Professional Authors

သူငယ်ချင်းချစ်သူ….။ ။ (အလွမ်း)

လူတွေမသိဘဲ…..ကာယကံရှင်ကိုယ်တိုင်မသိဘဲ တိတ်တိတ်လေးခိုးချစ်နေရတဲ့  တိတ်တခိုးဘ၀က မိုး ကို သာယာမှုတွေ များစွာပေးအပ်ခဲ့ပါတယ်…..။ ဘယ်သူဆို ဘယ်သူမှ မသိအောင် လျှို့ဝှက်ရင်း ဟိုး….အလယ်တန်းကျောင်းသားဘ၀ကတည်းက မိုးရဲ့ သူငယ်ချင်းလေး ညီ့ ကို မိုး သိပ်ပြီးမြန်နိုးခဲ့တာ….။

ညီနဲ့ မိုးတို့က ဟိုဘက်လမ်း ဒီဘက်လမ်း နေတာလေ ……မူလတန်းကတည်းက မိုးနဲ့ ညီက တစ်တန်းတည်း တစ်ခန်းတည်းတက်ခဲ့ကြတာ  ၁၀ တန်းနှစ်ထိပါပဲ…..။
အစပထမ…..မူလတန်းဘ၀လောက်ကတည်းက မိုးက ညီ့ကို သနားပြီး ခင်တွယ်လာခဲ့တာ……။
မှတ်မှတ်ရရ မိုးတို့ ၃ တန်းနှစ်မှာ ညီ့ ဖေဖေနဲ့မေမေ ကွာရှင်းကြတယ်…. အဲ့ဒီ့နေ့က ညီလေ မိုးကို ခေါ်ပြီး မိုးတို့ လမ်းထိပ်
ပိတောက်ပင်ကြီးအောက်မှာ တစ်ညနေလုံး ငိုနေခဲ့တာ…. မိုးရဲ့ မေမေက လာခေါ်ပြီး  ညီ့ကို သူ့အိမ်ပြန်လိုက်ပို့ခဲ့ရဖူးတယ်…..။ မိုးလေ ညီ့ကို သနားလို့ လိုက်ငိုခဲ့ရတာပေါ့….။

ညီ့မေမေက စီးပွားရေး သိပ်မလုပ်တတ်တော့ ညီက ကျောင်းကို ချို့ချို့တဲ့တဲ့တက်ခဲ့ရတာ…..ပြေလည်တယ်လို့ ပြောလို့ရတဲ့
ညီ့အဒေါ်မိသားစုကပဲ ညီတို့သားအမိကို ထောက်ပံ့ခဲ့ကြတာပေါ့…..သူတို့ ပေးစာ ကမ်းစာကိုစားနေရတဲ့ညီ…..သူတို့ရဲ့လက်ဝေခံ ခိုင်းဘက်တစ်ယောက် ဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်….။ညီ့အဒေါ်ရဲ့သား ညီ့ထက် ၁နှစ်ကျော်လောက်ငယ်တဲ့ ညီ့ရဲ့ ၀မ်းကွဲကောင်လေးတစ်ယောက်က ညီ့ကို သိပ်အနိုင်ကျင့်တာပဲ…..။ အဲလို အနိုင်ကျင့်ခံရတိုင်း ညီက မိုးဆီကို
လာပြီး ရင်ဖွင့်တတ်တယ်…..။ ညီမှာက သူငယ်ချင်းသိပ်မရှိဘူး….။
ညီ့သူငယ်ချင်းဆိုလို့ မိုးပဲရှိတာလေ…..။ ညီက အားရင် မိုးဆီအမြဲလာတယ်….။ တခါတလေ သူ့အဒေါ်ဆီက မုန့်ဖိုးရရင် မိုးအတွက် မိုးကြိုက်တဲ့ ကလစ်လှလှလေးတွေ ၀ယ်ပေးတတ်တယ်……။ စိတ်ညစ်စရာတွေကို ပြောရင်း….သူ့ဘ၀ကို သူ စိတ်နာတယ်လို့ ညည်းတွားရင်း ညီကျခဲ့တဲ့ မျက်ရည်တွေကို မိုး မကြာမကြာမြင်ခဲ့ရတယ်….။

အထက်တန်းကျောင်းသားဘ၀မှာ ညီတစ်ယောက် အရမ်း “စန်း”ပွင့်နေပါပြီ…..။ မျက်ခုံးထူထူ အသားညိုညို…၊ အရပ်မြင့်မြင့်နဲ့ ခပ်အေးအေးနေတတ်တဲ့ ညီ့ကို ခင်ချင်ကြလို့ ညီ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း မိုးဆီကို ကျောင်းက
ရွယ်တူတွေ မမတွေ….ညီမလေးတွေက အမြဲ လာတတ်ကြလို့ မိုးကပါရောပြီး ညီ့ကြောင့် မျက်နှာပွင့်ခဲ့ရတာပေါ့…..။ အဲ့ဒီ့တုန်းက…မိုးစိတ်ထဲမှာ ကျိတ်ပြီး စိတ်တွေပူခဲ့လိုက်ရတာ…..ညီ တစ်ယောက်ယောက်နဲ့ ကြိုက်သွားမှာကိုပေါ့…..။
ဒါပေမယ့် ညီက အဲဒါတွေကို စိတ်မ၀င်စားခဲ့ပါဘူး…..စာပဲ ကြိုးစားတာ….။ ညီက ၁၀ တန်းကို ကျူရှင်မယူနိုင်ဘူးလေ…..
မိုး ကျူရှင်ဆင်းချိန်ဆို မိုးအိမ်ကိုလာပြီး…..စာတွေ အတူတူလာကျက်တယ်….။ စာတော်တဲ့ ညီ့ကို ကျူရှင်ယူပြီး ဒီ့ထက်စာတွေ ပိုရစေချင်ပေမယ့်…..သူ့အဒေါ်တွေဆီက လိုတာထက်ပိုပြီး အခွင့်အရေး မယူဘူးလို့ ပြောခဲ့တဲ့ ညီ့စကားတွေကြောင့်
မိုးလေ ညီ့ကို မိုးကျူရှင်မှာသင်ခဲ့ရတဲ့စာတွေ အစွမ်းကုန်ပေးပြီး….ကူညီပေးခဲ့တာ….။ ညီက အင်ဂျီနီယာတစ်ယောက်
အရမ်းဖြစ်ချင်တာ….။ မိုးလည်း ညီဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့တာပေါ့…….။

၁၀ တန်းအောင်စာရင်းတွေထွက်တော့ ညီက ဂုဏ်ထူး(၂)ခု ပါလာတယ်….။မိုးကလား….မိုးက စာညံ့တယ်ရှင့်….။
ရိုးရိုးပဲအောင်တာ…..။ မိုးရဲ့ အိမ်က ညီနဲ့နှိုင်းပြီး မိုးကို ဆူလိုက်ကြတာ မပြောပါနဲ့တော့…..။ ဒါပေမယ့် မိုးနည်းနည်းလေးမှ
စိတ်မညစ်ခဲ့ဘူး…..။ ညီဖြစ်ချင်တဲ့ အင်ဂျီနီယာကြီး….ညီ ဖြစ်ခွင့်ရတော့မယ်လို့ တွေးပြီး….ညီ့အတွက် ပျော်ပေးနေခဲ့တာပေါ့…..။
ဒါပေမယ့် ဒီအပျော်တွေဟာ သိပ်ကြာကြာမခံလိုက်ပါဘူး…..။ ညီတစ်ယောက် မိုးဆီကို ရောက်လာပြီး သူတက်ချင်နဲ့ GTC
ကျောင်းမတက်တော့ဘူးဆိုတဲ့အကြောင်း မိုး ကိုပြောတယ်…..
အကြောင်းအရင်းက ညီ့အဒေါ်က ကျောင်းစရိတ်မပေးနိုင်တော့ဘူးဆိုတာပေါ့…..။
“နင် ဘာဆက်လုပ်မှာလဲ” ညီ့ကို မေးတော့ သူ့အဒေါ်ရဲ့ ယောက်ျားဖွင့်ထားတဲ့ ကားပစ္စည်းဆိုင်မှာ သူ လုပ်ဝိုင်းကူပေးရမယ်တဲ့……။တကယ်ဆို ညီ ဒီလိုမလုပ်သင့်မှန်း မိုးသိတာပေါ့….။ ဒါပေမယ့် ညီ့မေမေရဲ့တိုက်တွန်းချက်တွေကြောင့် ညီက အဲ့ဒီ့ဆိုင်မှာ မလုပ်မဖြစ် အလုပ်လုပ်ပေးခဲ့ရတော့တယ်…။ ညီလေ သူဖြစ်ချင်တာတွေ ဖြစ်ခွင့်မရ….သူကြိုးစားထားသမျှတွေ အလကားဖြစ်ပြီ လို့ ပြောရင်း မိုးရှေ့မှာ မျက်ရည်တွေ ထပ်ကျပြန်တယ်….။
မိုး ညီ့ကို ပျော့ညံ့တဲ့ ယောက်ျားတစ်ယောက်လို့ မတွေးမိပါဘူး….။
ညီ့ဘ၀ကို စာနာပေးရင်း မိုး ညီ့ကို နှစ်သိမ့်ပေးခဲ့ရတာ အကြိမ်ကြိမ်ပေါ့လေ…..။

ဒီလိုနဲ့ ညီနဲ့ မိုး အဝေးသင်ကို မေဂျာအတူတူယူခဲ့ကြတယ်…..။ မိုးလေ ညီနဲ့ သိပ်မတွေ့ဖြစ်ခဲ့ပါဘူး…..။ ညီကလည်း သူ့ဦးလေးဆိုင်မှာ တစ်နေ့လုံး အလုပ်တွေလုပ်…..မိုးက အထည်ဆိုင်လေးတစ်ခုမှာ အလုပ်ဝင်လုပ်ရင်း
သင်တန်းလေးတွေ တက်နဲ့…..ညီနဲ့မိုး တစ်လနေလို့ တစ်ခါတောင် မဆုံဖြစ်ကြတော့ဘူး…..။အဝေးသင် အနီးကပ် ၁၀ ရက်တက်တဲ့နေ့မှာ ညီနဲ့ မိုး ဆုံခဲ့ကြတယ်…..။
မိုးနဲ့ မတွေ့ဖြစ်ခဲ့တဲ့ ရက်ပိုင်းမှာ ညီတစ်ယောက် ကောင်မလေးရသွားပြီ လို့ ပြောတော့ မိုးလေ…၀မ်းနည်းလွန်းလို့ ၀ဲတက်လာတဲ့မျက်ရည်တွေကို ကြိုးစားပြီး ဟန်ဆောင်ထိန်းလိုက်ရတယ်…။
မိုးစိတ်ထဲမှာ ညီတစ်ယောက်ရည်းစားရရုံမကဘဲ…..ပြောင်းလဲသွားသလို ခံစားလိုက်ရတယ်……။
ညီ့အပြောအဆိုတွေ အရင်ကလို မဟုတ်တော့ပါဘူး……။ ညီ မိတ်ဆက်ပေးတဲ့ ညီ့ကောင်မလေး ဆိုသူကလည်း မိုးတို့ထက် ၆ နှစ်လောက်ကြီးတယ်…..။ ပထမတော့ ညီ အဲ့ဒီ့မမက အရမ်းလှလို့ ညီချစ်တာနေမှာလို့ တွေးမိပေမယ့်…..
အဲ့ဒီ့မမကိုတွေ့လိုက်ရတဲ့အချိန်မှာ ညီ ထိုမမဆိုသူကို ဘာကြောင့်ကြိုက်လဲ မိုး အဖြေရှာမရအောင်ဖြစ်ခဲ့ရတယ်…..။

စာမေးပွဲနောက်ဆုံးရက်မှာ ညီလေ မိုးကို မုန့်လိုက်ကျွေးပါတယ်….။ မိုးလည်း သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ….ဟိုမမကို ညီဘာလို့ တွဲတာလဲလို့ မေးလိုက်မိတော့ ညီပြန်ဖြေတဲ့စကားတွေဟာ….မိုးသိထားတဲ့ အရင်က
ညီ့ကို ကွယ်ပျောက်သွားစေပါတယ်….။
“မိုး ငါ သူ့ကို ချစ်လို့ တွဲတယ်လို့ နင်ထင်နေတာလား…..
 ငါ သူ့ကို သံယောဇဉ်တော့ ရှိပါတယ်…..သူက ငါ့ကို အရာရာပြည့်စုံစေတယ်
မိုးရ….. ခု ဒီကျောင်းရယ်….ငါတက်နေတဲ့ သင်တန်းကိုလည်း
သူထားပေးတာ……ငါဝတ်နေတာတွေ ငါကိုင်တဲ့ ဖုန်းကအစ
သူ့အထောက်အပံ့တွေချည်းပဲ….. သူ့အကူအညီတွေကို ယူပြီး ငါ
ဟိုလောင်းရိပ်အောက်က လွတ်အောင်ရုန်းရမယ်” ဆိုတဲ့ ညီပြောတဲ့စကားကို
မိုးကြားရတော့ မိုးစိတ်ထဲ ရူးချင်မိသွားတယ်……။
   ” ညီ နင် ဒါဆို သူ့ကို လက်ထပ်မှာလား
    နင့်ကိုယ်နင် ဘာဖြစ်နေပြီလဲ ဆိုတာကိုရော
နင်သိရဲ့လား…..ကိုယ်တကယ်မချစ်တဲ့ မိန်းမတစ်ယောက်ဆီက နင် ဒီလိုတွေ
ယူစရာလားဟာ………နင်က ယောက်ျားပဲ ညီ….နင်ကြိုးစားရင်
ဖြစ်လာမှာပေါ့ဟာ…..ညီရာ ငါနင့်ကို တကယ်မထင်ခဲ့မိဘူး…..” လို့
မချိတင်ကဲ စို့စို့နင့်နင့် မိုးက ပြောတော့ ညီက သက်ပြင်းရှည်တစ်ချက်ချပြီး
“အေးဟာ မိုးရာ ငါ့ကို အခု လူတွေက ယောက်ျားပိုင်းလုံးလို့
ပြောကြတယ်…..ဒါတွေကို ငါဘာမှ ရှင်းပြနေဖို့မလိုဘူး မိုး…… ပြီးတော့
ငါအဲဒီ့လောက်ထိလည်း အောင်တန်းမကျဘူး….။သူက ငါနဲ့ တွဲရတာ ကျေနပ်တယ်လို့
ပြောတယ်လေ…..အဲ့ဒီ့အတွက် ငါ့ကို သူက
စိတ်ချမ်းသာအောင်ပြန်ထားပေးတယ်.….။ဒါက ငါ
သူနဲ့တွဲပေးရုံပဲ…..ငါတို့(၂)ယောက်က နားလည်မှုတွေနဲ့ မိုး” ဆိုတဲ့
စကားအဆုံးမှာ မိုး ရုတ်တရက်မက်တပ်ထရပ်လိုက်ပြီး…..
 ” တော်တော့ ညီ……ဒါဆို နင်အခု ငါစားဖို့ မှာပေးထားတာတွေက
အဲဒီ့မိန်းမဆီက ရတဲ့ တွဲခ နဲ့လား…
ငါပြန်တော့မယ် ညီ…..ငါနင့်ကို ဆက်ပြီး အထင်ကြီးချင်သေးတယ်…..
ငါ့သူငယ်ချင်းနင့်ကို ယောက်ျားပီသတဲ့ စိတ်လေး ရှိနေစေချင်တယ်
လို့ပြောပြီး မိုးလှည့်ထွက်ခဲ့တယ်….။ ခြေလှမ်းတို့ (၃)လှမ်းလောက်လှမ်းပြီးမှ မိုး ညီ့ဘက်ကို လှည့်ပြီး….
“သြော် ညီ….. နင် ဒီလိုအခြေအနေမျိုးနဲ့ပဲ ရှေ့ဆက်တော့မယ်ဆိုရင်
နောက်ပိုင်းကြုံလာရမယ့် ကောင်းတာရော ဆိုးတာကိုပါ….ငါ့ဆီလာပြီး
ရင်ဖွင့်စ၇ာ မလိုတော့ဘူးနော်…….။ ငါသိထားတဲ့ ဟိုးအရင်က ညီ့ကိုပဲ ငါ…..”လို့ ပြောပြီး မိုးဆက်မပြောတော့ဘဲ……ထွက်လာခဲ့မိတယ်….။
  မိုးရဲ့ အနောက်က ညီ “မိုး……ငါလေ..” ဆိုတဲ့ စကားကို
နားမထောင်ခဲ့မိတော့ပါဘူး….။

ညီ့ကို မိုး အဲ့ဒီ့လို လူမျိုးမဖြစ်စေချင်ဘူး…။ဟိုးငယ်ငယ်က ဖြူဖြူစင်စင်နဲ့ ညီ……
ဘ၀ကိုနာပြီး ကြိုးစားမယ်လို့ ကြွေးကြော်ခဲ့ဖူးတဲ့ ညီ………
မိုးတစ်ယောက်တည်းကိုခင်ပြီး……မိန်းကလေးတွေဆီက ခုလိုမပြောနဲ့ မိုးနဲ့ပတ်သတ်လာရင်တောင် အကြွေးမှတ်ပြီး တစ်ခုခုပြန်လက်ဆောင်ပေးတတ်တဲ့ ညီ……
အဲ့ဒီ့ညီ့ကိုပဲ မိုးချစ်ချင်ယ်….။ အခုလိုမျိုး ညီ့စိတ်တွေ ခံယူချက်တွေကို မိုးမုန်းလိုက်တာ…..။
လူတစ်ယောက်က သူ့ရဲ့ဘ၀ဖြတ်သန်းမှုကို ဘယ်လိုရွေးချယ်မလဲဆိုတာ သိခွင့်မရခင်ကတည်းက ချစ်လာခဲ့ရတဲ့ မိုး….. ညီ့ကို
မမေ့နိုင်ပေမယ့်…..မမျှော်လင့်မိတော့အောင် ရှင်သန်ကြည့်ခဲ့တယ်….။ ညီ့ကို သတိတွေရတိုင်း မိုး ငိုခဲ့လိုက်ရတာ…..။
ညီကတော့ မိုးဆီကို မလာတော့ပါဘူး….။ အဆက်အသွယ်လည်း မလုပ်တော့ဘူး….။
ဒီလိုပုံစံဆိုရင် ညီတစ်ယောက် သူ့စိတ်ကို မပြင်နိုင်သေးဘဲ ဆက်မိုက်မဲနေတုန်းပဲ ဆိုတာ သက်သေပြနေတာပေါ့…။
တစ်နေ့နေ့…..ညီ သူ့အမှားတွေကို သိပြီး မိုးဆီများ ပြန်လာလေမလားလို့ စိတ်ကူးတွေ ယဉ်မိပေမယ့်…… ဒုတိယနှစ် ကျောင်းပြန်တတ်တဲ့အခါ ညီ့ကို မိုးမတွေ့တော့…..မိုးထင်ထားခဲ့တာတွေ ပျက်စီးကုန်တော့တာပါပဲ…..။

မိုးလေ ညီ့သတင်းတွေကို အမြဲနားစွင့်နေခဲ့တာ…..။ ညီ့မေမေနဲ့ တွေ့တိုင်း ညီအကြောင်းမမေးဘူးလို့ အားတင်းထားပေမယ့်…. ညီ့မေမေဘက်က စလို့ ညီအကြောင်းများပြောလာခဲ့ရင်….မိုးလေ မျက်လုံးတွေမှာ အရောင်တွေ တလှပ်လှပ်နဲ့ နားထောင်လိုက်ရတာအမော…..။
ညီတစ်ယောက် အိမ်ပြန်မအိပ်တာကြာပြီ လို့ ညီ့မေမေက ပြောလာတော့ ညီ ဟိုမမနဲ့များ အတူတူရှိနေပြီလားလို့ တွေးပြီး အိမ်ပြန်ရောက်တဲ့ အထိ ညီ့ဆီကို အတွေးတွေပို့…..မိုးရဲ့ အာရုံတွေ တအားနောက်ကျိနေခဲ့တာ…..။
မိုးရဲ့ အခြေအနေကို ရိပ်မိနေတဲ့ မေမေက မိုးကို ဆုံးမပါတယ်….။
“မေမေက ညီ့ကို တူလို သားလိုချစ်ခဲ့တာ သမီး…..ခုရပ်ကွပ်ထဲမှာပြောနေကြတဲ့
ညီ့အကြောင်း မေမေ ကြားရတော့ မေမေ ညီ့အတွက် စိတ်မကောင်းဘူး…..ပြီးတော့
ညီနဲ့ သမီးတို့ရဲ့ သံယောဇဉ်ကို မေမေ ရိပ်မိတယ်….။ ဘာပဲဖြစ်ဖြစ်
သမီးရယ်….. ဒီလို နာမည်ပျက်ရှိတဲ့ညီနဲ့ သမီးကို သူငယ်ချင်းလိုတောင်
ဆက်ပြီး မခင်စေချင်တော့ဘူး…..သမီးအတွက် မေမေပြောတာပါ…..မေမေပြောတာကို
သမီး နားလည်မှာပါ ” ဆိုတဲ့ မေမေ့ဆီက ကြားရတဲ့စကားတွေက မိုးစိတ်ကို ပိုလို့တောင် နောက်ကျိစေခဲ့တယ်…..။

မိုးတတိယနှစ်မှာ ညီ့မေမေ ဆုံးသွားခဲ့တယ်…..။ ညီ့မေမေ အသုဘမှာ ညီနဲ့ မိုး ဆုံခဲ့ပါသေးတယ်….။
ဟိုတုန်းကလို ညီအားငယ်တဲ့အခါတိုင်း နှစ်သိမ့်အားပေးနေကြဖြစ်တဲ့ မိုးလေ ညီ့ဆီက ညီအရင်လို ခံစားရသမျှ မျှဝေယူချင်ပေမယ့်…..မိုး မေမေက မိုးကို အမြဲ လိုက်ကြည့်ပြီး သတိလိုက်ပေးနေတော့ မိုး နေရခက်လိုက်တာ…..။
ဒါတွေကို သိနေတဲ့ ညီ သူ့မေမေရက်လည်ပြီးတဲ့နောက်နေ့မှာ မိုးကိုတောင် နှုတ်မဆက်တော့ဘဲ ရပ်ကွက်ထဲက ပျောက်သွားပါတော့တယ်……။

 တစ်နေ့ ညီ့အဒေါ်နဲ့ ဈေးထဲမှာအမှတ်မထင်ဆုံဖြစ်တော့ ညီ့အဒေါ်ကတဆင့် ညီ ကိုရီးယား သွားပြီဆိုတာ မိုးသိလိုက်ရတယ်…..။
ဘယ်နှနှစ်ကြာမယ်မှန်းမသိ…..ဘယ်တော့ပြန်လာမယ်မှန်း မိုးသိခွင့်မရခဲ့ပေမယ့်…….ညီ့အဒေါ်ကတော့ မိုး မကြားချင်တဲ့ စကားတွေ
ပြောခဲ့တယ်….။
” သိလားမိုးရေ…… တစ်သက်လုံး ကျွေးမွေးလာခဲ့တဲ့ အဒေါ်တွေကိုတော့ ဟိုကနေ
နေကောင်းလားလို့တောင် တစ်ချက် မေးဖော်မရဘူး……။ မနေ့တနေ့ကမှ သူ့ကို
လိုချင်လို့ ပေးကမ်းခဲ့တဲ့ ဟိုမိန်းမဆီကိုကျတော့
လစာပုံမှန်လွှဲပေးတယ်လေ…..အဲ့ဒီ့ကျေးဇူးကန်းကောင်အကြောင်း
မပြောချင်တော့ပါဘူး မိုးရယ်….” ဆိုတဲ့ ညီ့အဒေါ်ဆီက စကားတွေက မိုးနားထဲ သံရည်ပူနဲ့ လောင်းချလိုက်သလိုပါပဲ….။
ဒါဆို ညီတစ်ယောက် မိုးမဖြစ်စေချင်တဲ့ ဘ၀မှာ ပျော်ပိုက်သွားပြီပေါ့…..။
မိုးချစ်ခဲ့တာတွေကို ညီ့ကို ပြောပြဖို့မလိုတော့ပါဘူး…..။ မိုးရင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ညီ့ကို သိစေချင်လိုက်တာ…..။ ဒါပေမယ့် ဒါဟာ မဖြစ်နိုင်တော့ဘူးလေ…..။ မိုးရင်နာလိုက်ရတာရှင်….။

ဒီလိုနဲ့ မိုး Company တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း…..အချိန်၃ နှစ်တာကို ညီ့ကို အခါမလပ်သတိရရင်း၊အလုပ်တွေထဲမှာ စိတ်နှစ်ရင်း
ကုန်ဆုံးစေခဲ့တယ်…..။ အလုပ်ကြိုးစားတဲ့ မိုးကို အလုပ်ရှင်က သူ့သား ကိုလင်းနဲ့ နီးစပ်စေခဲ့ပါတယ်……။ အစစအရာရာ ဘာမှ ပြောစရာမရှိတဲ့ ကိုလင်းကို မိုးတို့မိသားစုကလည်း သမီးရှင်တစ်ယောက်အနေနဲ့ ကြည်ကြည်ဖြူဖြူ
လိုက်လိုက်လျောလျောပါပဲ…..။ ကိုလင်းကို လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ မိုး ဆုံးဖြတ်ရတဲ့အချိန်မှာ မိုးလေ….ညီ့ကို
တမ်းတလိုက်ရတာ…..ဒီလိုအချိန်မျိုးမှာသာ ညီ မိုးဘေးနားမှာ ရှိနေရင် မိုးကို ဘယ်လို အကြံပေးမလဲ ဆိုတာ ကို မိုးသိပ်သိချင်ခဲ့တာ….။
ညီရယ်…..နင် ဒီအချိန်ဘာတွေလုပ်နေလဲဟာ လို့ တိတ်တိတ်လေး မေးပြီး လူမသိသူမသိ မိုး ကျိတ်ရှိုက်ခဲ့ရပေါင်းလည်း မနည်းခဲ့ပါဘူး……။
နောက်ဆုံးတော့ မိုး ဖြစ်ချင်တဲ့ အရာဖြစ်လာဖို့ သေချာစွာေ၀၀ါးလာတဲ့အခါ
မိုး ကိုလင်းကို လက်ထပ်ဖို့ သဘောတူခဲ့ပါတယ်……။

ခုဆို မိုးရဲ့ မင်္ဂလာပွဲရောက်ဖို့ တစ်ပတ်လောက်ပဲ လိုတော့တယ်…….။ မိုးရဲ့ ရင်ထဲမှာ ညီ့ကို တစ်စက္ကန့်လေးမှ မေ့လို့မရခဲ့ဘူး….။
လက်ထပ်ရမယ့်ရက်တွေ နီးလာလေ…..မိုး စိတ်တွေ ထုံထိုင်းပြီး မလန်းမဆန်းဖြစ်လာလေပါပဲ……။
ဒါတွေကို မေ့ပြစ်ဖို့ အလုပ်တွေပဲ ဇွတ်လုပ်နေရင်း….Unknow Call တစ်ခု ၀င်လာခဲ့တယ်……
မိုး ဖုန်းထူးလိုက်တဲ့အချိန်မှာ…..တဖက်က
“ဟဲလို မိုး……ငါ ညီပါ ” ဆိုတဲ့ စကားကို ကြားရတော့ မိုးလေ
ကိုယ့်နားကို မယုံနိုင်လောက်ပါဘဲ…..။ ဟုတ်ပါတယ်….ဒါ ညီ့အသံမှ ညီ့အသံအစစ်…..။
နှစ်တွေ ဘယ်လောက်ကြာကြာ….ညီ့အသံကို နေ့တိုင်းကြားနေတတ်တဲ့ မိုး….တိတိကျကျကြီး ညီ့အသံကို မှတ်မိနေတာပေါ့ရှင်…..။

 မိုး ငါ ပြန်ရောက်နေပြီ
  နင်နဲ့ တွေ့ချင်တယ် နင်အခု ဘယ်မှာလဲဟင် ငါလာခဲ့မယ် “လို့ ပြောတဲ့
ညီ့စကားကို ပြန်ဖြေဖို့ မတွေးသေးဘဲ….“ညီ နင် အိမ်ထောင်ကျသွားပြီလား “လို့ မဆီမဆိုင် မေးခွန်း မေးလိုက်တော့
“ဟား…. မိုးကတော့လုပ်ပြီ  ငါနင်နဲ့ တွေ့ချင်တယ်ဟာ……တွေ့မယ်နော်” တဲ့…..။

မိုးလေ ညီနဲ့ ပြန်တွေ့တဲ့အချိန်မှာ အရင်တုန်းက ဘ၀ကို ပြန်ရလိုက်သလိုပါပဲ…..။ အရင်ကထက်မလျော့တဲ့ ရင်ခုန်သံတွေ ပြန်ကြားနေရဆဲပဲ…..။
၃နှစ်ကျော်ကျော် မတွေ့ဖြစ်တဲ့ ညီ့ကို ကြည့်ပြီး…..မိုးရဲ့ လက်ရှိဘ၀ကို မေ့သွားခဲ့မိတယ်….။
နောက်မှ အသိဝင်လာပြီး…ညီ နင် ဟိုမမနဲ့ အိမ်ထောင်ကျသွားပြီလား ဟင် လို့ မေးတော့
ညီက ” ဟာ မိုးကလည်း ဒါပဲမေးနေတာပဲ ငါ့မှာတော့ နင့်ကို သတိရလိုက်ရတာ
နင်ရော ငါ့ကို မလွမ်းဘူးလားဟင်” လို့ မေးလိုက်တဲ့ ညီ့စကားကို ကြားတော့
ညီရယ် ငါနင့်ကို အချိန်ရှိတိုင်း သတိရနေခဲ့တာပေါ့ လို့ စိတ်ထဲကနေသာ
ပြောမိရင်း….ပြန်မဖြေဖြစ်ဘဲ…
“ထားလိုက်ပါတော့….ညီ…… နင် ဘယ်နေ့ကပြန်ရောက်တာလဲ…..”လို့
မေးမိလိုက်ပါတယ်….။
“မနေ့ညက မိုးရ…. နင့်ဖုန်းနံပါတ်ကို လေ ငါမနက်စာစားနေတုန်း
နင့်ညီမ၀မ်းကွဲနဲ့တွေ့လို့ ရခဲ့တာ….
ရရချင်း ငါနင့်ဆီကို ဖုန်းဆက်ပြီး ပြေးလာခဲ့တာ…..ပြီးတော့ ငါ နင့်ကို
ပြောစရာလည်းရှိတယ်…”
ဘာများလဲ ညီရယ်…..
နင်ပြောမယ်ဆိုတဲ့ စကားက ငါ့ကို နောက်ထပ်နာကျင်စေရဖို့များလားဟာ….. လို့ စိတ်ထဲကသာ မေးနေရင်း ညီဆက်ပြောလာမယ့် စကားတွေကိုသာ မိုးဆက်နားထောင်နေမိတော့တယ်….။
” မိုး ငါလေ နင်ပြောတဲ့ စကားတွေကို သေချာပြန်စဉ်စားပြီး
ငါဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ခဲ့ရတာ….
နင်ပြောဖူးတယ်လေ….ငါ့ကို အဲ့ဒီ့အဖြေအနေအတိုင်းဆိုရင် နင့်ဆီ ပြန်မလာနဲ့လို့
ငါလေ…..အဲ့ဒီ့လို မနေနိုင်ဘူးဟ နင်သိလား
အဲဒါနဲ့ပဲ ငါ သူ့အကူအညီရနေသရွေ့ နင့်ကို မဆက်သွယ်သေးဘဲ…ငါ့ကို ငါ
တိုးတက်အောင် အရင်လုပ်ခဲ့တယ်….။
ပြီးတော့ သူပေးထားတဲ့ ငွေကြေးပမာဏတွေအတိုင်း ငါ သူ့ကို တပြားမကျန်ပြန်ဆပ်ခဲ့တာ….
နောက်တော့ သူလည်း ငါ့ကို နားလည်သွားပါတယ်
သူက ငါ့ရဲ့ ကျေးဇူးရှင်ပဲ မိုးရ…..
ငါ ကိုရီးယားကို သွားဖို့ ပထမအကြိမ် ကြိုးစားတုန်းက
အလိမ်ခံလိုက်ရသေးတယ်…..သူကပဲ ဒုတိယအကြိမ်အတွက် ငွေထုတ်ပေးခဲ့တာ….။
အဲ့ဒီ့(၂)ခုစာ ပေါင်းပြီး ငါက ဟိုမှာရတဲ့လစာတွေသူ့ဆီကို ပို့ပြီး
အကြွေးဆပ်ခဲ့တာ…..အခု ငါ့အတွက်ပါ တော်တော်စုမိနေပြီ…..။
သူကလည်း သူ့အိမ်က ပေးစားတဲ့ သူနဲ့ အသက်တူရွယ်တူကိုပဲ
လက်ထပ်သွားတယ်….ငါနဲ့သူက မောင်နှမလိုပါပဲ….သူ့အမျိုးသားနဲ့တောင် ငါ
ခင်သေးတယ်လို့….”
လို့ပြောနေတဲ့ ညီ့စကားတွေကို နားထောင်ပြီး အရင်တုန်းက မိုးဘ၀နဲ့
ပျော်လိုက်ရတာရှင်…..။
“ဒါနဲ့များ ညီရယ်….နင် ငါ့ကို မဆက်သွယ်ခဲ့ဘူးနော်” လို့ မိုးပြောတော့
“နင်ပဲ ငါ့ကို အဲ့ဒီ့တုန်းက အခြေအနေနဲ့ လာမဆက်သွယ်နဲ့ဆို….. ငါက
ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်မှ နင့်ကို ဆက်သွယ်ဖို့ ဆုံးဖြတ်ခဲ့တာ…ငါ
အခု ဖြစ်လာပြီ မိုး
ပြီးတော့လေ ဟိုးငယ်ငယ်လေးကတည်းက ငါနင့်ကို မပြောဖြစ်တဲ့စကားလေး နင့်ကို
ပြောမလို့…
ငါလေ နင့်ကို….” လို့ ညီ စကားမဆက်ခင်မှာ….. မိုးဆီကို ကိုလင်းရဲ့ ဖုန်းဝင်လာခဲ့တယ်….။
“မိုး ဖိတ်စာတွေရနေပြီလို့ပြောတယ်…..မိုး ပင်ပန်းနေရင်နားနော် ကို
သွားယူလိုက်မယ်” ဆိုတဲ့ စကားက မိုးကို အခုဘ၀ထဲ ပြန်ခေါ်လာခဲ့ပါတယ်…..။
“ဟုတ် ကိုလင်း မိုးမလိုက်တော့ဘူး” လို့ဖြေပြီး ဖုန်းချလိုက်တော့ ညီက
“ဘယ်က ကိုလင်းလဲ မိုး” လို့ မေးပြီး မျက်မှောင်ကြုံ့နေတယ်……
မိုး ဘယ်လိုဖြေရမယ်ဆိုတာ မစဉ်းစားနိုင်အောင်ပါဘဲ……။ နောက်တော့မှ ပြောသင့်တဲ့စကားကို ပြောချိန်တန်ပြီလို့ တွေးပြီး….
“ညီ နင်ပြောမယ့် စကားကို မပြောခင် ငါ ပြောတာကို နင် အရင်နားထောင်ပေးနော်….
လာမယ့် အင်္ဂါနေ့ ငါ လက်ထပ်ရတော့မယ် ညီ…….” မိုး ၀မ်းနည်းစွာပြောလိုက်ပါတယ်…..။
နောက်ထပ် မိုးကပဲ စပြီး…..
“တကယ်တော့ ညီရယ် နင်နဲ့ ငါနဲ့ကို သူငယ်ချင်းဘ၀နဲ့ပဲ အဆုံးသတ်ကြရဖို့
ကံတရားက တွေ့ခွင့်ပေးခဲ့တာထင်ပါတယ်…..
နင် ငါ့ကို နားလည်ပေးပါနော်….”လို့ ပြောပြီး မိုး အဝေးကိုသာ ငေးကြည့်နေလိုက်မိတယ်….။
အဲ့ဒီ့အချိန်မှာ ညီ့ဆီက မိုး တစ်ချိန်တစ်ခါက သိပ်ကြားချင်ခဲ့ရပြီး….
ခု ကြားရဖို့  သတ္တိမရှိတော့တဲ့ စကားတစ်ခွန်း မိုးကြားခဲ့ရတယ်…..။
“ငါ နင့်ကို သိပ်ချစ်တယ် မိုး”
နောက်တော့ ညီ့ဆီက ရှိုက်သံသဲ့သဲ့လေး မိုးကြားလိုက်ရတယ်….။ မိုးရဲ့ မျက်ရည်တွေကို ညီကြည့်နေမှန်း မိုး သိလိုက်ရတယ်…..။
ဒီအချိန်တွေကိုသာ ရပ်တန့်ထားလို့ရမယ်ဆိုရင်…..မိုးလေ ဒီလိုလေးဘဲ ညီ နဲ့အတူတူရှိနေချင်လိုက်တာ…..။
ဒါပေမယ့် မဖြစ်နိုင်မှန်း သိလိုက်ရတဲ့အချိန်မှာ…..မိုးကို အချိန်ဆိုတာကြီးက မိုးရဲ့ မင်္ဂလာပွဲနေ့ဆီကို ခေါ်ဆောင်သွားခဲ့ပါပြီ…..။
မိုးလေ မိုးရဲ့ မင်္ဂလာပွဲဆီ ညီလာမလားရယ်လို့ ရှာခဲ့ပါတယ်…. ဒါပေမယ့် ညီ ရောက်မလာခဲ့ဘူး….။
မိုးရဲ့ မင်္ဂလာခန်းမ အနီး ကားမှတ်တိုင်တစ်ခုအနားမှာ ကောင်လေးတစ်ယောက်
လက်ဖွဲ့လေးတစ်ခုကို ကိုင်ရင်း စိတ်နဲ့ကိုယ်မကပ်စွာ ကားလမ်းဖြတ်အကူး…..ကားတိုက်မှုတစ်ခုဖြစ်ခဲ့တယ်ဆိုတာ သတို့သမီးလေးမိုး
မသိခဲ့ပါဘူး……..အဲ့ဒီ့ကောင်လေးက ညီဖြစ်နေမယ်ဆိုတာကိုရောပေါ့………..။      ။

(အလွမ်း)

In: ဝတ္ထု Posted By: Date: Nov 19, 2012
Comment #1

တကယ်ကောင်းတဲ့ အရေးလေးတွေပါ .. အခုခေတ်ကို ထင်ဟပ်နေတယ်လို့တောင် ခံစားရတယ် ကော်ပီကူးထားလိုက်ပါတယ်နော်

commentinfo By: မေပျို at Nov 19, 2012
Comment #2

” ကံ” ကိုသာ အပြစ်ပုံချရတော့မှာပေါ့နော်—- :'(

commentinfo By: mayviolet at Nov 19, 2012
Comment #3

🙁

commentinfo By: ayokelay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment