေချမ်း မောင့်သက်စေ့ ၊ နောက်ပြီး ဆီမီးဖယောင်းတိုင် အနီက အတိုင်(၂၀) ကပ်လှူပူဇော် …..မေတ္တာသုတ်နဲ့ ပုဗ္ဗဏှသုတ်ကို အခေါက်ရေ(၂၀)စီ ရွတ်ဖတ်လိုက်ရမှ ကျွန်မစိတ်ထဲမှာ နေသာ ထိုင်သာ ရှိသွားပါတော့တယ်….။ ကျွန်မ ဘုရားပေါ်က ပြန်ဆင်းလာတော့ မနေ့က နွေးနွေးပြောခဲ့တဲ့ စကားတွေက နားထဲသို့ ဆိုင်းမဆင့် ဗုံမဆင့် ၀င်လာတော့တာပါပဲ…..။ နောက်တစ်ခု……. ကျွန်မ အတွေးလွန်တာပဲနေမှာပါလေ….. ကျွန်မ အခု အိမ်သားတွေမပါဘဲ…… အပြင်ထွက်လာခဲ့တာဆိုတော့ မောင် တစ်ခုခုများဖြစ်မလား….. အို ကျွန်မက ကောင်းတာလာလုပ်တာပဲ ပြီးတော့ ဒါကလည်း မောင့်အတွက်ပဲဟာကိုလေ…..ကျွန်မကိုယ်ကျွန်မ “အို ငါကလည်း ဘာတွေလျှောက်တွေးနေမှန်းမသိဘူး” လို့ အားမလိုအားမရ စိတ်တိုင်းမကျစွာဖြင့် ညည်းတွားရင်း အိမ်ပြန်လမ်းတစ်လျှောက် မောင့်အတွက် ဆုတွေတောင်းလာခဲ့တာ…..”တူမလေး ဟိုရှေ့က စုံတွဲကို လမ်းကြုံတင်မယ်နော်” ဆိုတဲ့ ဦးလေးဝင်းရဲ့ စကားသံကြားလိုက်ရမှ စိတ်နဲ့လူ ပြန်လည်ပူးကပ်လာပြီး…..”သြော် ဟုတ် ရပါတယ် ဦးလေးရဲ့  ” ဟု ခပ်သွက်သွက်လေး ပြန်လည်ပြောကြားလိုက်ပါတယ်…။

ဦးလေးဝင်း ထိုစုံတွဲရှေ့သို့ ကားရပ်လိုက်တဲ့အခါ…”ဦးလေး (***)တည်းခိုခန်းကို ဘယ်လောက်လဲ ” ဆိုတဲ့ မေးသံတစ်ခုက ကျွန်မအား မီးစနဲ့ထိုးလိုက်သလို ထိမိ နာကျင်စေခဲ့ပါတယ်….ကျွန်မ ထိုအသံကို ကြားကြားခြင်း…..ကားရှေ့ခန်းသို့ စိုးကြောက်တုန်လှုပ်စွာ ခေါင်းငဲ့ကြည့်မိတဲ့အခါ……. မောင်….. ဘယ်လိုမှ မှားယွင်းနိုင်ခြင်း အလျဉ်းမရှိတဲ့ ကျွန်မရဲ့ ချစ်သူ မောင်က မိန်းကလေးတစ်ယောက်ရဲ့လက်ကို တင်းကြပ်စွာကိုင်ဆုပ်ထားပါတယ်…..။ ဦးလေးဝင်းက ကျွန်မဘက်သို့ တစ်ချက်လှည့်ကြည့်ရင်း ” အဲဒီ့ဘက်တော့ မရောက်ဘူး ငါ့တူရဲ့…..ဦးလေးကားပေါ်မှာလည်း မိန်းကလေးတင်လာရတော့ အဆင်မပြေလို့ပါကွယ်…….ဟု ပြောတော့ မောင်က ကားရှေ့ခန်းပြတင်းပေါက်မှ တဆင့် ခေါင်းကို အသာအယာ ငုံ့ဝင်ကာ ကျွန်မကို ကြည့်လာတဲ့အခါ……မောင့်ရဲ့မျက်ဝန်းတွေနဲ့ ကျွန်မ မလွှဲမရှောင်နိုင်စွာ ဆုံပါတော့တယ်……။ ကျွန်မ တစ်ကိုယ်လုံး တစ်ဆက်ဆက် တုန်ယင်လျှက်…..အောက်နှုတ်ခမ်းကိုသာ ဖိကိုက်ရင်း မောင့်မျက်ဝန်းတွေရဲ့ အကြည့်ကို မလွှဲဖယ်မိ……..။ ရင်ထဲမှာလည်း အမျိုးအမည်မသိတဲ့ ဝေဒနာတွေ ၀ုန်းဒိုင်းကြဲလို့……(ငါ အလိမ်ခံလိုက်ရပြီ ဆိုတဲ့အသိတစ်ခုရဲ့ ဒေါသကြောင့်လား…..? ဒါမှမဟုတ်…. မောင် တကယ်လုပ်ရက်တယ် ဆိုတဲ့ ယူကျုံးမရဖြစ်ရဖြင်းတွေကြောင့်လား……. ဒါကိုတော့ ကျွန်မ အသေအချာ မသိခဲ့ပါ…….သိအောင်ကြိုးစားဖို့ကိုပင် သတိမရခဲ့…. မောင့်နှုတ်က သြော်တစ်ယောက်တည်းကိုး လို့ ဘာအဓိပ္ပါယ်ကို ဖော်ညွှန်းမှန်းမသိတဲ့ လေသံမျိုးရေရွတ်ပြီး…..သူ့ဘေးက ကောင်မလေးရဲ့လက်ကို ဆွဲလျှက် ကျွန်မတို့တက္ကစီရှေ့က ဖြတ်ပြီး တစ်ဖက်လမ်းသို့ကားသွားပါတယ်…..။တဖက်လမ်းက ရေကစားမဏ္ဍပ်ရှေ့ရှိလူအုပ်ထဲသို့ မောင်တို့ စုံတွဲ တိုးဝှေ့ပျောက်ကွယ်သွားသည့်တိုင်အောင် ကျွန်မရဲ့ အကြည့်တို့ တစ်စိုက်မက်မက် မောင့်အနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါမိခဲ့တယ်…..။ မောင့်ပုံရိပ်ကို မျက်စိတစ်ဆုံးကြည့်ရင်း ကျောက်ရုပ်တစ်ရုပ်လိုတောင့်တင်းနေတဲ့ကျွန်မ….. ကားရဲ့ တစ်ဖက်ခြမ်းသို့ မျက်နှာပြန်အလွှဲမှာ ……မင်္ဂလာဈေး မီးပွိုင့်မိနေပါလျှက်နဲ့ ဖြတ်တက်လာတဲ့ ကားတစ်စီး…… ကျွန်မတို့ကားရှိရာသို့ ဦးတည်လျှက်………….

ကျွန်မရဲ့ နောက်ဆုံးအသိမှာ…… မောင် ကောင်မလေးတစ်ယောက်ရဲ့ လက်ကို ဆွဲထားတယ်….ထို့နောက် တည်းခိုခန်းတဲ့….နောက်တော့ “မောင် သစ္စာဖောက်တာနဲ့ သဲ ထိခိုက်မှာနော် ” ဆိုတဲ့ ကျွန်မရဲ့ စကားသံတွေ…..တဖြည်းဖြည်းခြင်း ကျွန်မနဲ့ ဝေးသထက်…..ဝေး…………ဝေး……။

ဆေးရုံနံ့တွေ နှာခေါင်းထဲ ကြိုင်လှိုင်ဝင်လာမှန်း သိလိုက်ရတဲ့အခါ…..ကျွန်မ ကိုယ်ကျွန်မ ဘယ်မှာရှိနေတယ်ဆိုတာ မျက်စိဖွင့်ကြည့်စရာမလိုဘဲနဲ့ သိလိုက်ရပါတယ်…..။ မျက်လုံးအစုံကို အားယူဖွင့်ကြည့်တဲ့အခါ….မခံမရပ်နိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကိုပါ ပူးတွဲခံစားလိုက်ရတယ်….။ ကျွန်မ ကုတင်ဘေးမှာ ဖေဖေရော မေမေပါ ကျွန်မရဲ့ လှုပ်ရှားမှုကို ၀မ်းသာအားရနဲ့ ကြည့်နေကြတယ်….။ ထို့နောက် ကျွန်မ သူငယ်ချင်းမလေး နွေးနွေးနဲ့ အိချယ်ရဲ့ ကျွန်မအတွက် စိုးရိမ်တကြီးဖြစ်နေတဲ့ အမူအယာတွေ……။ ဦးလေးဝင်းကတော့ ခေါင်းနည်းနည်းထိရုံကလွဲပြီး ဘာမှ ပြင်းပြင်းထန်ထန်ဒဏ်ရာမရခဲ့ဘူး ဆိုတဲ့ ကျွန်မ သိစေရန် ပြောပြမှုတွေကိုလည်း ကြားရတယ်…။ မေမေက ကျွန်မ ခေါင်းမှပတ်တီးများကို သူမရဲ့လက်နဲ့ ခပ်ဖွဖွတို့ထိရင်း “သမီးရယ် ကောင်းမှု ကုသိုလ်သွားလုပ်တာတောင် အဖြစ်ဆိုးလိုက်တာ ” ဟု ပြောလျှက် မျက်ရည်ဝဲနေပါတယ်….။ ကျွန်မ သူငယ်ချင်းနွေးနွေးက ကျွန်မရဲ့လက်ဖ၀ါးများကို ဖိညှစ်ဆုပ်ကိုင်ရင်း ” နင် ဘယ်လိုနေသေးလဲ ယု….. သက်သာရဲ့လား နင် သတိမေ့နေတာ ၁ရက် ကျော်ပြီဟ” ဟုပြောလာပါတယ်….။ ကျွန်မ သူမရဲ့ပြောစကားများကို အသိအမှတ်ပြုမှုအနေဖြင့် ခေါင်းသာ အသာအယာငြိမ့်ပြရင်း သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ ကိုယ့်ရဲ့ထိခိုက်မှုကို လောင်းကြေးစားကြေးထပ်မိခဲ့တဲ့ ဖြစ်ရပ်တစ်ခုကြောင့် ကျွန်မကိုယ်ကျွန်မ တအုံနွေးနွေးနဲ့ အရမ်းမုန်းတီးနေမိပါတယ်….။ ကျွန်မ သူ့အတွက်ကြောင့် အပြင်ထွက်ခဲ့ရတာ…..အခု သူတကယ် သစ္စာမဲ့တဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တာကြောင့် ကျွန်မ ခုလို ဆိုးဆိုးရွားရွား ပြင်းထန် ထိခိုက်မှုတွေ ခံစားခဲ့ရတာ…..။ သူ ကျွန်မကို နည်းနည်းလေးမှ မငဲ့ကြည့်ခဲ့လို့ …..ကျွန်မအတွက် ထည့်မတွက်ခဲ့လို့….”.မောင် သစ္စာဖောက်ရင် သဲထိခိုက်မှာပဲ ” ဆိုတဲ့စကားစုလေးတစ်ခုကို သူ့အနေနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်လွယ်ခဲ့လို့……. ကျွန်မ….ဒဏ်ရာတွေထဲ နစ်မြုပ်ခဲ့ရတာ….။ ကျွန်မ ဒီလိုတွေ တွေးကာ တွေးကာနဲ့ စို့စို့နင့်နင့် ငိုမိတော့ မေမေနဲ့ ကျွန်မ သူငယ်ချင်းတွေက ကျွန်မ ဒဏ်ရာတွေရဲ့ နာကျဉ်မှုကြောင့် ငိုနေတယ်ထင်ပြီး….. ဆရာဝန်ပြေးခေါ်ကြပါတယ်….။တကယ်တော့ ရင်ထဲက ခါးသီးလွန်းတဲ့ ကွဲရှနာက ကျွန်မအရေပြားပေါ်က ဒဏ်ရာဒဏ်ချက်တွေထက် ပို နက်နဲလွန်းတယ်ဆိုတာ….. ကျွန်မ ဘယ်သူ့ကိုမှ မပြောဝံ့ခဲ့ဘူး…..။

ကျွန်မ ဆေးရုံမှ ဆင်းလာတဲ့အထိ….ဒဏ်ရာတွေ အရှင်းပျောက်သည်အထိ ကျွန်မသူငယ်ချင်းမလေးတွေဆီက မောင့်နာမည်မကြားခဲ့ရသလို ကျွန်မဘက်ကစလို့လည်း မောင်နဲ့ပတ်သက်ပြီး ဘယ်လို မေးခွန်းမျိုးကိုမှ မေးမြန်းခြင်း မရှိခဲ့ပါ…။ ကျွန်မ သိပ်ရှက်လွန်းပါတယ်….။ ခုဆိုရင် ကျွန်မ သူငယ်ချင်းတွေကလည်း မောင့်ရဲ့ ဖောက်ပြန်မှုအကြောင်းကို တစ်နည်းမဟုတ် တစ်နည်း သိထားကြလိမ့်မယ်…..ဆိုတဲ့အတွေးတွေနဲ့ ကျွန်မ သူတို့နဲ့ ရင်မဆိုင်ရဲလောက်အောင်ကို ရှက်တာ….။ မောင် ကျွန်မကို မည်မျှထိ ယုယုယယ ချစ်တတ်ခဲ့တယ်ဆိုတာ သူတို့တွေ အသိဆုံး…..သူတို့ ကိုယ်တိုင်ကိုက ကျွန်မလို ဖြစ်ချင်လိုက်တာ လို့ ဖွင့်ဟပြောရင်း အားကျလောက်ရတဲ့အထိ မောင် ကျွန်မကို သိပ်မြတ်နိုးခဲ့ဖူးတာ…..။ အခု မောင့်ရဲ့ တိတိကျကျ သစ္စာမဲ့မှုမျိုးကို ကျွန်မ ဘယ်လို ခွန်အားမျိုးနဲ့ သူတို့ကို ရင်ဖွင့်ရမှာလဲ….. ချစ်သူကို သိပ်ယုံကြည်လွန်းခဲ့တဲ့ ကျွန်မကို သူတို့က “ကဲ မှတ်ပြီမဟုတ်လား” ဆိုတဲ့ အမေးသဘောမျိုးသက်ရောက်နိုင်မယ့် ဝေါဟာရတွေကိုလည်း ကျွန်မ မကြားနိုင်ပါဘူး….။ မောင်ဟာ ဘယ်တုန်းကတည်းက ဒီလိုတွေဖြစ်နေခဲ့ပါတယ် ဆိုတဲ့ ကျွန်မ မသိခဲ့ခြင်းတွေအား အသိပေးလာမှုတွေကိုလည်း နားထောင်ဖို့အတွက် ကျွန်မမှာ အင်းအားမရှိခဲ့….။ ဒီလိုတွေကြားခဲ့ရင်……ကျွန်မ ကိုယ်ကျွန်မ သိပ်နှံအလွန်းတဲ့မိန်းမတစ်ယောက်အဖြစ် မချိတင်ကဲအပြစ်ပြောရင်း ခံပြင်းစိတ်တွေနဲ့ ကျွန်မ တစ်ခုခုဖြစ်သွားမှာ…..။

“သမီးရေ အိချယ်တို့ အိမ်ကို မုန့်ဟင်းခါး သွားပို့ပေးဦး ” လို့ ပြောလာတဲ့ မေမေ့စကားကြောင့် ကျွန်မရဲ့ အနည်ထိုင်နေတဲ့ ရင်ကွဲနာတွေ ပြန်ထကြွလာသလိုပါပဲ….။ အိချယ်နဲ့ မောင်က တစ်လမ်းတည်းနေကြတာ…. အိချယ်တို့အိမ်မှာ သူငယ်ချင်းတွေစာစုကျက်ကြရင်းနဲ့ပဲ မောင်နဲ့ ကျွန်မ စတွေ့ခဲ့တာမို့ အဟောင်းတွေ အသစ်မဖြစ်ချင်ပါဘူး….။ ဖြစ်နိုင်မယ်ဆိုရင် မောင်နဲ့သက်ဆိုင်ခဲ့တဲ့ အတိတ်ရဲ့ ဘယ်နေရာကိုမှ ကျွန်မ ခြေမချလိုဘူးလေ….။ ဒါပေမယ့် မေမေက အိချယ်တို့တစ်အိမ်သားလုံး မေမေ့လက်ရာ မုန့်ဟင်းခါးကို တမ်းတမ်းစွဲနှစ်သက်ကြမှန်းသိနေတာမို့ ကျွန်မကို သွားပို့စေချင်တယ်…..။ နောက်ဆုံးတော့ ကျွန်မလည်း မောင်လေးကို စက်ဘီးနင်းခိုင်းပြီး မုန့်ချိုင့်ကို ကိုင်လျှက် စက်ဘီးနောက်မှ ငြိမ်သက်စွာလိုက်ပါသွားပါတော့တယ်…..။ အိချယ်တို့လမ်းထဲအ၀င် မောင့်အိမ်ရှေ့ မှာ နာရေးအပြင်အဆင်တွေ လှမ်းမြင်လိုက်ရတော့ မောင့်ဖေဖေရဲ့ နာရေးများလားလို့ တွေးမိတယ်….။ မောင့်ဖေဖေက ကျန်းမာရေး သိပ်မကောင်းဘူးလေ…..။ ဒီလိုနဲ့ပဲ….စူးစူးစမ်းစမ်းအတွေးမျိုးနဲ့ မောင့်အိမ်ရှေ့ကအဖြတ်မှာ…..”သားရယ် ဒီနှစ် စနေသားတွေ အတာစားတယ်….. ဘယ်မှ မသွားဘဲ အဖွားအိမ်မှာသွားနေပါလားလို့ ဒီအမေက ပြောတော့……. ဟာ အမေတို့က ကွိုင်ပဲ လို့ပြောတဲ့သား…..အခု အဲဒီ့လိုတွေ လာပြောဦးလေ……အဖြစ်ဆိုးလိုက်တဲ့ သားလေး….၀ိုင်းရိုက်လို့သေရတယ်တဲ့……အမေဘယ်လိုဖြေရမလဲ သားရယ်……အမေ သေရပါတော့မယ် ” ဆိုတဲ့ မောင့်အမေရဲ့စကားအဆုံးမှာ ဒါဟာ ဘယ်သူ့နာရေး….ဆိုတာကို ကျွန်မ ရေရေရာရာသိလိုက်ရတယ်…..။ ထို့နောက် မောင့်အိမ်ထဲမှ လူအုပ်ကြားက အိချယ်ထွက်လာပြီး “ဒီနေ့ ထက်မြက်နဲ့ ရက်လည်” ဟု ပြောလျှက် ကျွန်မရဲ့လက်ကိုဆွဲရင်း ကျွန်မကို သူမရဲ့အိမ်သို့ခေါ်ဆောင်သွားပါတယ်….။ အိချယ်တို့ အိမ်အရောက်မှာ ကျွန်မ ခြေထောက်တွေ ဆက်ရပ်လို့မရတော့ဘဲ ကွေးညွှတ်ယိုင်လဲကျသွားတော့ ကျွန်မဘေးမှာ အိချယ်က ကပ်ထိုင်ရင်း……

“စိတ်ထိန်းပါ ယုရယ်….သူ အတက်နေ့ ညနေက ဆုံးခဲ့တာ…..ငါတို့ နင့်ကို မပြောခဲ့ဘူးဆိုတာက နင်လည်း ဆေးရုံက ဆင်းဆင်းချင်းမို့ပါ……ပြီးတော့ ခု သူဖြစ်ရတဲ့အကြောင်းကလည်း မိန်းကလေး ကိစ္စမို့ နင့်ကို ပြောမထွက်ခဲ့တာ….. သူလေ မန္တလေးသွားမယ်လို့ နင့်ကို ညာပြီး ရန်ကုန်မှာ ကဲနေခဲ့တာ….ငါတို့ကလည်း နင်က သိပ်စိတ်ပူတတ်မှန်းသိတော့ သူဒီမှာရှိနေလည်း နင် စိတ်ပူနေရမယ့်အတူတူ သူ မန္တလေးမှာလို့ သိထားတော့ နင်လည်း စိတ်အေးမှာပါလေလို့ တွေးပြီး နင့်ကို မပြောဘဲနေခဲ့တာပါ…..ဒါပေမယ့် ယုရယ်…..သူ မဏ္ဍပ်မှာ ကောင်မလေးတစ်ယောက်နဲ့ လွန်လွန်ကဲကဲ ဖြစ်ခဲ့တယ်…။ နွေးနွေးကတော့ စိတ်တွေတအားဆိုးပြီး နင့်ကိုချက်ချင်း အသိလှမ်းပေးခဲ့ပေမယ့်…….ငါက သင်္ကြန်ပြီးမှ နင့်ကို အကျိုးသင့် အကြောင်းသင့် နင် နားဝင်အောင် ပြောမယ်လို့ စဉ်းစားခဲ့တာ…..ခုတော့ဟာ…..သူ အဲဒီ့ကောင်မလေးကြောင့်ပဲ ရန်ဖြစ်ပြီး ခုလိုအခြေအနေထိ ဖြစ်သွားတော့ နင့်ကို ဒါတွေ အသိမပေးချင်တော့လို့ ငါတို့ ငြိမ်နေခဲ့တာပါ ယုရယ်…..ငါ့ကို စိတ်မဆိုးပါနဲ့နော်….။”  ဟု ပြောလာတဲ့ အိချယ်ကို ကြည့်ပြီး….. ကျွန်မ နဖူးက အရှည် နှစ်လက်မခန့်ရှိတဲ့ အမာရွတ်ကို ပြန်စမ်းကြည့်ပြီး …..နောက်တော့ ကျွန်မရဲ့လက်မှာ ခပ်ရေးရေးလေးကျန်နေသေးတဲ့ အကြတ်နေ့က ဓားရှရာလေးကို လက်ချောင်းအချင်း ပွတ်သပ်လိုက်ရင်း…..

“အိချယ်….ငါတို့ ဒီလိုတွေ ဖြစ်ခဲ့တာ မောင်နဲ့ငါ့ရဲ့ အမြဲတမ်းကျိန်လေ့ရှိတဲ့ စကားတွေကြောင့်များလား…..ငါလေ မောင် ဒီလိုဖြစ်မယ်မှန်းသိခဲ့ရင် …… မောင်တို့စုံတွဲကို တွေ့တဲ့အချိန်တုန်းက မောင့်ကို ပြသနာရှာပြီး ငါ့ကားပေါ် အတင်းတင်ခေါ်လာခဲ့ပါတယ်ဟာ…… ငါက မောင့်အတွက် အိပ်မက်မကောင်းလို့ ဘယ်သူမှမပါဘဲ ဘုရားသွားခဲ့မိတာ….ဒါကြောင့် မောင် ခုလိုဖြစ်ရတာများလား…..” ဟု စကားလုံးတို့ ထစ်ငေါ့စွာ ကျွန်မက ပြောတော့……..အိချယ်က ကျွန်မကို အံ့သြစွာ ကြည့်လျှက်……

 “ဟမ်….ယု နင် ရူးနေလား အဲဒီလိုပြောကြေးဆို  သူ နင့်ကွယ်ရာမှာ သစ္စာဖောက်လို့ နင် ကား accident ဖြစ်ခဲ့တာကို နင် ထည့်တွေးလေ….. သူ ခုလိုဖြစ်ရတာ နင်နဲ့ဘာမှ မဆိုင်ဘူး ယုရဲ့……အဲဒါ သစ္စာစူးတယ်လို့ခေါ်တယ်….. ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ ချစ်တဲ့မိန်းကလေးတစ်ယောက်ကို လှည့်စားလို့….. ပြီးတာ့ သာမာန်ထက်ပိုပြီး သူ့ဖောက်ပြန်မှုက ကြီးမားလို့ အဲဒီလို ဖြစ်တာ……နင် သိလား ယု…..သူနဲ့ပတ်သက်တဲ့ မိန်းမကလည်း ခု သူ့ရဲ့လက်ရှိရည်းစားအပေါ် သစ္စာမရှိလို့ အဲ့ဒီ့ရည်းစားရဲ့ ရိုက်ခတ်မှုကို ကောင်းကောင်းကြီးခံလိုက်ရတာ….. ထက်မြက်က ကံပိုဆိုးသွားတာက နင်က သူ့ကို မေတ္တာစစ်နဲ့ ချစ်ခဲ့တာမို့ သူ့ရဲ့ ဖောက်ပြန်မှုအတွက် သူ့အသက်ကို ပြန်ပေးလိုက်ရတာ …… နင် ဘာကိုမှ တွေးပြီး နင့်ကြောင့်လို့ မတွေးနဲ့ ယု…..ဒါ……သစ္စာဖောက်တို့ရဲ့ အဆုံးသတ်လို့ပဲ နင် မှတ်ထား “……..ကျွန်မရဲ့ အလုံးစုံချစ်တတ်မှုတွေကို ထပ်တူထပ်မျှ ကိုယ်ချင်းစာတတ်ပုံရတဲ့ အိချယ်ရဲ့ ရင်ထဲကလာတဲ့ စကားတွေက ကျွန်မရဲ့ နားထဲမှ တဆင့် နှလုံးသားထဲ….ပြီးတော့ ကျွန်မရဲ့ သွေးကြောမျှင်မျှင်လေးတွေထဲ ယှက်ဖြာစိမ့်ဝင်ခဲ့ပါတယ်…..။ ဟုတ်တယ်….. ဒါ သစ္စာမဲ့မှုရဲ့ တန်ရာတန်ကြေး မောင် ပေးဆပ်လိုက်ရတာ…….ကောင်းတယ် သိပ်ကောင်းတယ်…… ကျွန်မကို အယုံသွင်းပြီး ကျွန်မရဲ့ ကွယ်ရာမှာ ဟားတိုက်ရယ်မောခဲ့တဲ့ အကြိမ်ကြိမ်တွေအတွက် မောင် ဒီလိုပဲဖြစ်ရမယ်……။ ကျွန်မ အိချယ်ရဲ့ စကားတွေကို ထောက်ခံသယောင် ခေါင်းတွေ အတွင်တွင်ငြိမ့်ရင်း….. သူမကို စကားပြောဖို့ ရှိုက်ယူအားတင်းလိုက်တဲ့အချိန်မှာ အိချယ်က ကျွန်မရဲ့ပါးစပ်ကို သူမရဲ့လက်ဖ၀ါးနဲ့လှမ်းပိတ်ပြီး…ကျွန်မကို ဖက်လျှက်….”နင် ထက်မြက်ကို ဘယ်လောက်ထိချစ်ခဲ့ တွယ်တာခဲ့တယ်ဆိုတာ ငါ အသိဆုံးပါ ယုရယ်…. နင် နာနာကြည်းကြည်းဖြစ်သွားမယ်ဆိုရင်တောင် သူ့ကို နင် မုန်းလို့ပဲဖြစ်ဖြစ်….စိတ်နာလို့ပဲဖြစ်ဖြစ်….ဘာကြောင့်ပဲဖြစ်ဖြစ်ဟာ နင် ငိုချင်နေတယ်ဆိုတာ ငါ သိတယ်…..ငိုချလိုက်ပါ ယု…..နင် အားပါးတရ ငိုချလိုက်ပါ….” ဟု ပြောတဲ့အခါ….ကျွန်မ အိချယ်ရဲ့ ရင်ခွင်ထဲက ရုန်းထွက်လျှက်…..”သူလို လူတစ်ယောက်အတွက် ငါ့မျက်ရည်က တန်လို့လားဟာ…….ငါ …သူ့အတွက် ဘုရားမှာ ယတြာချေပေးပြီး အပြန်လမ်းမှာ ကားတိုက်တဲ့အချိန်…..သူက တခြားမိန်းမတစ်ယောက်နဲ့ တည်းခိုခန်းသွားဖို့ ကားတောင်ငှားနေတယ်……အဲဒီလို လူအတွက် ငါ မျက်ရည်ကျသင့်ရဲ့လား…..။ ငါ မငိုဘူး အိချယ်……သူ့ကြောင့် ငါ့မျက်ရည် ကျမယ်ဆိုရင်….ငါ့ မျက်လုံးတွေကို ဖောက်ထုတ်လိုက်မယ်…..ငါ သူ့ကို သေတဲ့အထိမုန်းမယ်….” ဟု ပြောလျှက် အိချယ်တို့အိမ်ထဲမှ ကျွန်မ ပြေးထွက်လာခဲ့မိပါတယ်……။

      ကျွန်မ ငိုသင့်ရဲ့လား…… ဟင့်အင်း ဘယ်တော့မှ မောင့်အတွက် မငိုဘူး…..မောင် မရှိတော့တဲ့ ဒီလောကကြီးမှာ သစ္စာစူးခြင်းဆိုတဲ့ အကြောင်းတရားကို ယုံကြည်လျှက် ကျွန်မ ဆက်ရှင်သန်မိဦးမှာပါ…..။ ကျွန်မတို့အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာမယ့် မျိုးဆက်သစ်တွေကိုလည်း ကိုယ်ကိုတကယ်ချစ်တဲ့ မိန်းမတစ်ယောက်ရဲ့အချစ်ကို စော်ကားခဲ့တဲ့ ယောက်ျားတစ်ယောက်ရဲ့ သွားရာလမ်းကို နမူနာစံထားပြီး ဥပမာပေးမိဦးမှာ…..။ ဒါပေမယ့် ဘုရားတက်တိုင်း ခုထိ စနေထောင့်မှာ တစ်စုံတစ်ယောက်ရဲ့ အသက်ကိုမှန်းပြီး သူ့ရဲ့သက်စေ့ ပန်း၊ရေချမ်းတွေ ကပ်လှူပေးမိတုန်းပဲ…..။ပြန်မဖြစ်လာမှန်းသိနေပေမယ့် ကျန်ခဲ့တဲ့ သင်္ကြန်အတက်နေ့မနက်ပိုင်း ဘုရားတက်ပြီးအပြန် ကျွန်မစီးလာတဲ့ တက္ကစီကိုများ မောင် ကောင်မလေးတစ်ယောက်ရဲ့လက်ကိုဆွဲပြီး တားလာမလားလို့ တွေးထင်နေမိတုန်းပဲ….။ ကျွန်မ မောင့်ကို သိပ်မုန်းတီးပါတယ်…..။ စူးရှပြင်းပြစွာဖြင့် နာကြည်းပါတယ်….။ ဒါပေမယ့် မောင့်အတွက်နဲ့ ကုသိုလ်တွေရည်စူးပြီး ခုချိန်ထိ ပြုနေမိတာ ဘာကြောင့်များလဲ……  ကျွန်မရဲ့  ဒီလို အမုန်းတွေနဲ့ မောင့်ကို….ရောက်ရာဘုံဘ၀မှာ အေးချမ်းနေစေချင်တာ ဘာ့ကြောင့်လဲ…..လာမယ့်သင်္ကြန်အတက်နေ့မှာ မောင့်(၂)နှစ်ပြည့်အတွက် စတုဒီသာဒါန ပြုမယ်လို့ရည်ရွယ်ပြီး ကျွန်မစုထားခဲ့တဲ့ လစာလေးတွေ ရေတွက်ကြည့်တဲ့အခါ ကျွန်မက မျက်ရည်လွယ်ခဲ့တယ်……. ဒါ မောင့်ကို တမ်းတမိလို့ ကျတဲ့မျက်ရည်လား….. သစ္စာမရှိတဲ့ယောက်ျားတစ်ယောက် ဒီလောကကြီးထဲက ကွယ်ပျောက်ခဲ့ခြင်း ဒုတိယမြောက်နှစ်ပတ်လည်အတွက် ၀မ်းမြောက်ခြင်းရဲ့သင်္ကေတလား……ဒါမှမဟုတ် ကိုယ်ပိုင်တနိုင်လှူခွင့်ရလို့ ၀မ်းသာပီတိဖြစ်ရခြင်းရဲ့ အကျိုးဆက်လား……အို…. ကျွန်မ မဝေခွဲတတ်တော့ပါဘူး…….ဒါပေမယ့် မျက်ရည်တွေကတော့ အတားအဆီးမဲ့စွာဖြင့် ကျွန်မ ပါးပြင်ပေါ်မှ တဆင့်…..ကျွန်မ ရေတွက်နေတဲ့ ငွေစက္ကူများပေါ်သို့ ပိုးပိုးပေါက်ပေါက်ကျဆင်းနေဆဲ……………… စာဖတ်သူတို့အနေနဲ့ရော…..ကျွန်မရဲ့ မျက်ရည်က ဘာအတွက်ငွေ့ရည်ဖွဲ့ပြီး သွန်းဖြိုးနေတာလဲဆိုတာ…..ခန့်မှန်းပေးလို့ရနိုင်မလားဟင်…….?

 အလွမ်းကေသရီ

 

In: ဝတ္ထု Posted By: Date: Apr 2, 2013
Comment #1

ဂမ္ဘီရဆန်လွန်းပါတယ်

commentinfo By: kyawsanoo at Apr 2, 2013
Comment #2

Me too
I love so much. That made me b jealous.
I worry so much. That made me cry.
I care so much. That made me suffer pain.
:'(
I m afraid of this story.

commentinfo By: ei lay at Apr 4, 2013
Comment #3

ပညတ်သွားရာ…ဓါတ်သတ်ပါတဲ့….မကျိန်တာအကောင်းဆုံးပါ…

commentinfo By: niaallin at Sep 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment