Professional Authors

ကြွေလွင့် ဒဏ္ဍာရီ

ဒီနေ့က ရုံးပိတ်ရက် တနင်္ဂနွေနေ့မို့ ရုံးက အလုပ်တူတူလုပ်တဲ့ အမ မဇာကြီး၊ သွန်း နဲ့ ဌာနတူတူလုပ်တဲ့ အမ အိမ်မှာ အလှူရှိတာနဲ့ပဲ ရေချိုး ပြင်ဆင်ပြီး ထွက်လာခဲ့ လိုက်တယ်။ ဆောင်း အကုန်ခါနီ ဖေဖေါ်ဝါရီလမို့ ထင်ပ ကောင်းကင်က ကြည်လင်နေတာပဲ .. သွန်းလည်း ကိုယ့်စတိုင်အတိုင်း ရုံးပိတ်ရက်ဆို ပေါ့ပေါ့ပါးပါး လွတ် လွတ် နေတတ်တော့ အပေါ်က တီရှပ်အဖြူရောင်နဲ့ အောက်က ဂျင်း အနက် ကွာတားကို တွဲဖက်ဝတ်လာခဲ့လိုက်ပြီး ပိုက်ဆံအိတ်လေးနဲ့ ထီးကောက်ကို ဆွဲပြီး အိမ်ကနေ ကားဂိတ်ကို ထွက်လာခဲ့တယ် ….။

သွန်း အကျင့်က အလှူတွေဆို သိပ်မသွားချင်ဘူး .. လူများတဲ့နေရာ၊ ဆူညံတဲ့နေရာတွေကို  သွန်းက မကြိုက်ဘူး .. အိမ်ကနေ အလှူစတဲ့အချိန်လောက်မှ ထွက်ခဲ့တော့ မဇာကြီးအိမ်ရောက်တော့ လူတောင် နဲနဲပါးနေပြီ …။
 

အော် … သွန်း .. ညီမလေး လာလေ .. ညည်းအေ နောက်ကျလိုက်တာ … အမ သိတယ်နော် သွန်း ….၊

အင်း .. သွန်း အကြောင်းလည်း သိသားနဲ့ မဇာကြီးရယ်လို့ ပြောပြောဆိုဆိုနဲ့ မဇာကြီးနေရာချပေးတဲ့ စားပွဲအ၀ိုင်းလေးမှာပဲ သွန်း ထိုင်ချလိုက်တယ်။ သွန်းလည်း စားပွဲမှာရှိတဲ့ အချိုပွဲ မုန့်လေးတွေကိုပဲ စိမ်ပြေနပြေထိုင်စားရင်း ကော်ဖီကို ခပ်အေးအေးပဲ သောက်ပြီး အခန်းထဲကို ဝှေ့ကြည့်လိုက်နေလိုက်တယ်။ မဇာကြီး ၁ ယောက်ကတော့ နောက်ဖေးနဲ့ အိမ်ရှေ့ကြားမှာ အလုပ်များနေလိုက်တာ ….. တအောင့်ကြာတော့ သွန်း ဘေးမှာ ၀င်ထိုင်ရင်း …….
အမလေး .. သွန်း ရယ် . ပင်ပမ်းလိုက်တာအေ မပြောချင်ပါဘူး ….ပြောရင်းဆိုရင်းနဲ့ သွန်း ကော်ဖီသောက်နေတာကို သတိထားမိသွားပြီး သူ့ ညီမတွေကို …ဟဲ့ ဟဲ့ .. သြ နင်တို့တွေ သွန်း ကို ဘာမှ ချမထားပေးဘူးလားအေ့  ဆိုပြီး ပြောပြောဆိုဆို နောက်ဖေးကို ထသွားပြန်ရော .. ပြန်လာတော့ လက်ထဲမှာ မုန့် ၁ ပန် ပါလာခဲ့ပြီး … ရော့ … သွန်း ရေ စား … ညည်းကလည်းအေ သူစိမ်းလည်း မဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် ထပြီးယူစားလည်း ရတာပဲကို ….
အော် .. ရပါတယ် မဇာကြီးရယ် သွန်းလည်း မဇာကြီးတို့ ညီမ ၁ သိုက် အလုပ်ရှုပ်နေတာနဲ့ ဒီအတိုင်း ကော်ဖီနဲ့ မုန့်လေးတွေပဲ ထိုင်စားနေလိုက်တာ ..။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

မဇာ ကျနော် ပြန်လိုက်အုန်းမယ်ဗျ .. ကျေးဇူး အများကြီးတင်ပါတယ်နော် မဇာ …
အော် .. အင်း သက်ပိုင် .. ပြန်တော့မလို့လား .. အေးကွယ် မဇာလည်း အလုပ်တွေ များနေတာနဲ့တင်ကို သက်ပိုင်ကို ဂရုမစိုက်လိုက်နိုင်ဘူးလေ .. အော်.. ဒါနဲ့ မိတ်ဆက်ပေးအုန်းမယ် .. ဒါ မဇာတို့နဲ့ ဌာနတူတူလုပ်တဲ့ ညီမလေး နာမည်က သွန်းဇာဖြူ တဲ့ …
ဟုတ်ကဲ့ .. တွေ့ရတာ ၀မ်းသာပါတယ် မသွန်းဇာဖြူ
ဟုတ်ကဲ့ .. သွန်းလည်း တွေ့ရတာ ၀မ်းသာပါတယ် ကို …….
ဟုတ်ကဲ့ ကျနော့်နာမည်သက်ပိုင်ပါ
ဟုတ်ကဲ့ပါ ကိုသက်ပိုင်…….။
ဒီလိုနဲ့ သွန်းနဲ့ ကို တို့ စတွေ့ခဲတာ …။

(ကို့ကို သွန်း စတွေ့တဲ့နေ့ကတည်း သဘောကျခဲ့တာ ..
စကားပြောတာ အေးအေးဆေးဆေးနဲ့ ယဉ်ယဉ်ကျေကျေးလေးနဲ့
ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ လိုက်ဖက်တဲ့ ယဉ်ကျေးတဲ့ အပြုအမူတွေကိုပေါ့ …….)

ဒီလိုနဲ့ သွန်းနဲ့ ကိုသက်ပိုင်တို့ မဇာကြီးနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာလည်း မကြာခဏဆိုသလို ဆုံမိကျရင်း တစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတန်းလာခဲ့သလို ရင်းနှီးမှု လေးတွေလည်း အစပြုလာခဲ့ရတယ်။ တစ်နေ့တော့ ကိုသက်ပိုင် သွန်း ဆီကို ဖုန်းဆက်ပြီးတော့ …….
သွန်း ညနေ အားလားဟင် ကို မင်းကို မုန့်လိုက်ကျွေးချင်လို့ပါလို့ စကားဆိုလာခဲ့တယ် .. သွန်းအနေနဲ့လည်း ငြင်းစရာအကြောင်းမရှိလို့ အားပါတယ်လို့ ပြောခဲ့ပြီး ကိုသက်ပိုင်က ညနေ 6 နာရီလောက်ကို သွန်းတို့ လမ်းထိပ်က အအေးဆိုင်ကနေ ထိုင်စောင့်နေပေါ့မယ်ပြောပြီး ဖုန်းချသွားလိုက်တယ်။ အဲ့နေ့က ဘာရယ်မဟုတ် သွန်း ၁ ယောက် အလုပ်ထဲကနေ စောစောပြန်ချင် စိတ် တွေ ဖြစ်နေတယ်လေ …..။

တီရှပ်လက်တိုနဲ့ ပုဆိုးကို သေသေသပ်သပ် ၀တ်ဆင်ထားတာ ရှည်မောင်းလှတဲ့ အရပ်အမောင်းနဲ့ အဖြူမညို အသားအရည်၊ ယောက်ျားပီသတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ကို နဲ့ သိပ်လိုက်ဖက် မှုရှိတာပဲ။
ကိုသက်ပိုင်  ရောက်တာ ကြာနေပြီလားဟင်? မေးခွန်းမေးရင်း သွန်း ကိုသက်ပိုင်နဲ့ မျက်နှာချင်းဆိုင် ခုံမှာ ၀င်ထိုင်လိုက်တယ်။ မကြာသေးပါဘူးဗျာ .. ကျနော်လည်း စောနလေးတင်မှ ရောက်လာတာပါဗျ..၊ မှာလေ သွန်း .. စားချင်တာကို လို့ပြောရင်း စားပွဲထိုးလေးကို လှမ်းခေါ်လိုက်တယ် …။ သွန်း .. နို့ပဲ သောက်တော့မယ် ….။
ချာတိတ် .. ကိုယ်တို့ကို နို့ ၁ ခွက်နဲ့ ကော်ဖီအေး ၁ ခွက်ပေးကွာ….။

ဒါနဲ့ သွန်း က ကိုယ့်ကို အားနာလို့လား .. တခြား ဘာစားချင်သေးလဲ .. နို့ ပဲသောက်မလို့လားကွ.. မင်းလေးကလည်း ….။ ဒါနဲ့ မင်းလေးက ဒီလိုကျတော့လည်း တမျိုးချစ်ဖို့အကောင်းသား ….. ကိုသက်ပိုင် သွန်းကို ကြည့်ပြီး ပြောလိုက်တာ .. သွန်း စိတ်ထဲမှာ မနေတတ်ဘူး ဖြစ်သွားရတယ် ..။ အိမ်နဲ့လည်း နီးတော့ သွန်းလည်း အိမ်မှာနေရင်း ၀တ်တဲ့အ၀တ်စား နဲ့ သနပ်ခါး ပါးကွက်ကြားနဲ့ပဲ ထွက်လိုက်လာ လိုက်မိတာလေ …။ သွန်းနဲ့ ကိုသက်ပိုင်တို့ စကားတွေ တောင်စဉ်ရေမရ ဦးတည်ရာမဲ့ စကားတွေကောင်းနေလိုက်ကြတာ အချိန်လည်း တော်တော်ကြာသွားခဲ့တယ်။ သွန်းက နားထောင်သူပရိတ်သတ်ဖြစ်ပြီး ကို ကတော့ ပုံပြောကောင်းတဲ့ မင်းသားပေါ့ .. အပြောကောင်းတဲ့ ကို့ အပြောတွေအောက်မှာ သွန်း ၁ ယောက် အရာရာကို မေ့လျော့နေမိတာ။ ကဲ .. သွန်း ကိုယ်တို့ စကားတွေကောင်းနေလိုက်တာ နောက်ကျနေလို့ သွန်း မေမေ ဆူအုန်းမယ် .. ဒီတော့မှ သွန်းလည်း သူ့အပြောတွေမှာ စီးမျောနေတဲ့ စိတ်တွေ ကိုယ်နဲ့ ပြန်ကပ်ပြီး ဟုတ် .. ကိုသက်ပိုင် … ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်နော်လို့ ပြန်ပြောလိုက်တယ်။ ရပါတယ်ဗျာ … ကျနော့ကြောင့် သွန်း ပျော်ရွှင်ရတယ်ဆိုရင်ပဲ ကျနော်က ကျေနပ်မိပါတယ် ပြောပြီး စားပွဲထိုးကို လှမ်းခေါ်ပြီး အိကျီင်္အိတ် ထဲက ပိုက်ဆံအိတ်ကို ထုတ်ပြီး ပိုက်ဆံထုတ်ရှင်း လိုက်တယ် ..။

ဟယ် .. ကိုသက်ပိုင် ..သွန်း ကို 200 အသစ်လေးတွေပေးပါလား .. အလကားမဟုတ်ပါဘူး … 1 ထောင်ဖိုးပါ။ အော် .. ရပါတယ် သွန်း ယူသွားလိုက်ပါ  ကျနော် ပေးပေါ့မယ်ပြောပြီး ပိုက်ဆံအိတ်ထဲက 200 တန်အသစ်ကလေး 5 ရွက်ကို ထုတ်ပြီး သွန်း ဆီကိုပေးတယ်၊ အကြွေးမှတ်ထားလိုက်တယ် သွန်း … နောင်တခါ သွန်း နဲ့ ကျနော် တွေ့တဲ့အခါ ဆပ်ပေါ့ဗျာလို့ ပြောပြီး ဆိုင်ထဲကနေထွက်သွားပါလေရော။ သွန်းလည်း နောက်ကနေ အပြေးကလေးလိုက်ပြီး မဟုတ်တာ ကိုသက်ပိုင်ရယ် ယူသွားပါ မလုပ်ပါနဲ့ လို့ ပြောပြီး 1 ထောင်တန် 1 ရွက်ကို အတင်းပေးပေမယ့် မယူဘဲနဲ့  .. သွန်း ဘက်ကို လှည့်ကြည့်ပြီး …..
ဒီမှာ သွန်း .. ကိုယ် မင်းနဲ့ နောက်ထပ်တွေ့ချင်သေးလို့ မင်းကို အကြွေးထားခဲ့တာကွ လို့ ပြောပြီး လာနေတဲ့ ကားကို တားပြီး ကားပေါ်ပြေးတက်သွားခဲ့တယ် .. သွန်း လည်း ဘာပြောရမှန်း မသိဘဲ လမ်းဘေးမှာတင် ကျန်ရစ်ခဲ့လေရဲ့ ………………..။

မှတ်မှတ်ရရ အဲ့တုန်းက ကို ပေးခဲ့တဲ့ 200 အသစ် (5) ရွက် .. သွန်း အမှတ်တရ သိမ်းထားခဲ့မိတယ် …….။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကို မင်းကို ချစ်တယ် သွန်း …….. ဖုန်းထဲမှ ကိုသကပိုင်အသံ၊ သွန်း တကိုယ်လုံး က သွေးတွေ ပြောင်းပြန်များစီးသွားသလားပဲ တခဏလေးအတွင်းကို .. ပြန်ပြောဖို့ စကားတွေ မဲ့နေခဲ့တယ် ……. အဲ့နေ့ ဖေဖေါ်ဝါရီ 29 ရက်နေ့။ ထူးခြားလွန်းစွာပဲ ရက်ထပ်နှစ်နဲ့တိုက်တဲ့ ဖေဖေါ်ဝါရီလ ရဲ့ နောက်ဆုံး ရက်မှာ ကို .. သွန်း ကို အဲ့လို ပြောခဲ့တယ် …………။
ခါတိုင်းဆို အပြင်ထွက်ရမှာ သိပ်ပျင်းလွန်းတဲ့ သွန်း ၁ ယောက် အခုဆို ညနေကို အမြန်ပဲ ရောက်စေ ချင်နေတော့တယ် …။ တစ်နေ့တစ်နေ့ ညနေစောင်းအချိန် ရောက်တိုင်း သွန်း ၁ ယောက် ရင်ဖိုခြင်းများစွာနဲ့ ပျော်ရွှင်ကြည်နူးနေတာ။ ကို နဲ့ သွန်း ညနေတိုင်း လမ်းတွေလျှောက် ၊ တောင်စဉ်ရေမရ စကားတွေပြောကြ … နောက်ပြောင်ကြနဲ့ နေ့တိုင်း မရိုးနိုင်အောင်ကို၊ မမောနိုင် မပမ်းနိုင်အောင် ကို နေ့ရက်တွေက ချိုမြိန်နေတာ …။
သွန်းတို့ ၂ ယောက် လမ်းလျှောက်တိုင်း မေးနေကျလေး ရှိခဲ့ဖူးတယ် …..
*ကို .. သွန်း ကို ချစ်လားလဲဟင်*
သွန်း မေးနေကျ စကားလေး ၁ ခွန်း .. ဒီလိုမေးလိုက်တိုင်းလည်း *Never* လို့ အမြဲ ပြန်ဖြေ တတ်တဲ့ ကို … နှုတ်ခမ်းလေးစူပြီး ခပ်စောင့်စောင့် အမူအယာဖြစ်သွားတိုင်း *Never .. ဘယ်တော့မှ* လို့ပြောပြီး သဘောကျစွာ ရယ်မောပြီး အမြဲတန်းပဲ သွန်း ..နဖူးလေးကို နမ်း သွားခဲ့တတ်တဲ့ ကို …။ ဘယ်လိုကြောင့် ပဲ ဖြစ်ဖြစ် သွန်း … ကို့ ကို အရမ်းချစ်တယ် …………………။

~ ~ ~ ကို ဟာ
သွန်း ဘ၀မှာ မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ကို ရူးရူးမူးမူး ချစ်မိတဲ့သူ …၊
ကို့ အတွက် သွန်း ဘ၀၊ သွန်း အသက်၊ သွန်း အသွေးအသား အကုန်ပေးဆပ်နိုင်တယ် ကို ………………….. ~ ~ ~

သွန်း .. ကို ဒီ ၁ ပတ်လုံး သွန်းဆီကို လာနိုင်မှာ မဟုတ်ဘူးနော် .. တဖက်မှ ကိုယ့်အသံ အဆုံး .. မကျေမနပ်စိတ်ကလေးနဲ့ ဘာ ဖြစ်လို့လဲ ကို ၊ ဘယ်လိုအကြောင်းအကြောင့်များလဲ သွန်း သိခွင့် ရှိမလား?  အာ .. အကြောင်းတော့ မရှိပါဘူး .. ကို့ အမ ..  ကို့ရဲ့ တစ်ဦးတည်းသော အမလေ ..အဲ့ဒါ နိုင်ငံခြားမှာ အလုပ်လုပ်တာ ခွင့် (၂)ပတ် ရလို့ ခဏပြန်လာမှာမို့ပါ .. သွန်း ကလဲလည်းကွာ .. မင်းလေးက လည်း ကို့ အမက ကို့ ကိုသိပ်ချစ်တာ .. ကို ဘာဖြစ်ချင် ဘာဖြစ်ချင် ကို့ကို အမြဲ အလိုလိုက်တယ် .. နောက် .. ကို့မှာက ဒီ အမ ၁ ယောက်ပဲရှိတာလေကွာ .. မင်းလေးကလည်း ကို့ကို နားလည်ပေးနော် ….။
အင်းပါ ..ကို .. သွန်း လွမ်းနေမှာနော် ….၊
ကို လဲ တူတူပါပဲကွာ …….။

ဒီလိုနဲ့ သွန်း နဲ့ ကို မတွေ့ဖြစ်တာ ၂ ရက်ရှိသွားခဲ့တယ်။ ရုံးကို နေ့ခင်းဘက်အချိန်မှာပဲ ဖုန်းခဏတဖြုတ်ဆက်ပြီး သွန်းလေး နေကောင်းလား? ကို သွန်းကို အရမ်းလွမ်းတယ်ကွာ ဒီလိုမျိုးလေးတွေပဲ ပြောပြီး ဖုန်းချချသွားတယ်။ ၁ ပတ်ကြာတော့ ကို သွန်းဆီကို ဖုန်းဆက် တယ် တွေ့ကြရအောင်တဲ့.. သွန်း သိပ်ပျော်သွားတယ် .. ဒီနေ့ဆို ကိုနဲ့ မတွေ့ရတာ ၁ ပတ်တောင်ရှိ သွားပြီလေ။ အိမ်အပြန်လမ်းမှာ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့အတူ ကြည်နူးမှုတွေက ရင်မှာပြည့်လို့ပေါ့….။
ကို့ ကိုလွမ်းတဲ့စိတ်ကြောင့် တွေ့ချင်စိတ်တွေ စောနေတဲ့ သွန်း .. ကို နဲ့ ချိန်းထားတဲ့ ကားဂိတ်မှာ အရင်ရောက်နှင့်နေတယ်လေ…။ ချိန်းထားတဲ့အချိန်ထက် 15 မိနစ်လောက် လွန်လာတော့ သွန်း ၁ ယောက် စိတ်တွေက ယောက်ယက်ခက်လာပြီလေ။ ကို များ ဘာဖြစ်လို့လဲဆိုတဲ့ အတွေးက ကြီးစိုးနေပြီ။ အဲ့အချိန်မှာပဲ နောက်ကနေ ဘယ်အချိန်က ဘယ်လိုရောက်နေလဲမသိတဲ့ ကို သွန်း လက်ကို ဆွဲပြီး ကားလမ်း ၁ ဖက်ကို ကူးသွားပြီး Taxi ကိုလှမ်းတားနေလေရဲ့ .. သွန်း လည်း စကား ၁ ခွန်းမှ မမေးမိခဲ့ဘဲ ဒီအတိုင်း ကို့ နောက်ကနေ ပါလာခဲ့မိတယ်….။
*လပြည့်ဝန်း* တည်းခိုရိပ်သာ
ကို .. ဒါ ဘာလုပ်ဖို့လဲ? ဟာ .. သွန်း ရှက်တယ် .. ဒီနေရာကို ဘာလို့လာတာလဲ .. ဘာလုပ်ဖို့လည်း သွန်း . ကို့ ကိုတိုးတိုးလေး မေးခဲ့တယ် … ကို သွန်း နဲ့ ပြောစရာရှိလို့ပါ .. ဘာမှမဖြစ်ပါဘူး မကြောက်နဲ့ သွန်း .. ကို တစ်ယောက်လုံးရှိပါတယ်လို့ ပြောပြီး သွန်း ကို တည်းခိုခန်းထဲ လက်ဆွဲခေါ်သွားတယ်…။
သွန်း .. မင်းလေး ကို့ကို တကယ်ချစ်ရဲ့လားဟင်?
အင်း … ဘာလို့လဲ ကို …
မင်း ကို့ ကို ယုံကြည်တယ်မို့လား?
ဟင့်အင်း .. သွန်း .. သွန်း မပြောတတ်ဘူး ……ကို
ကို .. သွန်းကို သိပ်ချစ်တယ် …….
သွန်း … ကို့ ရဲ့ အကြင်နာတွေအောက်မှာ ရုန်းကန်နိုင်ဖို့ ခွန်အားမရှိခဲ့ဘူး …….။

မိန်းမတစ်ယောက်အဖို့ ကျရှုံးခြင်းအစဟာ ယောက်ျားတစ်ယောက်ကို ယုံလွယ်ခြင်းနဲ့ ချစ်မိသွားခြင်းပဲ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

~ ~ ~ ~ ~ သွန်းဘ၀မှာ ကို့ကို မချစ်ဖူးတဲ့အချစ်မျိုးနဲ့ ချစ်ခဲ့မိတယ် .. ဒါကို ရူးသွပ်မှုလို့ ပြောရင် .. ဟုတ်တယ် သွန်း….. ရူးသွားခဲ့မိပြီ ..
ကို့ ရဲ့ ယုယမှုတွေနဲ့ အပြောချိုချိုလေးတွေအောက်မှာပေါ့ ~ ~ ~ ~ ~

နောက်နေ့ ကို သွန်းတို့ရုံးကနေဆို ၃ မှတ်တိုင်လောက်ပဲ စီးရတဲ့ ကားဂိတ်မှာ စောင့်နေမယ်ပြောပြီး ဖုန်းချသွားတယ်။ သွန်း စိတ်ထဲမှာ မကြည်မလင်ဖြစ်နေမိတယ်။ ညနေရောက်တော့ ကိုနဲ့သွန်း တွေ့ဖြစ်ခဲ့ကြတယ်။ ကားဂိတ်နားက လက်ဖက်ရည်ဆိုင်လေးမှာ ကို့ ကို လှမ်းမြင်လိုက်ရတယ်။ သွန်း လည်းကိုရှိရာဆိုင်ထဲကို ၀င်သွားပြီး ကို့ ဘေးက ခုံမှာ ၀င်ထိုင်လိုက်တယ်….။
ကို .. သွန်းကို ကြည့်နေတယ် …….
သွန်းလေး .. နေကောင်းရဲ့လားဟင် လို့ မေးလာတယ်၊
အင်း .. သွန်း နေလို့သိပ်မကောင်းချင်ဘူး ကို၊ ကိုယ်တွေ နွေးနေတယ်။
ကို သွန်း နဖူးလေးကို စမ်းပြီး .. စားပွဲထိုးဖက်လှည့်ပြီး ချာတိတ် ကိုယ့်ကို နို့ ၁ ခွက်ပေးကွာ …။ ခဏနေ စားပွဲထိုး နို့ခွက်ကို စားပွဲပေါ်လာချပေးသွားခဲ့တယ်။ သွန်း … ကို့ ကိုနားလည်ပေးနော် .. မနေ့က ကိစ္စအတွက်၊ ကို ယောက်ျားပါကွာ .. ကို့ ကိုယုံပါနော် သွန်းလေး .. ဒါမျိုးတွေဆိုတာ သမီးရည်းစားတွေကြားမှာ ရိုးအီနေတာပါ သွန်း ရယ် .. တချို့တွေဆို ကလေး (၁) ယောက်ရမှတောင် လက်ထပ်ကြတဲ့သူတွေ ရှိသေးတာပဲ သွန်းရာ …… ပြောရင်း သွန်း ခေါင်းကို ပွတ်သပ်နေတယ်….။
ကို့ အိမ်က သိလားဟင်? ကိုနဲ့သွန်း ချစ်သူတွေဖြစ်နေကြတာကို ..
ဟာ .. သွန်းလေးကလဲ ဘာဆိုင်လို့လဲကွ .. လူငယ်တွေကိစ္စက လူကြီးတွေနဲ့ …။
သွန်း စိတ်ထဲ တစ်မျိုးဖြစ်သွားမိသလို .. မကျေမနပ်လည်း ဖြစ်သွားတယ် .. ဒါပေမယ့် သွန်း အဲ့အချိန်က ဘာစကားမှ ထပ်မပြောမိခဲ့ဘူး…………..။

ဒီကြားထဲ ကိုနဲ့ သွန်း အရင်လိုပဲ လမ်းတွေလျှောက်သွား၊ တခါတရံ စက်ဘီးလျှောက်စီး နဲ့ ရံဖန်ရံခါ ကို နဲ့ သွန်း နယ်လွန်အချစ်နယ်မှာ ကို့ အကြင်နာတွေအောက်မှာ သွန်း မရုန်းထွက်နိုင်ခဲ့ဘူး ….။
သွန်း ဘ၀မှာ ကို ဟာ မချစ်ဖူးတဲ့အချစ်နဲ့ ချစ်မိသူ၊ သွန်း ဒုတိယနှစ် ကျောင်းသူဘ၀မှာ ရည်းစား ၁ ယောက်ထားခဲ့ဖူးတယ် .. သူက သွန်းထက် 5 နှစ်လောက်ကြီးတယ် .. နောက်တော့ သူက သူ့ သူငယ်ချင်းမလေးနဲ့ လက်ထပ်သွားခဲ့တယ်၊ သွန်း အဲ့အချိန်ကတည်းက ရည်းစားမထားခဲ့တာ ကို ဟာ သွန်း ဘ၀မှာ ဒုတိယလူ ဆိုပေမယ့် သူမတူအောင် ချစ်မိခဲ့တဲ့ သူပေါ့…။ ဒါတွေကိုလည်း ကို့ ကိုပြောထားတော့ သိတယ်၊ ဘာလို့လဲဆိုတော့ ကို့မှာ အချစ်ဆုံးသူငယ်ချင်းမလေး ၁ ယောက်ရှိလို့ပဲ၊ သွန်း က သွန်း ခံစားချက်လေးကို ပြောပြထားခဲ့ဖူးတယ်။ ကို က မိန်းကလေးသူငယ်ချင်း များတယ်၊ သွန်းထက် ၃ နှစ်ကြီးတယ်၊ ကို့ မိဘတွေက ကုန်သည်လုပ်ငန်း လုပ်ကိုင်သူတွေပေါ့ .. ကို့ အမကတော့ နိုင်ငံခြားမှာ စာရင်းကိုင်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ပြီး ဘ၀တက်လမ်းအတွက် ကြိုးစားနေသူ (ကို့ ထက် ၂ နှစ်ကြီးတယ်)၊ ကို့ မိသားစုနဲ့ သွန်း တို့မိသားစုက ပုံစံတူတယ်၊ ပုံစံတူတယ်ဆိုတာ အေးအေးဆေးဆေးနေတတ်တာတွေကိုပါ၊ သွန်း တို့ မိသားစုကတော့ ကို တို့မိသားစုလိုတော့ စီးပွားရေး သိပ်အဆင်ပြေတဲ့ အထဲမပါဘူး။

ကို နဲ့ သွန်း ချစ်သူတွေ စဖြစ်ကတည်းက ကို က ရုံးကို ၁ ပတ် ၂ ရက် လိုက်ပို့ပေးတယ်။ အဲ့နေ့ဆို သွန်းတို့ ၂ ယောက်လုံး အိမ်ကနေ စောစောထွက်ကြပြီး သွန်းတို့ ရုံးရဲ့ လမ်းထိပ်က စားသောက်ဆိုင်မှာ မနက်စာ တူတူစားကြတယ်။ သွန်းက အမြဲ ကို့ ထမင်းဗူးကိုဖွင့်ပြီး ကို့ အမေချက်ပေးတဲ့ ဟင်းတွေကို မြည်းပြီး ဝေဖန်ရေးလုပ်တတ်တယ်။ ကို က အပြန်ဆို သွန်း အတွက် ပူတင်း ၁ ဗူး အမြဲ ထည့်ထည့်ပေးလိုက်တယ်။ ရုံးရောက်ရင် သွန်းကို မဇာကြီးတို့က ၀ိုင်းစကြတယ် အဲ့လို ကို ၀ယ်ပေးတဲ့ ပူတင်းကို မြင်တိုင်းပေါ့……။

လူ ၁ ယောက်ကို ချစ်တဲ့ မျက်စိနဲ့ ကြည့်ရင်လည်း အမှားဆိုတာ ရှာမတွေ့နိုင်သလို …
မုန်းတဲ့ မျက်စိနဲ့ ကြည့်မိပြန်ရင်လည်း အမှန်တရားကို မရှာဖွေနိုင်ဘူးလေ ………။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

~ ~ ~ ~ ~ ယောက်ျားပီသတဲ့ ရုပ်ရည်၊ ကို့ အလုပ်အကိုင်၊ ကို့ ယဉ်ယဉ်ကျေးကျေးအပြောအဆိုနဲ့ ကို့ မိသားစုရဲ့ အေးချမ်းတဲ့ အခြေအနေတွေကြောင့်
ကို ဟာ သွန်း ဘ၀မှာတော့ ယောက်ျားပီသသူပဲပေါ့၊
သွန်း ဘ၀မှာ သွန်း လက်ထပ်မယ့်သူဟာ ကို ပဲ ~ ~ ~ ~ ~

ဟုတ်ကဲ့ .. မဇာ သွန်းနဲ့ အဆက်အသွယ်မရတာ (၃) ရက်ရှိပြီ .. ကျနော် သွန်း နဲ့ စကားပြောချင်လို့ပါ ..
သွန်း.. နေမကောင်းဘူးကွ .. သူ ခွင့်ယူထားတာ (၃) ရက်ရှိပြီ
ကို .. အိမ်ကိုဖုန်းဆက်တယ် သူ ညနေ အိမ်ကို လာခဲ့မယ်ဆိုတဲ့အကြောင်း….။
ကို ရောက်လာခဲ့တယ်.. သွန်း အိပ်ယာထဲမှာပဲ လှဲနေလိုက်တယ်။ ကို့ ကိုမြင်တော့ သွန်း အလိုလိုဝမ်းနည်းမိလာပြီး မျက်ရည်တွေကျလာခဲ့တယ် ..။ သွန်း ဘ၀မှာ တခါမှ အဲ့လိုမခံစားခဲ့ဖူးဘူး၊ ကို သွန်းကို မျက်ရည်သုတ်ရင်း ဘာလို့ ငိုတာလဲကွာ… မင်း ကလဲ၊ ဘာဖြစ်လို့လဲ၊ ဘယ်လိုခံစားရလဲ စသည်ဖြင့်ပေါ့ ဒေါသဖြစ်နေတာလား? သွန်း ကို စိတ်ပူနေတာလား သွန်း မသိခဲ့ဘူး ……။

ဒီလိုနဲ့ ၃ ရက်မြောက်နေ့ သွန်း ရုံးပြန်တက်တယ်၊ အရင်လို နေလို့ထိုင်လို့ မကောင်းဘူး၊ ကိုယ်မှာရှိတဲ့ ခွန်အားတွေအကုန် စုတ်ယုတ်နေသလိုပဲ၊ တခါတလေလည်း သွန်း ၁ ခုခုကို အရမ်းစားချင်တဲ့ အာသီတတွေဖြစ်နေတယ်။ အထူးသဖြင့် ကို့ အမေချက်တဲ့ ငါးပြေမဟင်းကိုပဲ သွန်း စားချင်နေမိတယ်..။
ကို…. သွန်း ကို့ အမေချက်တဲ့ ငါးပြေမဟင်း စားချင်တယ်..။ ဟာကွာ . မင်းကလဲ ကို့ အမေက အသက်ကြီးပြီ၊ နောက် ကို သူစိမ်းစားဖို့အတွက် အမေ့ကို ချက်ခိုင်းရမှာ မလုပ်ချင်ပါဘူးကွာ .. သွန်း စားချင်ရင် ကို အပြင်က ၀ယ်ခဲ့မယ်လေ၊ အတူတူပဲကိုကွာ သွန်း ကလဲ ကြံဖန်ပြီး မရစ်စမ်းပါနဲ့ကွာ။ သွန်း မကျေမနပ်ဖြစ်သွားမိပြီး ကို .. သွန်း စားချင်တဲ့ ဆန္ဒလေးတောင် ကို့မှာ မဖြည့်ဆည်းပေး နိုင်ဘူးလား? ဒါလေး ကို့ အမေကို ပြောရမှာ ကို တော်တော်ဝန်လေးနေလား? နောက် .. သွန်း နဲ့ ကိုနဲ့က သူစိမ်းလား? သွန်း စိတ်ထဲမှာ ကို ဟာ …. သွန်း ဆက်ပြောချင်စိတ်မရှိတော့ပဲ နေပါတော့ ထားလိုက်ပါတော့၊ သွန်း တို့ ၂ ယောက် စကားဆက်မဆိုမိကြတော့ဘူး။ နောက်နေ့ ကို မင်းဆီကိုလာခဲ့မယ် သွန်း၊ မင်း အဆင်သင့်ပြင်ထားပါ၊ မင်းကို ဆေးခန်းသွားပြမယ်၊ မင်း ဘာဖြစ်နေတာလဲ ဆိုတာကို တိတိကျကျ သိရမှ ဖြစ်မယ်။ သွန်း… ကို သွားပြီ။ သွန်း ကိုယ်တိုင်လည်း သံသဖြစ်နေမိသလိုပဲ ကို လဲ ဖြစ်နေမိမယ်ဆိုတာ သွန်း စိတ်ထဲက အလိုလိုသိနေမိတယ် ……..။

ကို အိမ်ကို လာမယ်ဆိုတဲ့ အသိကြောင့် သွန်း အိမ်ရှေ့တံခါးကို ဂျက်မထိုးပဲ ခပ်စေ့စေ့လေး ဟပြီးဖွင့်ထားလိုက်တယ်။ သွန်းကတော့ အိမ်ရှေ့မှာပဲ တစ်ယောက်တည်းနေရတာကို ကြောက်မိသလိုဖြစ်နေတာကြောင့် တီဗွီကိုဖွင့်ထားလိုက်ပြီး ဖျာခင်းပြီး အောက်မှာ စောင်ခြုံပြီး မှိန်းနေလိုက်တယ် …။
“ဒေါက်.ဒေါက်…ဒေါက်..ဒေါက်” သွန်း .. သွန်းရှိလား?
အင်း .. တံခါးဖွင့်လိုက် စေ့ထားတာ .. သွန်း အသံမထွက်နိုင်ဘူး .. လေသံတိုးတိုးလေးနဲ့ ပြန်ဖြေရင်း မှိန်းနေရာကနေ နေရာမှာတင် ထ ထိုင်နေလိုက်တယ်။
မင်း ..အဆင်သင့်ဖြစ်ပြီလား .. ကို တို့ သွားကြရအောင် ..
မင်း . သိတယ်နော် ဆေးခန်းက ဘယ်နားမှာရှိလဲဆိုတာ၊
အင်း .. သိတယ် ကို .. ဒီနားလေးတင်ပါ၊ သွားကြမယ်လေ။
လမ်းမှာ ကို က သွန်းကို တွဲခေါ်ပြီး ဆေးခန်းထိ ၂ ယောက်သား လမ်းလျှောက်လာခဲ့ကြတယ်။

လူနာ နာမည်ပြောပါ … သွန်းဇာဖြူပါ…
အသက် ပြောပါ … ၂၆ နှစ်ပါ
ဘာဖြစ်တာလဲ?
ဟုတ်ကဲ့ .. ဘာဖြစ်မှန်းမသိဘူးဗျ၊ သွန်းက အခုရက်ပိုင်း ဖြူဖတ်ဖြူရော်ဖြစ် လာပြီး နေလို့ မကောင်းဘူးပြော လို့ပါဗျ
သြ .. အကို က လူနာရှင်ရဲ့ ……
ဟုတ်ကဲ့ .. ကျနော် သူ့ အမျိုးသားပါ ခင်ဗျ။
သွန်း .. ကို့ ကို တစ်ချက်ကြည့်လိုက်မိတယ် .. အံ့သြသင့်လျက်သားပေါ့.. စိတ်ထဲမှာလည်း ပီတိဖြစ်သ လိုလို၊ ကျေနပ်မိ သလိုလိုနဲ့…။

ဒါနဲ့ သွန်းကို ဆီးစစ်ဖို့ ဆီးစစ်တိုင်နဲ့အတူ ဆီးခွက် ထည့်ပေးလိုက်တယ်၊ ဘေးနားမှာ နာ့စ် ၁ ယောက်က အသင့်လိုက်ပေါ့။
တအောင့်ကြာတော့ ……
မသွန်းဇာဖြူမှာ ကိုယ်ဝန် ၆ ပတ်ရနေပါပီ။ အိုး ….. သွန်း သိပ်ပျော်သွားတယ်၊ ကို့ ကိုကြည့်တော့ မျက်နှာမကောင်းဘူး .. ကို ဘာလို့ အဲ့လိုဖြစ်ရတာပါလိမ့်တွေးနေတုန်း ….
ဟိုလေ .. ဆရာ ကျနော်တို့ အခု အနေအထားအရ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးလို့ပါဗျ၊
သွန်း အံ့သြသင့်သွားတယ် …
သား၊သမီးဆိုတာ ရတနာပါဗျာ .. ကိုယ်နဲ့ ထိုက်လို့ ရတဲ့ ကလေး၊ တချို့တွေများ ကလေးလိုချင်ကြတာတောင် ရကြတာမဟုတ်ဘူးဗျ၊ တန်ဖိုး ထားစမ်းပါဗျာ .. ကျနော် ကြိုပြောမယ်နော် ကိုယ်ဝန်ဖျက်ချတာကိုတော့ ကျနော် အပြင်းအထန်ကန့်ကွပ်တယ်နော် ….
ဆရာဝန် သူပြောစရာရှိတာ ပြောပြီး သွန်း ဖို့ လိုအပ်တဲ့ ဆေးတွေပေးလိုက်ပြီး၊ သွန်းကို လည်း သေချာ ဂရုစိုက်ပေးဖို့ ကို့ ကို မှာလိုက်တယ်။

လမ်းမှာ ကို သွန်း လက်ကိုတွဲထားပေမယ့် စကား ၁ ခွန်းမှ မဆိုဘူး။ ရီပြီး သွန်း ကို “သက်ပိုင် မင်းက အရေးထဲ ကလေးအဖေ လာဖြစ်နေသေးတယ်လို့”  ရေရွတ်ရင်း .. သွန်း မင်း သိပ်ပျော်နေလားတဲ့………။
လမ်းထိပ်နားက အအေးဆိုင်ရောက်တော့ ရင်ပူတယ်ဆိုပြီး ကို ၀င်ထိုင်တယ်။ သွန်းလည်း ကိုနဲ့အတူ လိုက်ဝင်သွားလိုက် တယ်၊ နှစ်ယောက်စလုံး နှုတ်ဆိတ်နေလို့ပေါ့ ..။ ရုတ်တရက် ကို့ ဖုန်းမြည်လာတယ် .. ကို့အချစ်ဆုံး သူငယ်ချင်းကောင်မလေးဆီက .. တဖက်က ဘာပြောသည်တော့ သွန်း မသိဘူး .. အေး.. ငါအခု အရမ်းဒေါသေထွက်နေသလို .. စိတ်တအားရှုပ်နေတယ် ဒါပဲ။
ကို .. ဖုန်းကို ပါဝါပါ ပိတ်ပစ်လိုက်တယ်။

သွန်း .. မင်း ဘယ်လိုဖြစ်ချင်လဲ.. မင်း ဘာဆန္ဒရှိလဲ၊ ကို မင်းကို လုပ်ပေးနိုင်တာ ဘာရှိလဲ? မင်းဘက်က အကုန် တောင်းဆိုနိုင် တယ်နော်….၊
သွန်း က ဘာလုပ်ရမှာလဲ၊ ကို နဲ့ ရတဲ့ရင်သွေး .. သွန်း သိပ်လိုချင်နေတာ၊ ကို့အတွက် သွန်း ကလေးလေး မွေးပေးချင်တာ .. သွန်း မွေးမှာပေါ့။
ဘာ …………… မင်း ရူးနေသလား သွန်းဇာဖြူ . ဒီကလေးကို မွေးရအောင် မင်းမှာ ဘာအဆင်သင့်ဖြစ်ပြီ လဲ၊ နောက်ပြီး ငါ ကလေးအဖေဖြစ်ဖို့ အဆင်သင့် မဖြစ်သေးဘူးကွ။
မင်း သေချာစဉ်းစားပါ အခု ကလေးကို မွေးမှာလား? ဖျက်ပစ်မှာလား ဆိုတာကို
သွန်း တော်တော်ဒေါသထွက်သွားတယ် .. သွန်း ဒီကလေးကို မွေးမယ်လို့ တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ကိုနဲ့သွန်း ဘာမှ ထပ်မပြောတော့ပဲ သွန်းကို အိမ်ပြန်ပို့ပြီး ကို ပြန်သွားခဲ့တယ်……။

တကယ်တော့ ယောက်ျားဆန်ခြင်း၊ မဆန်ခြင်း၊ လူသားဆန်ခြင်း၊ မဆန်ခြင်းဟာ
ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် စတဲ့ အသက်အရွယ်နဲ့လည်း မဆိုင်သလို၊ ရုပ်အဆင်းအင်္ဂါ၊ အပြောအဆိုတွေနဲ့လည်း
တိုင်းတာ သတ်မှတ်လို့ မရပါဘူး ….
စာနာထောက်ထားတတ်တဲ့ စိတ်ထားနဲ့ လူသားဆန်တဲ့ အတွေးအခေါ်နဲ့သာ သက်ဆိုင်တာပါ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
~ ~ ~ ~ ~ လူတိုင်းဟာ တစ်သက်မှာ ၁ ခါတော့ ရူးရူးမူးမူးအချစ်နဲ့ တွေ့မိကြမှာပဲ … အချစ်စစ်လည်း ဖြစ်နိုင်သလို .. အယောင်ဆောင်အချစ်လည်း ဖြစ်နိုင်တယ်..
တွေ့ဆုံ မိကြသူ ၂ ဦးပေါ်မှာပဲ တည်မှီနေတာပါ
~ ~ ~ ~ ~

ခါတိုင်းလိုပဲ သွန်း ရုံးကို ပုံမှန်တက်နေခဲ့လိုက်တယ် .. အဲ့နေ့ပဲ ရုံးမှာ ရုတ်တရက်မူးလဲလို့ အိမ်ပြန်ခဲ့ရတယ် .. နောက်ရက်တွေ သွန်း ခွင့်ယူထားလိုက်ရတယ်။ သွန်း အိမ်မှာပဲ နားနားနေနေ နေလိုက်တယ်။ သွန်းမှာ ကိုယ်ဝန် 6 ပတ်ရှိနေပြီဆိုတဲ့ အတွေးနဲ့အတူ ကို့ရဲ့ အပြောတွေကို ပြန်ကြားရောင်မိတိုင်း ယောင်ရမ်းပြီး သွန်း ဗိုက်လေးကို စမ်းမိတယ်၊ မျက်ရည်တွေလည်း ကျလို့ပေါ့….။ သွန်း ဒီလိုတွေဖြစ်နေတာကို အိမ်က ဘယ်သူမှ မသိကြဘူး၊ အမေအလုပ်ကိစ္စနဲ့ ခရီးထွက်နေရတာ သွန်း အတွက် ကံကောင်းခြင်းပဲလား၊ ကံဆိုးခြင်းပဲလားဆိုတာ မဝေခွဲတတ်တော့ဘူး။ သွန်း အမေ့ ကိုအရမ်း သတိရတယ်၊ အမေ့အကြောင်းကို တွေးမိတိုင်းလည်း သွန်း ရင်နာရတယ်၊ အမေက အဖေမရှိတော့တဲ့နောက်ပိုင်း သွန်း ဖြစ်ချင်တာမှန်သမျှကို အကုန်ဖြည့်ဆည်းပေးခဲ့တယ်၊ သွန်း အတွက် သွန်း ဘ၀မှာ အမေဟာ သူရဲကောင်းပဲ၊ အခုတော့ .. သွန်း ဘာလုပ်ရမလဲ မသိတော့ဘူး၊ အမေ့ကို အခြေအနေတွေအကုန်ကို အမှန်အတိုင်း ဖွင့်ပြောပြရမှာလား၊ ဒီလိုဖွင့်ပြောလိုက်မိလို့ သွန်းတို့ မိသားစုအသိုင်းအ၀ိုင်းရဲ့ ဂုဏ်သိက္ခာကျဆင်းရမယ့် အဖြစ်မျိုး၊ သွန်း အမေကို လူတကာလက်ညှိုးထိုးမယ့်အဖြစ်မျိုး သွန်း အဖြစ်မခံနိုင်ဘူး။ သွန်း ဘာလုပ်ရမှာလဲ၊ ဘယ်လို ရှင်သန်ရမှာလဲ သွန်း ကိုယ် သွန်း ရှက်လာမိတယ်၊ သွန်းရဲ့ အချစ်မှာရူးမိသွားတဲ့စိတ်ကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို သွန်း အဲ့အချိန်တုန်းက မတွေးခဲ့မိဘူး။ ကို့ ကို သွန်း အထင်ကြီးခဲ့တယ်လေ .. ကို လည်းပဲ သွန်း ကို တကယ်လက်ထပ်ယူမယ့်သူပါလို့ တထစ်ချယုံကြည်မိခဲ့တယ် .. အခုတော့ သွန်း အရူး ၁ ယောက်လိုပဲ မိသားစုရဲ့ ဂုဏ်သိက္ခာ၊ မိမိရဲ့ ဂုဏ်သိက္ခာ ကြားမှာ အတွေးနဲ့တင် သွန်း ၁ ယောက် အရူးတစ်ပိုင်း ဖြစ်နေရပြီ……..။
အပြစ်မဲ့ ကလေး ၁ ယောက်ရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကြားမှာ သွန်း ဆုံးဖြတ်ရခက်နေမိတယ်…..။
ကို့ဆီက ဖုန်းလာတယ် .. ကိုယ်ဝန်ဖျက်ချဖို့အကြောင်းပြောမလိုတဲ့ …
သွန်း .. ဘာမှမပြောဘဲ ကို ပြောသမျှပဲ နားထောင်နေလိုက်မိတယ် ……..

အင်္ဂါနေ့ မနက် (၇) နာရီ .. (………….) ဆိုင်ကနေ စောင့်နေမယ်တဲ့ .. သွန်းကို ထမီပဲ ၀တ်လာဖို့နဲ့ အ၀တ်အစား အပို (၁)စုံ ထပ်ယူလာခဲ့ဖို့ မှာလိုက်တယ်………။

မိုးလင်းတော့ သွန်း ဘုရားသွားချင်စိတ် ပြင်းပြနေလို့ မနက် (5)နာရီလောက်ထပြီး ဘုရားကို ထွက်လာခဲ့လိုက်တယ်။
” ကလေး မင်းကို အမေ မစောင့်ရှောက်နိုင်တာ ခွင့်လွှတ်ပါကွယ်.. အမေ့မှာလည်း မပြောပြတတ်တဲ့ အခက်အခဲတွေနဲ့မို့ပါ… မင်း အဖေက မင်းကို မလိုချင်ဘူးလေ၊ အမေ မင်း ကို မမြင်ဖူးပေမယ့် ချစ်ပါတယ် ကလေးရယ် .. အမေ့ကိုလည်း ခွင့်မလွှတ်ပါနဲ့နော် မိခင်တစ်ယောက်ရဲ့ မေတ္တာက ကိုယ့်အသွေးအသားကို စောင့်ရှောက်ဖို့ပါ … ဒါပေမယ့် …….
သွန်း .. ဆက်မတွေးရဲတော့သလို ဆက်မပြောနိုင်တော့ဘူး၊ သွန်း ဗိုက်ကလေးကို အသာစမ်းပြီး မျက်ရည်တွေ သွင်သွင်စီး လို့ပေါ့………..။”
~ ~ ~ ~ ~ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုပ်
သွန်း ရဲ့ အယုံလွယ်မှု၊ လူတိုင်းကို သွန်း လိုစိတ်ပဲ ထင်ခဲ့မိတာတွေက
သွန်း တင်မဟုတ် .. သွန်း ရင်သွေး၊ သွန်း မိသားစုကိုပါ ဂယက်ရိုက်စေခဲ့တာ ~ ~ ~ ~ ~

သွန်း တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ အတွေးတွေကလည်း ယောက်ယက်ခက်လို့ပေါ့ .. အတွေးက လူကိုပြန်ခြောက်ခဲ့တဲ့ ညမှာ ညတာကလည်း တိုလွန်းလှတယ် .. သွန်း ဆုတောင်းတွေ မပြည့်ခဲ့ဘူး .. ဒီ တစ်ညတာကို မကုန်ဆုံးပါစေနဲ့ဆိုတဲ့အကြောင်း ဆုတောင်းခဲ့တာ……။

သွန်း ရုံးကိုဖုန်းဆက်ပြီး ခွင့် (၃) ရက်ထပ်ယူထားလိုက်တယ်။ သဘောထားပြည့်ဝတဲ့ သွန်းတို့ဌာနရဲ့ မန်နေဂျာကြောင့် သွန်း အဆင်ပြေပြေပဲ ခွင့် (၃) ရက်ကို ရလိုက်တယ်။ သူတို့ သိတာတော့ သွန်း အရမ်းနေမကောင်းဖြစ်နေတယ်ပေါ့ .. လိုအပ်ရင် Operation ပါဝင်ရမယ် ဆိုတာလောက်ပဲ။ သြ.. တကယ်တမ်းတော့လည်း သွန်းလည်း လူထဲက လူသားမို့ ထင်ရဲ့ ကိုယ့်ဂုဏ်သိက္ခာကိုသာ ရှေ့တန်းတင်ကြတဲ့ အတ္တလောကကြီးထဲက လူသားတစ်ယောက်၊ ကျမမှာ မိခင်စိတ်အပြည့်ရှိပါတယ်လို့ ပြောရင် သွန်း က ရယ်စရာ ဟာသပြတ်လုံးကို ထုတ်နေသူပါလားလို့ အများက သတ်မှတ်ကြမှာ၊ သွန်း လို မိန်းမမျိုးက မိခင် မဖြစ်ထိုက်သူပါ……..။

ချိန်းထားတဲ့နေရာကို သွန်း အရင်ရောက်နှင့်ခဲ့တယ်။ ခဏနေတော့ ကို ရောက်လာပြီး မင်း ဘာမှ မစားဘူးလား သွန်း..
ကို .. သွန်း တစ်ညလုံး မအိပ်ဘူး၊ အိပ်လို့လည်း မပျော်ဘူး….
ကို လည်း တူတူပဲ၊
မင်း တခုခုမှာ .. အစာဝင်သင့်တယ်၊ ဘာမှ မရှိရင် မင်း ခံနိုင်ရည် ရှိမှာမဟုတ်ဘူး
သွန်း မစားချင်ပေမယ့်လည်း ကော်ဖီနဲ့ ပေါင်မုန့်မှာလိုက်တယ်၊ စိတ်ကြောင့်ထင်ပါရဲ့ သွန်း ကုန်အောင် မစားနိုင်ခဲ့ပါဘူး…..။
သွန်း… သွားကြရအောင် …။ ကို ငွေရှင်းပြီး သွန်းတို့ ဆိုင်ထဲက ထွက်လာခဲ့ကြတယ်။ ကို သွန်းကို လက်တောင် မဆွဲတော့ဘူး .. အရှေ့က သွားနှင့်ပြီး ကားငှားနေတယ်။ သွန်း လည်း အရင်လို ကိုနဲ့ တွဲသွားချင်စိတ် မရှိတာကြောင့် အနောက်ပဲ ရပ်နေလိုက်ပြီး သွန်း တွေဝေနေမိတယ် …. သွန်း .. သွန်း ရင်သွေလေးကို ရက်စက်မိနေပြီ….။ လူသားမဆန်တဲ့ မိခင်စိတ်မရှိတဲ့ သွန်း ဒွိဟစိတ်နဲ့ပဲ ကို နဲ့အတူ လိုက်လာမိခဲ့တယ်….။ သွန်းတို့ တိတ်ဆိတ်နေကြတယ်။ တနေရာရောက်တော့ ကို့ သူငယ်ချင်း တစ်ယောက်လို့ပြောတဲ့ အမျိုးသားတစ်ယောက် ကားပေါ်တက်လာခဲ့ပြီး သူ လမ်းညွှန်တဲ့အတိုင်းပဲ သွန်းတို့ ငှားလာတဲ့ကားလေး မောင်းထွက်လာခဲ့တယ်….။

သစ်သား နှစ်ထပ်အိမ်လေးရှေ့ရောက်တော့ သွန်းတို့အားလုံး ကားပေါ်က ဆင်းလိုက်ကြပြီး အိမ်ထဲကို ကိုယ့်သူငယ်ချင်းက ဦးဆောင်ပြီး ၀င်သွားကြတယ်။ သွန်းတို့ အိမ်ရှေ့ခန်းမှာ ထိုင်နေပြီး ကို့ သူငယ်ချင်းက အမျိုးသမီး အသက်အားဖြင့် 40 ကျော်ဝန်းကျင်လောက်ရှိမယ့်သူနဲ့ တိုးတိုးတိတ်တိတ် စကားပြောနေကြလေရဲ့ .. ခဏကြာတော့ ကို့ ကိုလှမ်းခေါ်ပြီး (၃) ယောက်သား စကားဆက်ပြော နေကြတယ်။ ကို သွန်းအနားမှာ ပြန်ထိုင်ပြီး .. သွန်း.. ကိုယ့်သူငယ်ချင်းရဲ့ ကောင်မလေးလို့ ပြောထားတယ်၊ ဟိုကောင်က သင်္ဘောတက်သွားလို့ အဲ့ဒါ ကိုက အစားလာခဲ့တာလို့ ပြောထားတယ်လို့ ပြောတော့ သွန်းက ဘာလို့ ကို့ သူငယ်ချင်းရဲ့ ချစ်သူဖြစ်သွားရတာလဲ? ဘာလဲ .. ကို က ရှက်လို့လား? ဘာကိုရှက်တာလဲ? ဒေါသနဲ့ ပြောတော့ .. တိတ်စမ်း .. သွန်း၊ မင်း အခု ကို ပြောသလိုပဲ လုပ်၊ ကို ကောင်းမယ်ထင်တာတွေ အကုန် ငွေကုန်၊ လူအပင်ပမ်းခံပြီး လိုက်လုပ်ပေးနေတာ….။

ညီမလေး .. လာ အမနဲ့ အပေါ်လိုက်ခဲ့ပါ ပြောတော့ သွန်း ကိုနဲ့စကားထပ်များမနေတော့ပဲ မကျေမချမ်းကြည့်ပြီး အပေါ်ထပ်ကို လိုက်သွားခဲ့တယ် …။

မောင်လေး .. စိတ်ချ အမ အဆင်ပြေအောင် အကုန်လုပ်ပေးလိုက်ပြီ၊ အခုကတော့ အားနည်းနေသေးတာကြောင့်ပါ၊ ဘာမှ ထွေထွေထူးထူး ဆင်ခြင်ဖို့မရှိပါဘူး..စားချင်တာလဲ စားလို့ရတယ်နော် …။ သွန်း တကိုယ်လုံး သွေးမရှိတော့သလိုပဲ .. သွန်း မလှုပ်နိုင်ဘူး၊ ကို သွန်းကို တွဲခေါ်ပြီး အသင့် ငှားထားတဲ့ ကားပေါ် တွဲခေါ်လာခဲ့တယ်။ အပြန်လမ်းမှာ လေနဲနဲရူလိုက်ရလို့ ထင်ရဲ့ သွန်း နဲနဲလေး ပြန်လန်းလာတယ်..။ လမ်းထိပ်ရောက်တော့ သွန်းတို့ စားသောက်ဆိုင်ထဲဝင်ပြီး ခဏနားနေကြသေးတယ်…။
ကို … သွန်းတို့ လမ်းခွဲဖို့ကတော့ လုံးဝမဖြစ်ဘူးနော်၊ သွန်း .. မိန်းကလေး၊ သွန်း..အများကြီးနစ်နာရတယ်၊ လမ်းခွဲဖို့အကြောင်းကတော့ လုံးဝကို မဖြစ်နိုင်ဘူးနော် လို့ သွန်း အထပ်ထပ်ပြောပေမယ့် ကို .. သွန်းကို တစ်ခွန်းမှ ပြန်မပြောပဲ မှာထားတဲ့ အရက်ကိုပဲ သောက်နေတယ်။ သွန်းကို အိမ်လိုက်ပို့ပြီး နေမြန်မြန်ကောင်းအောင်နေဖို့ပဲ အထပ်ထပ် မှာပြီး ပြန်သွားခဲ့တယ်……။

သွန်း အ၀တ်အစားလဲပြီး အိပ်ခန်းထဲမှာပဲ မီးပိတ်ပြီး တစ်ယောက်တည်း နေနေလိုက်တယ်။ ညနေပိုင်းရောက်မှ လူစုံတက်စုံရှိတဲ့ သွန်းတို့ မိသားစုလေး သွန်းမှတပါး တခြားသူတွေကတော့ အရင် အတိုင်း မပြောင်းလဲပဲပေါ့။ သွန်း ဗိုက်ထဲက တဖြည်းဖြည်းအောင့်အောင့်လာတာ အသက်ရူလို့တောင် မ၀ဘူး၊ စိုးရိမ်စိတ်နဲ့အတူ အံကြိတ်တင်းခံပြီး သွန်း တစ်ယောက် နောင်တတွေနဲ့အတူ မျက်ရည် ကို အဖော်လုပ်နေခဲ့လိုက်တယ်။ နောက်တစ်နေ့ နေ့လည်ရောက်တော့ သွန်း မခံနိုင်တော့ဘူး၊ သွန်း မျက်နှာမှာလည်း သွေးမရှိတော့ဘူး၊ ဖြူရော်နေပြီ .. ကို့ ဆီကို ဖုန်းဆက်လိုက်တယ် ….
ကို .. သွန်း ဗိုက်က တအားအောင့်နေတယ်
မင်း .. ဘာတွေ လုပ်လိုက်ပြန်ပြီလဲ သွန်း၊ ဆေး မသောက်ဘူးလား?
သွန်း က ဘာလုပ်ရမှာလဲ.. ဆေးလဲ သောက်တယ်၊ သွန်း ကြောက်တယ် ကို
အိုကေ .. သွန်း၊ မင်း နေကောင်းဖို့အတွက် ငါ့မှာ တာဝန်အပြည့်ရှိတယ်၊ မင်းကြောင့် ငါ လူကော၊ စိတ်ကော ဘယ်လောက် ပင်ပမ်းနေပြီလဲ မင်းသိရဲ့လား?
ငါ့ သူငယ်ချင်း ဆရာဝန်ကို မင်းရောဂါအခြေအနေ ပြောပြကြည့်မယ်၊ ငါတို့ အဆင်မပြေရင် နောက်ထပ် တစ်ခါ ထပ်သွားဖို့လို အပ်ရင် သွားကြတာပေါ့
ဟင့်အင်း .. မလိုဘူး၊ ထပ်လည်း မသွားဘူး၊ ဒီအချိန်မှာ သွန်း လိုအပ်နေတာ ကို ပဲ၊ သွန်း ခံစားနေရတာ သွန်းပဲသိတယ်
သွန်း တခုခုဖြစ်ရင် အရင်ဆုံးနစ်နာရမှာ သွန်း မိသားစုပါ၊ သွန်းရဲ့ ရူးမိုက်တဲ့လုပ်ရပ်ကြောင့် သွန်းမိဘ မျက်နှာငယ်ရပြီ
ရှင်က အနေသာကြီးပါ ကိုသက်ပိုင်ရယ် … သွန်း ဒေါသဖြစ်ဖြစ်နဲ့ ပြန်အော်ပြောမိတယ်
သွန်း .. မင်း ပြောတာတွေ ရပ်တန်းကရပ်ပါ၊ မင်း နောင်တရလိမ့်နော် …..
အဲ့နေ့က ကို နဲ့ သွန်း အကြီးအကျယ် စကားများခဲ့ကြတယ်………………..။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
~ ~ ~ ~ ~ ရိုးသားစွာ ချစ်ခဲ့မိတဲ့ အချစ် ၁ ခုမှာ သံသယကင်းကင်းနဲ့ ဘ၀ကို ပုံအပ်မိတဲ့ မိန်းမ ၁ ယောက်အဖို့
အညှာလွယ်တယ်လို့ ပြောတာကို ခံပြင်း၊ ရှက်ဒေါသေ ဖြစ်နေရုံမှ တပါး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ ~ ~ ~ ~ ~

သွန်း ရုံးပြန်ပြီး စတက်တဲ့နေ့၊ ဗိုက်ထဲကလည်း တဆစ်ဆစ်နဲ့ ဆက်တိုက်နာနေတာ၊ ရုံးကို ကားငှားပြီးပဲ သွားလာလိုက်တယ်။
ရုံးကသူတွေအားလုံးက သွန်း၊ အရမ်းပိန်သွားတယ်ကွယ်၊ ဘယ်လိုဖြစ်တာလဲ၊ ဖြူဖတ်ဖြူရော်နဲ့ နေမကောင်းတာ ဘာလို့ ရုံးလာ လည်းကွယ် ခွင့်ဆက်ယူ လိုက်ပေါ့ …..
စသည်ဖြင့် အမျိုးမျိုးသော ဂရုဏာသက်သံတွေ ………….။

ကို့ ဖုန်း ၀င်လာတယ်…………….
ကို တို့ လမ်းခွဲကြရအောင်!
ဘာ .. လမ်းခွဲမယ် ဟုတ်လား? သွန်း အခု နေမကောင်းဘူးလေ၊ နောက်ပြီး ကို နဲ့ သွန်း အခြေအနေက လမ်းခွဲစကားပြောရမယ့် အချိန်နဲ့ အခြေအနေ မဟုတ်ဘူးလေ ….
ငါ .. မင်းအပေါ်မှာ ချစ်တဲ့စိတ်လည်း မရှိတော့သလို မုန်းတဲ့စိတ်လည်း မရှိတော့ဘူး သွန်းဇာဖြူ ….
ငါ့ကို လွတ်လပ်ခွင့်ပေးပါတော့ကွာ …….
အေးပေါ့လေ ရှင်က အဆီကိုမျိုပြီး အသားကိုပါ ၀ါးပြီးပြီဆိုမှတော့ အခုတော့ သွန်းဇာဖြူဆိုတာ ရှင့်အတွက် အသုံးမ၀င်တော့ဘူးပေါ့၊ ကျမဘက်က လက်မခံပေးနိုင်ပါဘူး ကိုသက်ပိုင်….။
သွန်း .. ဖုန်းကို ချပစ်လိုက်တယ်၊ စိတ်ထဲမှာလည်း ဂယောင်ဂတမ်းတွေဖြစ်လို့ .. သွန်း အမြင်တွေမှုန်ဝါးသွားပြီး အံကိုတင်းတင်းကြိတ်ထားလိုက်တယ်၊ ဆုံးဖြတ်ချက် ၁ ခုနဲ့အတူပေါ့……….။

ဒီအိမ်က ကိုသက်ပိုင်တို့ အိမ်ပါလားရှင်..။ အတန်ငယ် ခပ်၀၀ အန်တီ ထွက်လာပြီး ဟုတ်ပါတယ်ကွဲ့ .. အန်တီက သက်ပိုင်အမေပါ၊ လာလေ အထဲကိုဝင် သမီး၊ ပြောရင်း သက်ပိုင် ဒီမှာ မင်းကို ဧည့်သည် တစ်ယောက် လာရှာနေတယ် ……။
ကို့ အိမ်ကို သွန်း ပထမဦးဆုံး ရောက်ဖူးခဲ့တာ .. သစ်သားလုံးချင်းအိမ်လေးနဲ့ အမေ၊ အဖေ၊ ကို နဲ့ အတူ အိမ်အကူ ကောင်မလေး ၁ ယောက်ပဲ နေထိုင်ကြတယ်။ သွန်း စတီထိုင်ခုံမှာ ၀င်ထိုင်ရင်း ဘယ်ကဘယ်လို စပြောရမယ်မှန်း မသိဖြစ်နေခဲ့တယ်၊ ကို ကတော့ သွန်းကို ခပ်စိမ်းစိမ်းလှမ်းကြည့်နေလေရဲ့……။

သွန်း.. ရှိသမျှ သတ္တိတွေကို တင်းပြီး အရင်ဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ရင်း … ကို နဲ့ သွန်းရဲ့ ဖြစ်ကြောင်း ကုန်စင် ကို ပြောပြလိုက်တယ်…။
သူစိမ်းတွေရှေ့မှာ ကျရတဲ့ သွန်းရဲ့ မျက်ရည် ပထမ ဦးဆုံးပဲ။

ကို့ မိဘတွေလည်း အံ့သြကုန်ပြီး မိုက်လိုက်တာ ကလေးမရယ်တဲ့ …

” ဟုတ်တယ် သွန်း သိပ်မိုက်တာ၊ သမီးမိုက်လည်း ဖြစ်ခဲ့ရသလို မိခင်မိုက်လည်း ဖြစ်ခဲ့ရတဲ့ ဘ၀၊ အခုတော့ သွန်း ချစ်ရတဲ့ ချစ်သူ၊ ယောက်ျားပီသပါတယ်လို့ မှတ်ယူထားရတဲ့ ချစ်သူက မင်းကို မချစ်တော့လို့ လမ်းခွဲမယ်တဲ့လေ .. ဒီလောကကြီးမှာ သွန်းလောက်မိုက်တဲ့သူ ရှိနိုင်မှာအုန်းတဲ့လားရှင်…….. “

တကိုယ်တည်း စိတ်ထဲက တွေးမိပြီး ၀မ်းနည်းမိတာကြောင့် စို့တက်လာတဲ့ မျက်ရည်တွေကို မကျမိအောင် ထိန်းသိမ်းထားနိုင်အား သွန်း မှာ မရှိတော့ဘူး။
” ဒီမှာ သွန်း .. မင်း လူတကာနဲ့ ဖြစ်ပျက်ခဲ့ပြီးမှ ငါ့ကိုမှ ဘာလို့ လာတွယ်ကပ်နေတာလဲ? မင်းကို ငါ ဘယ်တုန်းကမှ တကယ်မချစ်ခဲ့ဘူးသလို ချစ်တယ်လို့လည်း မပြောခဲ့ဖူးပဲ၊ ငါတို့ နှစ်ယောက်လုံးက အထိအတွေ့မှာ သာယာမိသွားကြပါ “
သွန်း … ပါးစပ် အဟောင်းသားနဲ့ပဲ ကို့ ကို ကြည့်နေချိန် .. ကို့ အဖေက ကို့ကို ပါးရိုက်လိုက်ပြီး “ဟိတ်ကောင်၊ မင်း ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်၊ သူများ သားပျို၊ သမီးပျိုကို မင်း မယူနိုင်ဘဲ ဘာလို့ အစ သွားလုပ်လဲကွ၊ မင်း လိုကောင်ကို ငါ သားမတော်နိုင်ဘူး၊ ဒီနေ့ပဲ မင်း ငါ့အိမ်က ဆင်းသွား .. ခွေးတိရစ္ဆာန်ကောင်”
နေဇော်ရယ် .. မင်း ဆိုးလိုက်တာကွယ် လို့သာ ပြောပြီး ကိုယ့် အမေက သမီးရယ် ဖြစ်ပြီးတာလဲ ဖြစ်ပြီနေပြီပဲ၊ သမီးကကော ဘာလို့ ဒီကောင့်စကားကို ယုံကြည်ရတာလဲ? ဒီကောင်က အလကားကောင် သမီးရဲ့၊ ဒီကောင်က အရက်သမား၊ အန်တီတို့တောင် မနိုင်လို့ လွှတ်ထားရတာ။

ဒါ .. အန်တီတို့ မိသားစု ပြဿနာပါ၊ သမီးက မိကောင်းဖခင် သားသမီးပါ အန်တီ၊ သမီးရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် သမီး မိသားစု အရှက်ကွဲရမှာ သမီးမလိုချင်ဘူး၊ အန်တီလည်း မိန်းမသားပဲ မိန်းမသားချင်း ကိုယ်ချင်းစာနိုင်ပါတယ် .. သား၊သမီးနဲ့ မိဘဆိုတာ အချိန်တန်ရင် ပြေလည်သွားကြတာချည်းပဲ ……..သွန်း ဒေါသနဲ့ ပြန်ပြောမိတယ်..

ဒီမှာ သွန်း .. မင်း ငါ့အမေကို ပြန်မအော်နဲ့၊ ငါ ငါ့ အမေကို ထိရင် ခံတဲ့ကောင်မဟုတ်ဘူးနော်၊

ကဲ .. သက်ပိုင် မင်းရှာတဲ့ ပြဿနာ မင်းရှင်း၊ ငါတို့ရဲ့ အသက်ကြီးနေပါပြီကွယ်၊ ငါတို့ကို ဒုက္ခမပေးကြပါနဲ့ .. ငါတို့ အေးဆေးဆေး ပဲ နေပါရစေ၊

သွန်းဇာဖြူ မင်း ဘာဖြစ်ချင်လဲ ပြောစမ်းပါ…
ဟုတ်ကဲ့ .. ကိုသက်ပိုင် ကျမကို လက်ထပ်ပါ၊ ကျမရဲ့ နစ်နာမှုတွေအတွက် ကျမကို လက်ထပ်ပါ ..
ဒါပေမယ့် ရှင့်လိုသူမျိုးကိုလည်း ကျမ တသက်လုံးမပေါင်းသင်းနိုင်တော့ ကျမတို့ (၃) လပြည့်တဲ့ အခါ ကွာရှင်းစာချုပ်နဲ့ လက်မှတ်ထိုးပြီး ကွာလိုက်ကြတာပေါ့ ….

မင်း ရူးနေလား သွန်းဇာဖြူ .. လက်ထပ်တယ်ဆိုတာ လွယ်တယ်များ မှတ်နေတလား?
မင်းကကော ငါ့ကို (၃) လပြည့်ရင် ပြန်ကွာရှင်းပေးမယ်လို့ အာမခံနိုင်လို့လား….. ဘယ်လိုအကြောင့်ပဲဖြစ်ဖြစ် ……
မင်း ကို ငါ လက်မထပ်နိုင်ဘူး သွန်းဇာဖြူ … မင်းကို ငါ ပြောပြီးပြီပဲ ငါ မင်းကို မချစ်ပါဘူးလို့ဆိုတာကို
ကျမတို့ ၂ ယောက် သူ့ မိဘတွေရှေ့မှာတင် အချေအတင် စကားများနေမိတယ်၊ ကျမ သူ့ မိဘတွေကို အားနာလာတာနဲ့ ကျမတို့ လူသားဆန်ဆန် စကားပြောကြရင်ကောင်းမယ်ထင်တယ် ကိုသက်ပိုင် .. အဲ့အချိန်မှာပဲ သူ့ အမေက ..
ဒီမှာ ကလေးမ .. မင်းက ဘာလို့ အညှာလွယ်ခဲ့လဲ.. ယောက်ျားလေးဆိုတာကတော့ လိုချင်တာကို တောင်းဆိုမှာပဲလေ …၊ စဉ်းစားရမှာ မင်းတို့ အပိုင်းပဲ၊ မင်းက ဘာလို့ သက်ပိုင်နဲ့ကျမှ မခွဲနိုင်ဖြစ်နေရတာလဲ၊ အရင် သူတွေနဲ့တုန်းကလဲ မင်း ဘယ်လိုလုပ်ခဲ့လဲ? သက်ပိုင်ကို လွတ်လပ်ခွင့်ပေးလိုက်ပါကွယ် .. မင်းက ဖျက်ချတုန်းကတော့ ဖျက်ချပြီးမှ အခုမှ ဘာလို့ လာကပ်နေရတာလဲ ……………………………။

အံ့သြသင့်မှုနှင့်အတူ သွန်း …..
အန်တီ သွန်း ကို မစော်ကားပါနဲ့၊ သွန်း ဘ၀မှာ အန်တီ့သားနဲ့ကလွဲပြီး ဘယ်သူနဲ့မှ မပတ်သက်ခဲ့ဘူး၊ နောက်ပြီး အန်တီ သွန်း မပြောတဲ့ စကား တစ်ခွန်းအတွက် သွန်း တာဝန်မယူနိုင်ပါဘူး၊ သွန်း အမှား တစ်ခုမှားခဲ့တာကြောင့် သွန်း ပေါ့ပျက်ပျက် မိန်းမတော့ အဖြစ်မခံနိုင်ပါဘူး အန်တီ…….။

သွန်း .. နှုတ်ဆွံ့အသွားတယ်။ ယောက်ျားဆန်တယ်လို့ သတ်မှတ်ထားတဲ့ သွန်း ချစ်သူ၊ ဘုရားတရား လုပ်ပြီး အေးအေး ဆေးဆေး   နေတတ်တဲ့ ကို့ မိဘ၊ သား၊သမီးချင်း စာနာစိတ် ရှိထားခဲ့မယ်လို့ ထင်ထားခဲ့မိတဲ့ ကို့ မိဘ။

မှားပြီ၊ မှားသွားပြီ သွန်း အမှားကြီး မှားသွားပြီ၊ သွန်းရဲ့ အချစ်မှာရူးသွပ်မိတဲ့ စိတ် သွန်း ကို အသိတရားရစေခဲ့တာ။ ဒီလို လူမျိုးတွေနဲ့ ဒီလိုပြဿနာဖြစ်ခဲ့ရတာပဲ သွန်းအတွက် ကံကောင်းခြင်းပဲလား၊ ကံဆိုးခြင်းပဲလား သွန်း မသိခဲ့မိဘူး။ 

နောင်မှ ရတဲ့ *နောင်တ* လည်း
ငါ့အတွက်တော့ နောင်မှရခဲ့ရတာမဟုတ်ခဲ့ဘူး
ငါ .. နှောင်းမှ ရခဲ့ရတာ။

နင့် အတွက်ကတော့ ထမင်းစားရေသောက်ပေါ့
ငါ့ အတွက်ကတော့ အပျက်ပျက်နဲ့ကြွေမွတဲ့ အကြောင်းတရားပေါ့ဟာ
နင်(တို့) ပျော်ပါ ……..
ဒါပေမယ့် နင် (တို့)…. ကြည်နူး(လိပ်ပြာလုံ)နိုင်ရဲ့လား?

စေတနာမှန်ခဲ့လို့
ထိုက်တန်တဲ့ တန်ပြန်မှူ နင်(တို့) ဆီ တစ်ပတ်လည်လာမယ်ဆို
နင်(တို့) လိပ်ပြာလုံစွာ ပြုံးနိုင်ကြပါစေ။

နောက်နေ့ သတင်းစာမှာ ကို့ အဖေက ကို့ ကို သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်တဲ့ သတင်းပါလာခဲ့ တယ်……………………….။

မထင်မှတ်တဲ့သူတွေဆီမှာ မထင်မှတ်တဲ့ အကျင့်၊ စရိုက်တွေရှိနေတတ်တာ ဆန်းကြယ်တဲ့ကိစ္စ ၁ ခုတော့မဟုတ်ခဲ့ပါဘူး…..
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

သွန်း နဲ့ ကို အဆက်အသွယ် ပြတ်တာ (၂) ပတ်လောက်ရှိသွားခဲ့ပြီ၊ သွန်း လည်း တစ်နေ့တစ်ခြား အခြေအနေက ပိုပိုဆိုး လာခဲ့တယ်။ ဘယ်သို့ဘယ်ပုံ သိသွားသလဲ မသိ ကို့ သူငယ်ချင်းမလေး သွန်း ကိုဆက်သွယ်ခဲ့တယ်။ သွန်းလည်း ဖြစ်ကြောင်း ကုန်စင်ပြောပြလိုက်တယ်။ မိုက်လိုက်တာ သွန်းရယ်တဲ့… ဟုတ်တယ် သွန်း သိပ်မိုက်တယ်၊ သွန်း လူတွေကို သိပ်အယုံ လွယ်ခဲ့တယ်၊ လူတိုင်းကိုလည်း ရိုးသားကြမယ် ထင်ခဲ့တယ်၊ လူကြီးတိုင်းကိုလည်း လူကြီးလူကောင်းတွေလို့ ထင်ခဲ့မိတယ် .. ဒါတွေ အားလုံးဟာ အမှားကြီးမှားနေကြတယ်ဆိုတာ သွန်း အချိန်လွန်မှ သိခဲ့လိုက်ရတယ် …….။

ကို့အချစ်ဆုံးသူငယ်ချင်းမလေးကျေးဇူးကြောင့် သွန်း မိသားစု မသိလိုက်စေဘဲ သွန်း ဆေးရုံတက်ပြီး စနစ်တကျ ဆေးကုသမှု ခံယူနိုင်ခဲ့တယ်။ သွန်း ရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုလည်း မမှားဘူးပေါ့။ သွန်း ဆေးရုံတက်နေတဲ့ တလျောက်လည်း ဂရုတစိုက် လာကြည့်ပေးသလို .. စိတ်ဓါတ်ရိုက်ချိုးခံရလို့ သေသွားပြီဖြစ်တဲ့ သွန်း စိတ်ဓါတ်တွေကိုလည်း နိုးကြွလာအောင် အားပေး စကား တွေအမြဲဆိုခဲ့တယ်။ ဆေးရုံတက်နေတာတောင် ကိုယ့်အပေါ် ရက်ရက်စက်စက် ဆက်ဆံသွားတဲ့ ကို့ ကို စိတ်မနာနိုင်သေး၊ ကိုယ့် မိဘတွေအပေါ် ဂရုဏာသက်မိပြီး သွန်း အရူးတစ်ယောက်လိုပဲ စိတ်သောကရောက်နေရတယ်။ သွန်း သိလိုက်ရတာ သွန်းနဲ့ ကို ပြဿနာတက်ပြီးနောက် (၄) လကြာတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ကို့ အမ ပြန်ရောက်လာပြီး ကို နဲ့ မိန်းကလေး တစ်ယောက် မင်္ဂလာပွဲကို ခမ်းခမ်းနားနား မိစုံဖစုံ ကျင်းပခဲ့တယ်ဆိုတာ ကို သိလိုက်ရတယ် ……………………..။

မိန်းကလေး ၁ ယောက်အဖို့ အချစ်တစ်ခုကို ကိုးကွယ်မိလို့ … အညှာလွယ် သလို ဖြစ်ခဲ့ရတယ်၊ နောင်မှရတဲ့ နောင်တ ဆိုတာကြီးကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပြီး
ရိုးသားတဲ့ အချစ် ၁ ခုကြောင့် ရလိုက်ရတဲ့ ရလဒ်က ဘ၀နဲ့ မမျှမှတော့ သွန်း ဘ၀မှာ သေရာပါ အမှာရွတ် ကျန်ခဲ့ရပြီ၊လူသားတိုင်းသာ ကိုယ်ချင်းစာ တတ်မယ်ဆို ဘယ်လောက်များ ကောင်းလိုက်မလဲ၊ မိဘတိုင်းလဲ ကိုယ့်သားသမီးတွေကို ချစ်သလိုမျိုး သူများ သား၊သမီးတွေကိုလည်း ချစ်ကြရင် ဘယ်လောက်ကောင်း လိုက်မလဲ၊ ကိုယ့်သွေးသားကို ကိုယ့်လက်နဲ့သတ်ခဲ့တဲ့ မိန်းမကိုများ ဘယ်သူက မိခင်လို့ သတ်မှတ်ပေးနိုင်မှာလဲ????? 
 
ချစ်တဲ့သူတိုင်းလည်း တစ်ဦးနဲ့တစ်ဦး သစ္စာစောင့်သိနိုင်ကြပါစေ ………….။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ဝန်ခံချက်
ထရီဆာ ရဲ့  ပထမဦးဆုံး ဝတ္ထုရှည် ရေးသားမှုပါ၊ အားနည်းချက်၊ လိုအပ်ချက် များစွာပါရှိတာကြောင့် စာရေးသူ၏ အားနည်းချက်အဖြစ် နားလည်ပေးပါရန်…..။

မေတ္တာဖြင့်
ထရီဆာ (Teresa)
(26-6-2012) 6း04 PM
http://teresalittleworld.blogspot.com
In: ဝတ္ထု Posted By: Date: Jun 27, 2012
Comment #1

oh,,
daw daw yet set de yout kyar tway,,
:'(
:'(
:'(

commentinfo By: ei lay at Jul 1, 2012
Comment #2

မိခင်စိတ်ကလာတဲ့ ပေးဆပ်တတ်မှု၊ လိုက်လျောတတ်မှု —–ချစ်ခင်တတ်မှုတွေကို ယောက်ျားတွေနားမလည်နိုင်ပါ

commentinfo By: မီးမီး at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment