Professional Authors

မျှော်နေမိသူ

လူတစ်ယောက်ကို စောင့်မျှော်ရခြင်းက မိန်းကလေးတစ်ယောက်အတွက် မည်မျှ ခက်ခဲပါသလဲ…..? ဘယ်နေ့ ပြန်လာမယ်မှန်း မသိ…..ဘယ်ဆီမှာ ရှိနေမယ်မှန်းမသိ….နောက်ထပ်ဆိုးရွားတာက သူ ဒီကမ္ဘာပေါ်မှာ ရှိနေခြင်းဆိုတာ မသေချာခြင်းပါဘဲ…..။ ဒါပေမယ့် ဖြိုလဲလို့ မရအောင် ထုထည်
ကြီးမားနေဆဲဖြစ်တဲ့ ယုံကြည်မှုတစ်ခုအတွက်တော့….ကျွန်မဆိုတဲ့ မိန်းကလေးက နာရီအရွေ့အပြောင်းတိုင်းကို သူ ပြန်လာလိမ့်မယ်ဆိုတဲ့ အတွေးလေးတစ်ခုနဲ့ ရွေ့လျားခဲ့တယ်…..။ ကျွန်မရထားတဲ့ နှလုံးသားတစ်ခုလုံးမှာ သူ့ကိုချစ်တဲ့စိတ်တွေ ပြည့်ကျပ်နေပါတယ်….။
ကျွန်မ သူ့ရဲ့ရင်ခွင်ကျယ်ကျယ်ကြီးထဲမှာ မမှေးစက်ခဲ့ဖူးပေမယ့်….ကျွန်မရဲ့ ရင်ခွင်တစ်ခုလုံးမှာ သူ့ကို မြတ်နိုးလိုတဲ့စိတ်တွေ နေရာယူထားတယ်…။ ကျွန်မ အလိုရှိတဲ့အရာတွေကို သူ့အား ဖန်တီးပေးပါလို့
မပူဆာခဲ့ဖူးပေမယ့်…..သူ့ရဲ့လိုအင်တွေအကုန်လုံးနီးပါး နှလုံးသားနဲ့ ရင်းပြီး ဖြည့်ဆည်းပေးခဲ့ဖူးတယ်….။
သူ မသိရှိသေးတဲ့အချစ်တွေနဲ့ ကျွန်မ သူ့ကို ချစ်ခဲ့ပါတယ်….။ နောက်ပြီး အခု သူမသိတဲ့ လွမ်းဆွေးမှုတွေနဲ့ ကျွန်မ ရှင်သန်နေမိတယ်…..။….. တခါကပေါ့…ကျွန်မရဲ့ အတိတ်ဆိုတာကို
အုံ့ပုန်းအချစ်တွေနဲ့ အလှဆင်ခွင့်ပေးခဲ့တဲ့ သူဆိုသော(သို့)သူရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ ကျွန်မပါ လို့ သတ်မှတ်ခဲ့ဖူးသော ကောင်လေးတစ်ယောက်ရှိခဲ့ဖူးပါတယ်….။

သူနဲ့ကျွန်မ နာရီတို့များစွာ… ကာလတို့ကြာရှည်စွာ ခင်မင်မှုသက်တမ်းတွေ တည်ဆောက်ခဲ့ကြဖူးတယ်…..။ ဘယ်သူ့ကိုမဆို နူးနူးညံ့ညံ့ဆက်ဆံတတ်ပြီး လူတိုင်းကို ကူညီရိုင်းပင်းတတ်တဲ့ သူ့စိတ်ထားလေးကို ကျွန်မ တလေးတစားနဲ့ ဂရုပြုမိရင်းက……သူငယ်ချင်းတစ်ယောက်အပေါ်ထားသင့်တဲ့ သံယောဇဉ်တွေထပ်ပိုတိုးပြီး မရဲတရဲ မျှော်လင့်ချက်လေးတွေနဲ့ သူ့အတွက် သူ့အတွက် ……. ကျွန်မ ပေးဆပ်ခဲ့ဖူးတယ်….။ သူက အလှအပ သိပ်ကြိုက်တာရှင့်…..သူ့ကိုသူ Always Smart အဖြစ် သ နေတတ်တာ…။ သူ့မှာလေ
ကျွန်မအရမ်းချစ်ရလောက်တဲ့ အမူအယာလေးတစ်ခုရှိတယ်…အဲ့ဒါက သူ အ၀တ်အစားသစ်တွေ
ဝတ်လာတိုင်း ကျွန်မရဲ့ရှေ့မှာ တစ်ပတ်လှည့်ပြပြီး “ငါနဲ့ ဒီဝတ်စုံ အဆင်ပြေရဲ့လား ” လို့ မေးတာလေးပေါ့….။ သူ့ကို ချစ်တဲ့ မျက်စိနဲ့ အမြဲတမ်းကြည့်တတ်တဲ့ ကျွန်မကတော့ သူဘယ်လိုမျိုးပဲ ၀တ်ထားပါစေ….
အပြုံးတစ်ချက်နဲ့ “နင်နဲ့ အရမ်းလိုက်တာပဲ ” လို့ဖြေလိုက်ရင် သူက ကျွန်မ ရင်ခုန်လွန်းခဲ့တဲ့ သွားချွန်ချွန်လေးတွေ ပေါ်အောင်ရယ်ရင်း အားရကျေနပ်နေတတ်တယ်….။ သူက သူ့ကိုယ်သူသာ
စတိုင်လ်ကျကျနေတတ်ရုံမကပါဘူး….သူ့သူငယ်ချင်း ကျွန်မကိုလည်း “နင် ဘယ်လို အ၀တ်အစားလေးတွေ ၀တ်ရင် ပိုကြည့်ကောင်းမယ်….. ဘယ်လို ဆံပင်ပုံစံမျိုးက နင်နဲ့လိုက်တယ် ” ဆိုပြီး ဝေဖန် အကြံပေးတတ်သေးတယ်…။ အရာရာမှာ ပျော့ပျော့ညံ့ညံ့နဲ့ အသာတကြည်အရှုံးပေးတတ်တဲ့ ကျွန်မကို သူက တခါတလေ အပေါ်စီးကနေ ဆက်ဆံတတ်ပေမယ့် တခြားသူငယ်ချင်းတွေ ကျွန်မကို
အနိုင်ကျင့်လာပြီဆိုရင်တော့ သူ ကျွန်မရဲ့ရှေ့ မှာ မားမားမတ်မတ်ရပ်တည်ပေးတတ်ပါတယ်…။ စိတ်ထိခိုက်စရာ တစ်ခုခုနဲ့ ကြုံလာပြီဆိုရင် ၀မ်းနည်းလွယ် စိတ်မကောင်းဖြစ်လွယ်….ပြီးတော့
အားငယ်လွယ်လွန်းနဲ့ ကျွန်မကို ဟာသတွေနှော ရယ်စရာတွေပြောပြီး မနက်ဖြန်တွေဆီ သူ ဆွဲခေါ်ပေးခဲ့ဖူးတယ်….။ ကျွန်မအတွက် သူက သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ…. ကျွန်မကသာ သူ့ဆီသို့ စိတ်တို့တိမ်းညွှတ်မိပြီး မရိုးသားမှုတွေဖြစ်ပေါ်နေတာမို့….. မကြာခဏဆိုသလို သူအပါအ၀င် တခြား ဘယ်သူဆို ဘယ်သူမှ မရိပ်မိအောင် ကျွန်မကိုယ် ကျွန်မ ဆုံးမခဲ့ရဖူးတယ်….။

ပတ်ဝန်းကျင်က သူနဲ့ကျွန်မ တစ်နေ့နေ့မှာ ချစ်သူတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးတဲ့ သတင်းတွေကြားတဲ့အခါ သူရဲ့ “ငါတို့က အချစ်ဆုံး သူငယ်ချင်းတွေပါ” ဆိုတဲ့ ဖြေရှင်းချက်မျိုးတွေက ကျွန်မရဲ့ တိတ်တခိုး ငိုကြွေးမှုတွေကို ကြာရှည်စေခဲ့ပါတယ်….။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောခွင့်မရှိပေမယ့် အတိုင်းအစမဲ့ မျှော်လင့်ခွင့်နဲ့ အတူ အငြိုအငြင်မဲ့စွာ ပေးဆပ်ခြင်းတွေကို ပြုလုပ်ခွင့်ရှိတယ် လို့ ခံယူရင်း ကျွန်မနဲ့သူရဲ့ သူငယ်ချင်းဆိုတဲ့
ဘ၀ထဲမှာ ကျွန်မပျော်ပျော်ပါးပါးကြီး ခရီးဆက်ခဲ့မိတယ်…..။ ဒီလိုနဲ့ သူနဲ့ကျွန်မ တစ်ယောက်အကြောင်းတစ်ယောက် တိုင်ပင်ဝေဖန်ပြီး နေလာကြရင်း ကျွန်မရဲ့ရင်ကို ကွဲစေလောက်တဲ့ သူ့နှလုံသားရေးရာရင်ဖွင့်မှုမျိုး ပြောလာပြန်တော့ ကျွန်မ ရင်နဲ့ရင်းပြီး သူ့အတွက် သာယာမှုလမ်းခင်းပေးခဲ့ဖူးတယ်….။ သူသိပ်ချစ်ပါတယ်ဆိုတဲ့ မိန်းကလေးက ကျွန်မရဲ့ အခန်းဖော် သူငယ်ချင်းတစ်ယောက်ပါ….။ သူမက အလှအပဘက်မှာရော ကောင်လေးတွေနဲ့ ပတ်သက်မှုမှာပါ နာမည်ကြီးတဲ့ ကောင်မလေးပေါ့….။ ဒီအကြောင်းတွေကို သိတဲ့ ကျွန်မ သူ့ကို အကျိုးသင့်အကြောင်းသင့်
ပြောပြခဲ့ဖူးပေမယ့် သူ့ဆီက “ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိပြီ ဆိုရင် သူမက ဘယ်လိုမိန်းကလေးမျိုးပဲ ဖြစ်ဖြစ်အရေးမကြီးဘူး” ဆိုတဲ့ အယူအဆလေးတစ်ခုကို ကြားလိုက်ရတော့ ” ငါချစ်တဲ့ ယောက်ျားတစ်ယောက်ဟာ ဒီလိုစိတ်ထားမျိုးရှိနေပါလား” လို့ တွေးပြီး သူ့ကို အရင်ကတုန်းကထက်
ပိုမိုလေးစားလျှက် သူ့မိန်းကလေးနဲ့ နီးစပ်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားပေးမိပြန်တယ်….။ သူမရဲ့ အကျင့်ကို သိရဲ့သားနဲ့ သူနဲ့အောင်သွယ်ပေးတဲ့ ကျွန်မကို တခြားသူငယ်ချင်းတွေက ၀ိုင်းပြီး
အပြစ်ပြောပေမယ့် သူ့စိတ်ချမ်းသာမှုက ကျွန်မအတွက် အဓိကမို့ သူ ….သူမလေးကို
မည်မျှချစ်တယ်ဆိုတဲ့ အကြောင်းကိုသာ သူမနားလည်လက်ခံပြီး သူ့ကို အမြန်ဆုံး
အဖြေပြန်ပေးစေဖို့ ကျွန်မ အပတ်တကုတ် ကြိုးပမ်းပေးခဲ့တယ်….။

အချိန်သိပ်မကြာခင်မှာ သူမက သူ့ကို အဖြေပေးမယ့်ရက် သတ်မှတ်ပေးခဲ့ပါတယ်….။ အဲ့ဒီ့နေ့က မြေကြီးနဲ့ ခြေထောက် လွတ်နေအောင် မြူးနေတဲ့ သူ့ကို ကြည့်ပြီး ကျွန်မလည်း ပျော်ရွှင်ခဲ့မိတယ်….။ တစ်ပြိုင်တည်းမှာပဲ သူ့ရဲ့အချစ်တွေကို သိမ်းပိုက်မယ့်သူရှိနေမှန်း သိနေတာတောင် သူ့ကို ချစ်ရခြင်းမှာဝမ်းနည်းမှုအတိကင်းမဲ့နေတဲ့ ကျွန်မရဲ့ အချစ်ဆိုတာကိုပါ သတိထားခဲ့မိတယ်….။ ဒါပေမယ့် သူ့ကို အဖြေပေးဖို့ရက် ရွေးချယ်ပြီးခဲ့တာတောင် မငြိမ်သက်သေးတဲ့
သူမရဲ့ သတင်းစကားတွေကို ကြားပြီး သူစိတ်ဆင်းရဲနေတာကို မြင်တော့ ကျွန်မကိုယ်တိုင် မရခဲ့ဘူးပါဘဲ “ကိုယ့်ဘက်က အချစ်စစ်ရင်မေတ္တာရောင်ပြန်ဟပ်မှာပါ” ဆိုတဲ့ အားပေးစကားကို သူ့အတွက်
ဆိုခဲ့မိသေးတယ်….။ ကျွန်မရဲ့ အားပေးစကားဟာ ကျွန်မအတွက် မမှန်ကန်ခဲ့ပေမယ့် သူ့အတွက်ကတော့ သေချာစွာ ဖြစ်ပေါ်လာခဲ့ပါတယ်….။ သူနဲ့သူမ ချစ်သူတွေဖြစ်ခဲ့ပါတယ်….။ တခါတလေ သူမက သူ့ကို သိပ်ပြီး အနိုင်ယူလွန်းနေတာတွေ့ရင် ကျွန်မက သူမကို သူ ဘယ်လောက်ထိ ချစ်တယ်ဆိုတဲ့ အကြောင်းတွေ သူမပြောခိုင်းရပါဘဲ…..သူမကို ပြောမိပြန်တယ်….။ သူနဲ့ သူမ ကတောက်တဆ
ဖြစ်ပြီး စကားများကြတိုင်း တမှိုင်မှိုင်တတွေတွေဖြစ်နေတတ်တဲ့ သူ့အတွက် ပြေလည်မှုတွေ ပြန်ရရှိအောင် ကျွန်မကပဲ ကြားဝင်စေ့စပ်ပေးမိခဲ့ပါတယ်….။ မိန်းကလေးအချင်းချင်းမို့ထင်ပါရဲ့ ကျွန်မရဲ့ အပြုအမူတွေကို အကဲခတ်ရင်း ကျွန်မရဲ့ သူ့အပေါ်မှာ ထားရှိတဲ့ သံယောဇဉ်ဆိုတာကို နားလည်သယောင် စကားမျိုး
သူ့ရဲ့ချစ်သူက ပြောလာတော့ သူရဲ့သူငယ်ချင်းဘ၀မှာတောင် နေခွင့်မရတော့မှာ စိုးထိတ်ရင်း ကျွန်မ
သာမန်သူငယ်ချင်းတစ်ယောက်အသွင်ဟန်ဆောင်နေခဲ့ပါတော့တယ်….။ အရင်ကလိုမဟုတ်တော့တဲ့ ကျွန်မကို သူက ရန်စကားတွေ ပြောတယ်… ဒါပေမယ့် ကျွန်မမတတ်နိုင်ဘူးလေ….။ သူ့ကောင်မလေးက ဒီလိုပြောပါတယ်လို့ ပြောလိုက်ရင်….သူတို့နှစ်ဦး အဆင်မပြေဖြစ်မှာပဲလို့ တွေးတောပြီး ကြောင်းပြချက်အနေနဲ့
ငါ အလုပ်တွေများနေလို့ပါ ဆိုတဲ့စကားကိုသာ အကြိမ်ကြိမ်လိမ်လည်သုံးနှုန်းခဲ့ပါတယ်….။

သူနဲ့ကျွန်မ ခရီးသွားဟန်လွဲ တွေ့မိတဲ့အခါတိုင်း ကျွန်မ မမေးရပါဘဲ သူတို့နှစ်ယောက်ရဲ့ အကြောင်းတွေကို ခရေစေ့တွင်းကျ အကျင့်ပါစွာ သူက စပြီးပြောလာတော့ သူ့အတွက် ကျွန်မ ကြေကွဲမိတယ်…။
အချိန်တွေဘယ်လောက်ပဲပြောင်းလဲပါစေရှင် ကျွန်မ သူ့ကို ချစ်မြဲချစ်လျှက်ဖြစ်ပြီး သူ အရာရာမှာ အဆင်ပြေပါစေလို့ ကျွန်မ တစ်နေ့မပြတ်ဆုတောင်းပေးခဲ့မိတယ်….။ ဒါပေမယ့် ကျွန်မကို နောင်တရစေမယ့်
နေ့လေးတစ်နေ့ကို ကံတရားက ဖန်တီးပေးခဲ့ပါတယ်….။ မိုးဖွဲဖွဲလေးတွေ ရွာနေတဲ့ ညတစ်ညမှာ သူ ကျွန်မဆီ ဖုန်းဆက်လာတယ်…. ကျောင်းဝင်ခွင့်တစ်ခုဖြေဖို့အတွက် စာတွေကျက်နေတဲ့ ကျွန်မ ဖုန်းပိတ် ထားမိတာကြောင့် သူနဲ့ ဖုန်းမပြောဖြစ်ခဲ့ပါဘူး….. နောက်တစ်နေ့ မနက်စောစောမှာ သူ
မိန်းမခိုးသွားပြီ ဆိုတဲ့သတင်းကို ကြားလိုက်ရတော့ ကျွန်မနားကို ကျွန်မ မယုံနိုင်လောက်အောင်ပါဘဲ….။ သူတို့ ဒီလောက်ထိ မြန်မြန်ဆန်ဆန်ယူဖြစ်သွားလိမ့်မယ်လို့လည်း ကျွန်မ မထင်ခဲ့မိဘူးလေ….။
ပြီးတော့ သူ့အိမ်ကလည်း သူ့ကို ကောင်မလေးနဲ့ သဘောမတူဘူးတဲ့….ကောင်မလေး အိမ်ကလည်း သူတို့နှစ်ယောက်ကို လိုက်မရှာကြဘူးတဲ့လေ…..။ ခုထိ သူ့မှာ အလုပ်မရှိသေးပါဘူး….. သူတို့ဘယ်လိုတွေ ရှေ့ဆက်ကြမှာလဲ လို့ တွေးပြီး ကျွန်မ ပူပန်ခဲ့မိတယ်….။ သူနဲ့ ကျွန်မ အဆက်အသွယ် ရလာတော့…. သူကျွန်မဆီ ဖုန်းဆက်တဲ့ညက သူနဲ့ သူ့ကောင်မလေး အလည်လွန်နေတာမို့ သူ့ကောင်မလေးကို အိမ်ပြန်လိုက်ပို့ခိုင်းဖို့ ကျွန်မဆီ အကူအညီလှမ်းတောင်းတာပါတဲ့…..
မိန်းကလေးအဖော်နဲ့သာ အလည်လွန်နေတာကို သိရင် အိမ်က ခွင့်လွှတ်နိုင်ကောင်းပါရဲ့ လို့တွေးပြီး သူ ကျွန်မဆီ ဖုန်းဆက်ခဲ့တာပါ…..။ကျွန်မကို ဆက်သွယ်မရတဲ့နောက်ဆုံး သူတို့(၂)ဦး ကြံမိကြံရာ ကြံလိုက်မိတာပါတဲ့….။ ကျွန်မသာ အဲဒီ့နေ့က ဖုန်းဖွင့်ထားမိခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာမဟုတ်ပါဘူး….။ ခုတော့ အလုပ်အကိုင်မရှိသေးဘဲနဲ့ အိမ်ထောင်ပြုခြင်းရဲ့ ဆိုးကျိုးကို ခံစားနေရတဲ့ သူ့ကို ကြည့်ပြီး ကျွန်မ
စိတ်မကောင်းဖြစ်လိုက်ရတာ….။ ဒီအချိန်မှာ ကျွန်မသူ့အပေါ်ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး…. ဒါပေမယ့် သူ့ရဲ့ စိတ်ချမ်းမြေ့မှုတွေကိုသာ တောင်းတနေတဲ့ ကျွန်မရဲ့ စိတ်စေစားမှုအရ သူ့ကို ဖြည့်ဆည်းပေးခဲ့ပါတယ်….။
မုန့်ဖိုးစုထားတွေကို သူတို့ရဲ့ မင်္ဂလာဦး လက်ဖွဲ့အဖြစ်ပေးပြီး သူတို့လိုအပ်တာတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးခဲ့မိတယ်….။ သူ့မိန်းမက တခါတလေ ကျွန်မ ကို ခနဲ့သလို ရွဲ့သလိုပြောတာတွေ ခံရပါသေးတယ်…။ ဒီတော့ ကျွန်မ တခြားသူငယ်ချင်းတွေကို အကူအညီတောင်းပြီး တစ်ဖက်လှည့်နဲ့ ကူညီမိပြန်တယ်….။

အချိန်တွေကြာလာတော့လည်း သူ့အိမ်က သူ့ကို ပြန်အခေါ်ပြောလုပ်ပြီး သင်္ဘောတင်ပေးခဲ့ပါတယ်….။ သူ သင်္ဘောမတက်ခင် ရက်တစ်ရက်မှာ ကျွန်မကို လာနှုတ်ဆက်တယ်….။ အလုပ်ကြိုးစားပြီး ကိုယ့်မိသားစုအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် နေဖို့ ကျွန်မက ဆုံးမတော့ သူက
ကျွန်မကို တော်တော် ရင့်ကျက်နေပြီ လို့ ကောက်ချက်ချသွားပါတယ်….။ သူက ပြန်ပြောသွားသေးတယ် ကျွန်မ ချစ်သူရရင် သူ့ကို လှမ်းအသိပေးဦးတဲ့…။နောက်တစ်ယောက်ကို ထပ်ချစ်ဖို့အတွက် ကျွန်မနှလုံးသားမှာ
နေရာမရှိတော့ဘူးဆိုတာကိုတော့ သူမသိအောင် ကျွန်မ ထိန်ချန်ထားခဲ့မိတယ်…။ သူ ခရီးထွက်သွားပြီးကတည်းက ကျွန်မနဲ့သူ အဆက်အသွယ်မရခဲ့တော့ပါဘူး……။ဒါပေမယ့်
တစ်နေ့မှာတော့ စာတွေထဲကိုသာ အာရုံစိုက်ရင်း အချိန်တွေကို ကုန်ဆုံးစေတဲ့ ကျွန်မဆီကို သူ့ရဲ့သတင်းဆိုးကြီး ရောက်လာခဲ့ပါတော့တယ်…။ သူစီးတဲ့ သင်္ဘော မုန်တိုင်းထဲပါသွားပြီတဲ့ …..သူတို့သင်္ဘောပေါ်က သင်္ဘောသားတချို့ ကိုပြန်ရှာလို့ရခဲ့ပေမယ့် ခုထိ သူက ပျောက်ဆုံးစာရင်းထဲမှာပါနေပါတယ်….။ သူ့မိသားစုနဲ့ သူ့အမျိုးသမီးက လူသိရှင်ကြား ပူဆွေးခွင့်တွေရကြပေမယ့် ကျွန်မကတော့ ထုံးစံအတိုင်း တိတ်တဆိတ်သာ မျက်ရည်ဝဲရသူပေါ့….။
အအေးကြောက်တတ်တဲ့သူ ပင်လယ်ကြီးထဲမှာ ဘယ်လိုနေရှာမလဲ လို့ တွေးပြီး ည ည ဆို မျက်ရည်မဆယ်နိုင်သူက ကျွန်မ…။ အချိန်ရှိတိုင်း ဘုရားမှာ သူအသက်ရှင်နေပါစေလို့ ဆုတောင်းပေးရင်း.. နှစ်တွေလသို့ ကူးပြောင်းခြင်းတွေကို ကျွန်မ မေ့လျော့နေခဲ့မိတယ်….။
သူ့ဒီလိုဖြစ်ရပ်ကို သူ့မိခင်က လက်မခံနိုင်ဘဲ သူ့ရဲ့သားလေး တစ်နေ့ပြန်လာလိမ့်နိုး ဆိုတဲ့ စွဲလန်းမှုလေးတစ်ခုနဲ့ ၁နှစ်တိတိ သက်ပျောက်ဆွမ်းမကပ်ပေးခဲ့ပါဘူး…..။ ကျွန်မလည်း သူ့မွေးနေ့ရောက်တိုင်း ဘုရားမှာ ကုသိုလ်ကောင်းမှုလေးတွေ လုပ်ပေးရင်း တရားသေ ယုံကြည်မှုတစ်ခုကို အစွဲပြုရင်း သူတစ်နေရာရာက ပြန်ပြီး ပေါ်လာပါစေလို့သာ တောင်းဆုခြွေခဲ့မိတယ်…..။ ဒါပေမယ့် အချိန်ကာလ(၇)နှစ်ဆိုတဲ့ လည်ပတ်မှုဟာ သူ့အမျိုးသမီးအပါအ၀င် သူ့အသိုင်းအ၀ိုင်းဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရဲ့ သူ့အား လွမ်းဆွတ်တမ်းတမှုတွေကို လောင်ကျွမ်းစေခဲ့ပါတယ်….။ သေသောသူ ကြာရင်
မေ့ ဆိုတဲ့ စကားပုံအတိုင်း လူတွေအားလုံးနီးပါးက နေထိုင်တက်သွားကြတယ်….။. ကျွန်မအနေနဲ့ကတော့ ပျောက်သောသူရှာရင်တွေ့ လို့ အကြိမ်ကြိမ်ကြွေးကြော်မိရင်း သူ့သင်္ဘောနစ်မြုပ်ခဲ့တဲ့
မလေးရှားကျွန်းဆွယ်အနီးအနားထိတိုင်အောင် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုနဲ့ ဆက်သွယ်ပြီး လက်လှမ်းမှီသလောက် ရှာဖွေခဲ့မိသေးတယ်….။ ဒါပေမယ့် အချည်းအနှီးပါဘဲ….။ ခုဆို သူ့အမျိုးသမီးက နောက်အိမ်ထောင်တောင် ပြုသွားရှာပြီ….။ အင်းပေါ့လေ သူလည်း မရေရာခြင်းဘ၀ထဲမှာ
ဘယ်နစ်မျောချင်ပါတော့မလဲ….။ ကျွန်မကသာ မဖြစ်နိုင်တဲ့ အရာတစ်ခုကို မျှော်လင့်နေခဲ့မိတာ…..။

ကျွန်မရဲ့ ခံစားချက်တွေကို သိမြင်နေတဲ့ သူငယ်ချင်းတစ်ယောက်က တကယ်လို့များ
သူ ဒီအချိန်မှာ ပြန်ရောက်လာခဲ့ရင် နင် ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်းမျိုး ကျွန်မကို မေးခဲ့ဖူးပါတယ်….။ သူသာ ဒီအချိန်ပြန်ရောက်လာခဲ့ရင် သူ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို မေးမိမှာပေါ့….သေချာပါတယ် ကျွန်မ
မမေးရင်တောင် သူက အကျင့်ပါပြီး အားကျိုးမာန်တက်ပြောပြဦးမှာ….။ သူ့အမျိုးသမီးနောက်အိမ်ထောင်ပြုသွားရခြင်းကိုလည်း သူ စိတ်မကောင်းမဖြစ်ရလေအောင် ကျွန်မက အကျိုးသင့်အကြောင်းသင့် ပြောပြရဦးမယ်လေ….။ နောက်ပြီး သူ့စိတ်တည်ငြိမ်သွားအောင်
တရားစခန်းဝင်ဖြစ်ဖို့ တိုက်တွန်းရဦးမယ်….။ သူနဲ့ ၇ နှစ်ကျော်ကျော် ကင်းကွာနေတဲ့ သူ့ရဲ့ ပတ်ဝန်းကျင်အကြောင်းတွေကိုလည်း သူ့ကို အသိပေးရဦးမယ်…။ သူ့အကြိုက်ဆုံးအစားအစာတွေရနိုင်မယ့်
စားသောက်ဆိုင်တွေဆီကိုလည်း သူ့ကို ခေါ်သွားရမှာပေါ့….။ ကျွန်မ သူ့ကို ချစ်နေမှန်း သူမရိပ်မိအောင် ကျွန်မရဲ့ ရည်းစားက oversea မှာလို့လည်း မုသားသုံးထားရဦးမယ်….။ ကျွန်မရဲ့ ဒီလိုအစီအစဉ်တွေထဲမှာ ငါနင့်ကို အရမ်းလွမ်းနေခဲ့တာ ဆိုတဲ့ စကားတစ်ခွန်းက လွဲပြီး ကျွန်မရဲ့ရင်တွင်းဖြစ်တွေမှန်သမျှ ဘာဆိုဘာမှ မပြောပြဘူးလို့လည်း ဆုံးဖြတ်ထားခဲ့ပြီးသားပါ…..။ သူ့ကို ပြန်လာစေချင်ပါတယ်….။ သူ့ရဲ့
ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းတစ်ယောက်ဘ၀နဲ့ ကျွန်မ ရှင်သန်ချင်ပါသေးတယ်…..။

သူနဲ့ပတ်သက်လာရင် ဘယ်အရာတစ်ခုကိုမှ မေ့ပစ်လို့မရတဲ့ ကျွန်မ….. Positive
အတွေးတွေသာ တွေးတောပြီး နေလာခဲ့တာ ခုဆို အသက်လတ်ပိုင်းတောင် ရောက်နေခဲ့ပါပြီ…..။ ထူးဆန်းတာတစ်ခုက ကျွန်မလေ ပုံမှန်နေ့တိုင်း သူနဲ့ကျွန်မရဲူ့သူငယ်ချင်းဘ၀ကို ပြန်လည်ရောက်ရှိနေတတ်တယ်…။ ဒါ ရူးသွပ်မှုတဲ့လား…..။ အချစ်မှန်းသိတတ်ကတည်းက ဘ၀တစ်လျှောက်လုံး သိုသိုသိပ်သိပ်ထားရှိခဲ့တဲ့ ကျွန်မရဲ့နှလုံးသားကို ကျွန်မဒီလောက်တော့ နှစ်သိမ့်ပေးခွင့်ရှိမှာပါ…။ တစ်နေ့တော့ ကျွန်မ သူ့ စနေမွေးနံထောင့်မှာ
သူရဲ့ (၂၈)နှစ်မြောက်မွေးနေ့အတွက် သူ သိပ်ကြိုက်တဲ့ စံပယ်ပန်းတွေရယ်ပြီးတော့ ရေချမ်း နဲ့ ဆီမီးကို သူ့သက်စေ့လှူနေတုန်း အမှတ်မထင် သူ့ရဲ့ မိခင်နဲ့ ကြုံခဲ့ပါတယ်……သူမလည်း သူမရဲ့သားအတွက် ကုသိုလ်ကောင်းမှုတွေ လာလုပ်ပေးတာတဲ့လေ….. သူမ ကျွန်မကို ကြည့်တဲ့ မျက်လုံးတွေထဲမှာ
အဓိပ္ပါယ်တွေ အများကြီးကျွန်မ တွေ့လိုက်ရသလို သူမရဲ့ ပြုံးပြမှုတွေထဲမှာလည်း ၀မ်းနည်းမှုတွေ ရောစွက်နေတယ်ဆိုတာ ကျွန်မ ကောင်းမွန်စွာ သိလိုက်ရပါတယ်….။ သူမရဲ့ လက်ကိုင် အိတ်ထဲက သူ့ရဲ့လက်ရေးလေးတွေနဲ့ရေးသားထားတဲ့ စာရွက်ဟောင်းလေးတစ်ရွက် ကျွန်မ
လက်ခံရရှိခဲ့ပါတယ်…. ။ “နင်ကတော့ သာမန် ဖုန်းပိတ်ထားခဲ့တာပဲ……ငါ့မှာတော့ ငါနဲ့ လမ်းခွဲမလိုဖြစ်နေတဲ့ မိန်းကလေးကို လက်ထပ်လိုက်ရတဲ့ အပြင် ငါတကယ်ချစ်ခဲ့တဲ့ နင့်နဲ့ပါ ထာဝရ ဝေးခဲ့ရတယ်….။ နင်သာ
ဖုန်းဖွင့်ထားမယ်ဆိုရင် နင့်ကို နောက်ဆုံးအကူအညီတစ်ခုအနေနဲ့ သူ့ကို ပြန်လိုက်ပို့ပေးဖို့ အကူအညီတောင်းမိရင်း……တစ်နေ့နေ့မှာ ငါနင့်ကို ဖွင့်ပြောမိခဲ့မှာ…..အခုတော့ဟာ….။။။။။ အချစ်ကို နောက်ကျမှ သိခဲ့ရတဲ့ ငါ့အပြစ်အတွက် ငါ နင်နဲ့ဝေးတဲ့တစ်နေရာရာကို ထွက်သွားပြီး
ပေးဆပ်ရဦးမယ်….။ ” ဆိုတဲ့ စာသားလေးက ကျွန်မရဲ့ (၇)နှစ်တာ ကြေကွဲမှုတွေကို
အထွတ်အထိပ်သို့ ရောက်စေခဲ့တယ်……။

ပြီးတော့ ကျွန်မ ဟန်ဆောင်မှုမဲ့စွာ ငိုကြွေးမိပါတယ်….။ ကျွန်မရဲ့ ငိုကြွေးမှုတွေကို ကြည့်ပြီး သူ့ရဲ့မေမေဆီက စကားတစ်ခွန်းကြားလိုက်ရတယ်…..” ဒီကမ္ဘာကြီးပေါ်မှာ အန်တီပြီးရင် သူ့ကို အချစ်နိုင်ဆုံးမိန်းကလေးက သမီး ဆိုတာကို သားသိအောင်ပြောပြနိုင်ဖို့အတွက် သားကို ပြန်လာစေချင်တယ် သမီးရယ်” တဲ့…..။ ဒီစကားလေးကိုကြားပြီး ကျွန်မမျက်ရည်တွေကြားက ပြုံးလိုက်မိတယ်….. ။ တူညီနိုင်မယ်ထင်ရတဲ့ အချစ်ဆိုတာအတွက် ကျွန်မ ကြည်ကြည်နူးနူးလေးခံစားရင်း သူ့ကို ရင်ဘတ်ထဲထည့်ပြီး
ရှေ့ဆက်ရမယ့်ခရီးကိုမှန်းဆကြည့်လိုက်ပါတော့တယ်….(ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့
အချစ်ကို ပြန်လည်ရရှိခဲ့တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ကျေနပ်စွာဖြင့်ူပြန်လာမယ့်ရက်ကို စိတ်ချမ်းသာသလို မျှော်လင့်ရင်းနဲ့ပေါ့…။ ။)

အလွမ်း

In: ဝတ္ထု Posted By: Date: Feb 12, 2013
Comment #1

!-!
!-!
a yann kwyay kwe de
a yann khan sarr ya de
myat yae taung kya de.

commentinfo By: honey at Feb 12, 2013
Comment #2

i like both title & story.
really admire.
really envious.
nice creation added with interesting simple love.
feel sympthatic so much coz i m a woman.

commentinfo By: ei lay at Feb 13, 2013
Comment #3

ကေ ..ကျွန်တော် သေချာဖတ်တယ်
ပြီးတော့ ….တထိုင်တည်းမှာပဲ …. မျက်ရည်တွေကျလာတယ်….

ကျွန်တော် … ငို ခဲ့တယ်

commentinfo By: အသဲကွဲ မိုး at Feb 13, 2013
Comment #4

အချိန်တွေဘယ်လောက်ပဲပြောင်းလဲပါစေရှင် ကျွန်မ သူ့ကို ချစ်မြဲချစ်လျှက်ဖြစ်ပြီး သူ အရာရာမှာ အဆင်ပြေပါစေလို့ ကျွန်မ တစ်နေ့မပြတ်ဆုတောင်းပေးခဲ့မိတယ်….။

commentinfo By: အသဲကွဲ မိုး at Feb 13, 2013
Comment #5

ဖတ်ပြီးတဲ့နောက်ဘာဆိုဘာမှမပြောနိုင်လောက်အောင်
စွံအ မိပါတယ်
မျက်ရည်လဲဝဲမိပါတယ်
ကြေကွဲစွာခံစားအားပေးသွားပါတယ်…။

commentinfo By: loafer at Feb 13, 2013
Comment #6

ဘာပြောရမယ်သိတော.ပါဘူး………

commentinfo By: tabound at Feb 13, 2013
Comment #7

အ၇မ်းဖတ်လို့ ကောင်းပါတယ်…နင့်နင့်နဲနဲခံစား၇ပါတယ်..

commentinfo By: ၇ှင်နွေး at Mar 11, 2013
Comment #8

အရမ်းလွမ်းနေခဲ့တာ ဆိုတဲ့ စကားတစ်ခွန်းက လွဲပြီး ကျွန်မရဲ့ရင်တွင်းဖြစ်တွေမှန်သမျှ ဘာဆိုဘာမှ မပြောပြဘူးလို့လည်း ဆုံးဖြတ်ထားခဲ့ပြီးသားပါ

commentinfo By: niaallin at Nov 4, 2013
Comment #9

တူညီနိုင်မယ်ထင်ရတဲ့ အချစ်ဆိုတာအတွက် ကျွန်မ ကြည်ကြည်နူးနူးလေးခံစားရင်း သူ့ကို ရင်ဘတ်ထဲထည့်ပြီး
ရှေ့ဆက်ရမယ့်ခရီးကိုမှန်းဆကြည့်လိုက်ပါတော့တယ်…

commentinfo By: Violet.Violet at Nov 5, 2013
Comment #10

အရမ်းကောင်းပါတယ်ဖတ်နေရင်းတောင်မျက်ရည်ဝဲမိတယ်

commentinfo By: ယု at May 8, 2014
Comment #11

ကျွန်မရဲ့ ငိုကြွေးမှုတွေကိုကြည့်ပြီး သူ့ ရဲ့ မေမေဆီက စကားလေးတစ်ခွန်းကြားလိုက်ရတယ် “ဒီကမ္ဘာကြီးပေါ်မှာ အန်တီပြီးရင် သူ့ ကိုအချစ်နိုင်ဆုံး မိန်းကလေးက သမီးဆိုတာကို သားသိအောင်ပြောပြနိုင်ဖို့ အတွက် သားကိုပြန်လာစေချင်တယ် သမီးရယ် “………….။

commentinfo By: မြတ်မြတ် at May 8, 2014
Comment #12

ရင်ဘတ်ထဲမှာ ဘာလိုဖြစ်သွားမှန်းတောင်မသိဘူး
တော်တော်လေးခံစားလိုက်ရတယ် :-‘(

commentinfo By: နွေ at May 12, 2014
Comment #13

အရမ်း​ကြေကွဲစရာ​ကောင်းတယ်​ 🙁

commentinfo By: peachy at May 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment