Professional Authors

မေတ္တာစစ်နှင့် အင်္ကျီနီ

“ရော့”

၉ တန်းဖတ်စာအုပ် အစုံလေးသည် ကျွန်တော့်ရှေ့သို့ ဘုတ်ခနဲ ရောက်ရှိလာသည်။ ကျွန်တော်မော့ကြည့်လိုက်သည်။ သြော် အဖေ….

“မင်း မနက်ဖြန် ကျောင်းအပ်ရတော့မယ်လို့ မင်းအမေပြောတာနဲ့ ဝယ်လာတာ… ရိုရိုသေသေကိုင်… ကြားလား”

“ဟုတ်ကဲ့”

ကျွန်တော်ပြန်ပြောရင်း စာအုပ်လေးများကို တယုတယ စီကာ တစ်အုပ်ချင်းစီကို ဖတ်ကြည့်နေသည်။

“မင်းညီအတွက်လည်း တစ်စုံဝယ်လာတယ်… အဲဒါ သူလာရင်ပေးလိုက်ဦး… ငါ့စာကြည့်စားပွဲပေါ်တင်ထားတယ်”

“ဟုတ်ကဲ့အဖေ”

ကျွန်တော်သည် ထိုနည်းနှယ် ပြန်ဖြေရင်း ကျွန်တော့်အတွက် အစုံလေးကို ကျွန်တော့် ကျောင်းလွယ်အိတ်ထဲ ပြောင်းထည့်လိုက်သည်။

 

 

ကျွန်တော်၏ညီနှင့် ကျွန်တော်သည် အသက်အားဖြင့် တစ်နှစ်ခွဲကွာသော်လည်း ကျွန်တော်သည် သူငယ်တန်းကြီးကိုမီလိုက်၍ ကျွန်တော့်ညီလက်ထက်တွင် သူငယ်တန်းကြီးကို ဖျက်သိမ်းသောကြောင့် သူနှင့်ကျွန်တော်သည် အတန်းတူသွားခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော်တို့ညီအစ်ကို တစ်တန်းတည်းတွင်တက်ရသည်။

“ကဲ.. မင်းစာအုပ်အသာထား.. ဘယ်သွားလဲမင်းအမေ”

“အပြင်ခဏသွားတယ်အဖေ… ကျွန်တော်လိုက်ခေါ်ပေးရမလား”

“ရတယ်… နေ နေ…”

အမှန်တော့ ယနေ့ အဖေပြန်လာသည်မှာ စောနေသေးသည်။ အမေသည် အဖေပြန်လာတတ်သောအချိန်လောက်မှ အိမ်ပြန်သည်။ အဖေ့ရုံးချိန်တွင်မူ အပြင်သွားကာ ကိစ္စရပ်များကို စုံစမ်းဟန်ရှိသည်။

 

 

ညနေဘက်တွင် အဖေနှင့်အမေ၏ ပြောစကားများကိုကြားရသည်။

“အဟုတ်ဘဲလားကို…. ဝေတော့ အရမ်းဝမ်းသာတာပဲ”

“မနက်ဖြန်ဆုံးဖြတ်ချက်ချမယ်တဲ့… သေချာပြီလို့တော့ ကိုညွန့်ကြည်ဆိုတာပဲ”

“ဒါဆို တစ်ရပ်ကို ထပ်ပြောင်းရဦးမှာပေါ့”

“အင်း.. အဲလိုဖြစ်ဖို့များတယ်”

အဖေ ရာထူးတိုးဟန်ရှိသည်။ ကျွန်တော်တို့မိသားစုသည် အဖေ့၏ လုပ်ငန်းတာဝန်အရ အနယ်နယ်အရပ်ရပ်သို့ ရွှေ့ပြောင်းနေထိုင်ရသည်။ ယခုမူကား စစ်တွေသို့ရောက်ရှိနေပြီး ရောက်သည်မှာတစ်လပင် မပြည့်တတ်သေးချေ။

 

 

ဤနေရာတွင် တစ်ခုပြောလိုသည်မှာ အဖေ့အကြောင်းဖြစ်သည်။ အဖေသည် အစိုးရဝန်ထမ်းဖြစ်သည်။ ပါတီခေတ်ဖြစ်သဖြင့် အမြို့မြို့အနယ်နယ်ရှိ ပါတီယူနစ်များတွင် လှည့်လည်တာဝန်ထမ်းဆောင်ရသည်။ အဖေ့၏ ရိုးသားမှု၊ ကြိုးစားမှုများကြောင့် မကြာခဏ ရာထူးတက်သည်။ အဖေသည် ယခင်က အသံလွှင့်ရုံတွင် တာဝန်ထမ်းရာမှ နိုင်ငံရေးဘက်သို့ ခြေစုံပစ်ဝင်လာသူဖြစ်သည်။

အစိုးရအတွက် ဝန်ထမ်းကောင်းဟူသည် မိသားစုနှင့်ကင်းကွာရသည်မှာ ဓမ္မတာပင်။ မကြာခဏဆိုသလို ရွှေ့ပြောင်းရသည်မှာလည်း မဆန်း။ သို့ပေငြား ကျွန်တော်တို့အတွက်တော့ ကသီလှသည်။ ကျောင်းတက်ကောင်းဆဲ ရွှေ့ရပြန်ပြီတစ်နေရာ။ ယင်းဒေသရှိ ကျောင်းမှာ ကျွန်တော်တို့တက်ခဲ့သောကျောင်းထက် စာသင်မြန်နေပြန်လျှင် ကျွန်တော်တို့ကူးရသည်။

ထိုအခါ အဖေကိုယ်တိုင် ကူးပေးသည်။ အမေက စာမတတ်။ အဖေသည် ကျွန်တော်တို့စာအုပ်နှစ်အုပ်စလုံးကို သူအားရင်အားသလို စာကူးပေးသည်။ ကျွန်တော်တို့ကူးမည်ပြောသော်လည်း မရ။ သူပင်ကူးပေးသည်။ ခဏခဏရွှေ့ပြောင်းရတတ်သဖြင့် ခဏခဏ ကူးပေးတတ်ရသည်မှာ အမှတ်တရ။

အဖေသည် ထိုကဲ့သို့ဖြစ်သော်လည်း တစ်ခါတစ်ရံ မှန်းရခက်သည်။ တစ်ခါက ကျွန်တော်မှာ အဖေ့စာကြည့်စားပွဲပေါ်မှ ပါကားဖောင်တိန်ယူသုံးမိသဖြင့် တိုင်ကိုဖက်ကာ အရိုက်ခံရဖူးသည်။ ဘာမဟုတ်သည့်ကိစ္စဖြင့်အရိုက်ခံရသောကြောင့် ထိုအခါက အဖေ့ကို အတော်မုန်းတီးမိသည်။

 

 

နောက်တစ်နေ့တွင် ကျွန်တော်သတင်းကြားရသည်။ အဖေသည် ပြင်ဦးလွင်ဘက်တွင် တာဝန်ကျသည်ဟုဆိုသည်။ အကောင်းစား ရှပ်အင်္ကျီနှင့် ယောပုဆိုးကိုဝတ်ဆင်ပြီး ခေါင်းပေါင်းပေါင်းထားသော အဖေ့ရုပ်ရည်မှာ အတော်ခန့်၏။ သည်လိုနှင့် ကျွန်တော်တို့မိသားစု ပြင်ဦးလွင်ရောက်ခဲ့သည်။

ပြင်ဦးလွင်မှာ အေးသည်ဆိုသည်ကို မြန်မာတစ်နိုင်ငံလုံးသိသည်။ ကျွန်တော်တို့သည် စစ်တွေဘက်က နေ့ချင်းပြောင်းရသည်ဖြစ်သဖြင့် စောင် လုံလောက်စွာပါမလာပေ။ သားသမီးခြောက်ယောက်နှင့် အဖေနှင့်အမေသည် ပြင်ဦးလွင်ရောက်သည်နှင့် အေးခဲစွာ ခံစားရသည်။ ညဘက်ရောက်လာသည်ဖြစ်သောကြောင့် ပိုဆိုးသည်။ ခရီးပန်းလာသဖြင့် အိပ်ချင်ကြသည်။ စောင်မှာ အားလုံးပေါင်းမှ သုံးထည်မျှသာ ရှိသည်။ အဖေနှင့်အမေသည် တစ်ထည်ယူလိုက်သည်။ အဖေကပြောလိုက်သည်။ 

“ဒီနှစ်ထည်နဲ့ သုံးယောက်မျှအိပ်ကြ”

သြော်… ကျွန်တော် တော်တော်လေး ခံပြင်းသွားသည်။ မိဘဟူ၍ အနာခံမည်မရှိ။ ကျွန်တော်သည် ထိုစဉ်က မြီးကောင်ပေါက်အရွယ် ဟူ၍လားမသိ။ မိဘအပေါ်အမြင်ကို မကြည်ပေ။ ဘာလုပ်လုပ် အဆိုးမြင်နေပေသည်။ ဒါတွေက အခုမှ ကျွန်တော်တွေးမိခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ဤအချိန်များကို ကျွန်တော်နောက်ပြန်လှည့်၍ အဖေနှင့်အမေအား တောင်းပန်ချင်သေးသည်။

 

 

ကျွန်တော်မှာ သားအကြီးဆုံးဖြစ်သဖြင့် ညီငယ် ညီမငယ်များကို အလျှော့ပေးကာ စောင်ကိုမလုံ့တလုံခြုံရသည်။ ထိုစဉ်မှ စ၍ အငယ်များအပေါ် ကျွန်တော်သိတတ်လာသည်။ အစစအရာရာ အလျှော့ပေးတတ်လာသည်။ ထိုညက ကျွန်တော်ကောင်းစွာအိပ်မပျော်ခဲ့ပေ။ မနက်မြန်မြန်ရောက်ပါစေဟု ဆုတောင်းနေရသည်။

 

 

အဖေသည် တစ်နေကုန်ရုံးတွင်နေရသည်ကများသည်။ ရာထူးတက်လေ အလုပ်များလေ မဟုတ်ပါလော။ စစ်တွေမှာ နေစဉ်က နေ့လည်စာစားချိန် ပြန်လာရသောအဖေသည် အလုပ်များလွန်းသဖြင့် ရုံးမှာပင် နေ့လည်စာ စားရသည်။ ပြင်ဦးလွင်ရောက်ကာမှ အလုပ်တာဝန်ပိုများလာသဖြင့် အိမ်ပြန်လည်းနောက်ကျလာသည်။ တစ်ခါတစ်ခါ နောက်ကျပြီဆိုလျှင် ည ၁ ချက်တီး ၂ ချက်လောက်ဖြစ်သည်။ ပါတီအသင်းသားတွေ့ဆုံပွဲ၊ ဘာပွဲ ညာပွဲစသည်မှ ပြန်လာသဖြင့် အရက်ကလည်း မူးလာသည်။ ထိုအခါမျိုးကျလျှင် အဖေက သူဝယ်လာသော ခေါက်ဆွဲကြော် စသည့်စားစရာများကို သားသမီးများအား နှိုးကျွေးမြဲဖြစ်သည်။ တစ်ယောက်မှမနေရ။ အကုန်ထရသည်။ အဖေ့ကိုကြောက်သဖြင့်ထလာရသော်လည်း ကျွန်တော်တို့၏ စိတ်ထဲတွင် သက်သက်နှိပ်စက်နေသည်ဟု ထင်မိသည်။ မူးမူးဖြင့် သားသမီးများအား ရစ်နေသည်။ မအိပ်ရအောင်လုပ်သည် ဟုထင်ကာ အဖေ့ကိုကလန်ကဆန်လုပ်၍ မစားဘဲနေမြဲ။

 

 

တစ်ည အဖေပြန်လာတော့ အမေကဆီးကြိုသည်။

“မနက်ဖြန်တော့ ရန်ကုန်တက်ရလိမ့်မတဲ့၊ အဲဒါ သားတွေသမီးတွေ ဘာလိုချင်လဲ ကြိုမေးထားလိုက်”

လေသံဖြင့်ပြောခြင်းဖြစ်သည်။ သားသမီးများ မကြားစေရန်ဖြစ်သည်။ ကြားလျှင်ကော ဘာဖြစ်နိုင်မည်လဲ။ ဖြစ်နိုင်သည်။ လိုချင်သည်က အရမ်းဈေးကြီးနေလျှင် ဝယ်မပေးနိုင်ပါက ကလေးများ၏ မျှော်လင့်ချက်ကို ရိုက်ချိုးရာကျမည်။ ထိုစဉ်က အဖေ့လေသံကလေးကို ကျွန်တော်လည်းမကြားမိပေ။ နောက်မှ အမေပြန်ပြောမှ သိခြင်းဖြစ်ပေသည်။

 

 

အမေက လုံးဝမရိပ်မိစေဘဲ သားသမီးများအား တစ်ယောက်ချင်းမေးသည်။ တစ်ယောက်တစ်ပေါက် ဈေးကြီးရာများကိုသာ ပြောကြသည်။ ငယ်လွန်း၍ထင့်။ ရွှေဘီးလိုချင်သူက လိုချင်၊ ရုပ်ရှင်ထဲတွင်ကြည့်ရသော ဓာတ်စက်လိုချင်သူကလိုချင်၊ စန္ဒရားလိုချင်သူကလိုချင်ဖြင့် အမေ့မှာ မျက်နှာမကောင်းပေ။ ကျွန်တော့်အားမေးသောအခါ ထိုစဉ်က ရုပ်ရှင်မင်းသားကျော်ဟိန်း ဗီဒီယိုဇာတ်ကားတစ်ကားထဲတွင် ဝတ်သော လည်ထောင် တီရှပ်အင်္ကျီကလေးလိုချင်ကြောင်း အမေ့ကိုပြောမိသည်။

 

 

အဖေရန်ကုန်တက်မည့်မနက်ပိုင်းတွင် ကျွန်တော်တို့တစ်တွေ ဆော့ချိန်ကျသော်လည်း မဆော့ရတော့ပေ။ အိမ်မှာရှိသမျှအလုပ်များကို ခိုင်းသည်။ မိန်းကလေးများကို တံမြက်စည်းလှည်းခိုင်းသည်။ ယောက်ျားလေးများကို ရေခပ်၊ ထင်းခွဲ ခိုင်းသည်။ ဤသည်မှာ အဖေခရီးသွားတိုင်း လုပ်ခိုင်းနေကျဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမသွားခင် သူလုပ်ခိုင်းခဲ့သော သန့်ရှင်းသည့်သူ့အိမ်လေးသည် ပြန်လာလျှင် ထိုကဲ့သို့ သန့်ရှင်းအောင် ထိန်းသိမ်းစေလိုခြင်းဖြစ်သည်။ ထိုနေ့ကမူ အဖေ့ကို ကျွန်တော်မုန်းတီးမိသည်။ အဘယ်ကြောင့်ဆိုသော် မောင်နီနှင့်ခင်ဆွေတို့ကို ယနေ့ စက်ဘီးပတ်စီးမည်။ ကျွန်တော်တိတ်တခိုးကြိုက်ရသော တင်လှမေအိမ်သို့ မရောက်အရောက်သွားမည်။ ထိုကဲ့သို့ အကြံအစဉ်များ ပျက်ခဲ့ရသောကြောင့် အလုပ်မဟုတ်သည့် အဖေ့စိတ်ကူးနှင့် ထိုစိတ်ကူးကိုကြံစည်သော အဖေ့ကိုမုန်းတီးမိသည်။ ထို့ကြောင့် တဝုန်းဝုန်း တဒိုင်းဒိုင်း ဆူဆောင့်အောင့်၏။

 

 

အဖေသိသည်။ လှမ်းခေါ်သည်။

“အကြီးကောင် လာစမ်း”

ကျွန်တော်သွားရသည်။

“မင်း ဘာအချိုးချိုးတာလဲ၊ မလုပ်ချင်တာလား။ မင်းကွာ အကြီးဖြစ်ပြီးတော့”

ကျွန်တော်ဘုစကားပြောမိသည်။

“လုပ်ချင်စရာလားခင်ဗျ။ ဒါတွေက အလုပ်ကောဟုတ်လို့လား”

“ဘာကွ”

အဖေ ဒေါသပုန်ထသွားသည်။ သူ၏စိတ်ကူးများကို သူ့သားအကြီးဆုံးက မလေးစားသည်မဟုတ်လား။ အဖေနီးရာတံမြက်စည်းဆွဲယူကာ ဘာမပြောညာမပြောဖြင့် ကျွန်တော့်အား ရိုက်လေတော့သည်။

အဖေရိုက်သည်မှာ နာလှသည်။ သို့သော် ကျွန်တော့်ခန္ဓာထက် စိတ်ကပိုနာသည်။ သားသမီးတစ်ဦးသည် မိမိ၏ ဆန္ဒကို မိဘအား တင်ပြခွင့်မရှိသလော ဟူ၍ ကျွန်တော်တွေးမိကာ အဖေ့အား စိတ်အနာကြီးနာသည်။ အဖေရိုက်ပြီးသည်နှင့် ကျွန်တော်ချက်ချင်း အိမ်ပေါ်မှ ပြေးဆင်းခဲ့သည်။

 

 

ညနေကျွန်တော် အိမ်ပြန်လာသည်။ အမေ့မှာ ကျွန်တော့်အား မျှော်နေသည်။ ကျွန်တော်ရောက်သည်နှင့် ဒဏ်ရာများအား ဆေးထည့်ပေးသည်။ ပါးစပ်မှလည်း နောက်အဲလိုမပြောရဘူး၊ အဲဒါရိုင်းတယ်ခေါ်တယ် အစရှိသဖြင့် တတွတ်တွတ်ပြောသည်။ ကျွန်တော့်မှာ အမေ့စကားအားမကြား။ အဖေ့၏ ဒေါသထွက်နေသောမျက်နှာနှင့် ကျွန်တော့်၏အလိုမကျမှုများကိုသာ မြင်သည်။

 

 

နောက်နေ့တွင် ကြေးနန်းရသည်။

“အဖေ ရန်ကုန်မှာ အက်စီးဒင့်ဖြစ်လို့။ လုပ်ကြံမှုလို့တော့ ယူဆရတယ်။ ယ္ခု ရန်ကုန်ဆေးရုံကြီးတင်ထားတယ်။ အခြေအနေအတော် ဆိုးတယ်”

ဟူသောကြေးနန်းပင်။

အမေ့မှာ ပြူးတူးပြာတာဖြစ်ကာ ရန်ကုန်သို့အလျင်အမြန်လိုက်ရန် ပြင်ရတော့သည်။ ကျွန်တော်မှာလည်း သားအကြီးဖြစ်သဖြင့် အမေနှင့်အတူလိုက်သွားသည်။

 

 

ရန်ကုန်ဆေးရုံကြီးရောက်တော့ မြင်လိုက်ရသည့် မြင်ကွင်းမှာမလှ။ အဖေ့တွင် ခြေနှစ်ဖက်စလုံးမရှိတော့ပေ။ အမေသည် မျက်ရည်များဖြင့် အဖေ့အနီးသို့ချဉ်းကပ်သွားသည်။ ကျွန်တော်သည်လည်း မနေ့ကကိစ္စ အကုန်မေ့ကာ အဖေ့ကိုမြင်ရသည့်အတွက် စိတ်မကောင်းကြီးစွာဖြစ်ပြီး ငိုယိုမိတော့သည်။

အဖေသည် ကျွန်တော်ပါလာမှန်း နောက်မှသတိပြုလိုက်မိသည်။ ထိုအခါ ကျွန်တော့်ကို အနားခေါ်သည်။

“သား.. ဟိုသေတ္တာလေးကို ဖွင့်ကြည့်လိုက်”

ခြေရင်းမှ သေတ္တာလေးကို အဖေဆိုလိုဟန်ရှိသည်။ သေတ္တာလေးသည် အတော်အတန်ပိန်ချိုင့်နေသည်။ သွေးများလည်းပရပွ။

ကျွန်တော်ဖွင့်ကြည့်လိုက်သည်။

ကျွန်တော်မှာလိုက်သော အင်္ကျီ လည်ထောင် တီရှပ်အင်္ကျီအဖြူလေး…….

အဖြူစွတ်စွတ် အင်္ကျီလေးမှာ အဖေ့၏သွေးများကြောင့် အနီလေးဖြစ်နေပေပြီ။

အဖေသည် မျက်ရည်များကျကာ

“အာကွာ…. ငါ့သားအင်္ကျီလေး မြင်မကောင်းတော့ဘူးကွာ….. သား…. မပူနဲ့…. နောက်တစ်ခေါက်အဖေ ပြန်လာမှ ထပ်… ဝယ်… ပေး…”

အဖေ စကားဆုံးအောင်မပြောနိုင်ပါ။ စိတ်မကောင်းမှုများကြောင့် စကားတစ်ဝက်တွင် ငိုသံရှိုက်သံစွက်လာသည်။ မျက်ရည်များလည်း ပါးပြင်ပေါ်စီးလာသည်ကို ကျွန်တော် တွေ့လိုက်သည်။ ကျွန်တော်လည်း အဲသည်အချိန်က ဘာစကားမှပြောမထွက်ခဲ့။ ဘာပြောရမှန်းလည်းမသိခဲ့ချေ။ အင်္ကျီလေးကိုလက်ကကိုင်ကာ မျက်ရည်တွေတွေ ကျနေသည်မှ အပ ကျွန်တော်ဘာဆိုဘာမှ မမှတ်မိခဲ့။

 

 

ထိုသို့အခြေအနေတွင် ကျွန်တော့်ဒုတိယ မျက်လုံးနှစ်လုံးတွင် အတိတ်က အဖေ့ပုံရိပ်များ ပြေးလွှားကာ မြင်ယောင်မိသည်။ ကျွန်တော်တို့အတွက် စာများကို မအားသည့်ကြားမှ ကိုယ်တိုင်ကူးပေးခဲ့သည့်အဖေ…. မည်မျှအလုပ်များနေစေကာမူ သားသမီးပညာရေးကို အလေးစိုက်ခဲ့သောအဖေ…. သားသမီးများနှင့် လက်ဆုံမစားရတာကြာသောကြောင့် သူအားသည့် ညပြန်ရောက်ချိန်ကလေးတွင် သားသမီးများနှင့်အတူစားလိုသော အဖေ…. အဖေ… အဖေ…. ကျွန်တော်မျက်ရည်တွေကြောင့် အဖေ့ကို မှုန်ဝါးဝါးသာမြင်ရတော့သည်။ ထိုမြင်ကွင်းမှာ အဖေကျွန်တော့်ကိုဖက်ထားသည်။ သြော်…. အဖေငါ့ကို စိတ်မဆိုးပါလား……

 

 

ယခုအခါ အဖေသည် ခြေနှစ်ဖက်ပြတ် ဒုက္ခိတဘဝရောက်နေပေပြီ။ ကျွန်တော်လည်း ကျွန်တော်တတ်နိုင်သလောက် အဖေ့ကိုထောက်ပံ့၏။ အဖေကလည်း ယခုအချိန်ထိ ထိုစဉ်က တီရှပ်အဖြူဟုခေါ်ရမည့် အနီရောင်ကလေးအကြောင်း ပြန်ပြောင်းပြောလေ့ရှိသည်။ ထိုသို့ပြန်ပြောတိုင်း ထိုစဉ်က မိဘမေတ္တာ၊ အဖေ့မေတ္တာကို မသိနားမလည်ခဲ့သော ကျွန်တော့်ကိုယ်ကျွန်တော်လည်း ရှက်မိသည်။ အဖေ့ကိုလည်း အားနာမိသည်။ မေတ္တာအစစ်၏ သဘောတရားအမှန်ကို မြင်နိုင်စွမ်းကင်းသောကျွန်တော်၊ အဖေ့ကို အမြင်စောင်းခဲ့သောကျွန်တော်သည်… အဖေ့အား…. ရိုသေစွာရှိခိုးမိသည်။ အဖေသည် ပြုံးသည်။ မျက်ရည်ကျသည်။ သြော်……… မေတ္တာစစ်တို့မည်သည် အကြွင်းအကျန်မရှိ…. ချစ်တတ်သည်တကား….

 

 

စာပြီးနှစ် ၁၁၊ ၉၊ ၂၀၁၁

ရွှေနဒီ ရေးသည်

မေတ္တာစစ်နှင့် အင်္ကျီနီ ဤတွင် ပြီးသည်။

In: ဝတ္ထု Posted By: Date: Sep 23, 2011
Comment #1

:'(

commentinfo By: ST at Nov 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment