Professional Authors

စုတ်ပြဲသွားသောအိပ်မက်တစ်ချို့ 

စုတ်ပြဲသွားသော အိပ်မက်တစ်ချို့ 

(၁)
    လရောင်ဟာ ဖျိုးဖျိုးဖျဖျ မြေပြင်ပေါ်ကိုကျရောက်နေတယ်။“လထွက်ချိန်”ကိုမျှော်နေသူ
လူငယ်တစ်ယောက်လည်း လ၀န်းကြီးကို ရီဝေငိုင်ဆွေးစွာနဲ့ကြည့်နေခဲ့တာပေါ့။ လင်းနို့တွေ
တောင်ပံခတ်သံ တဖျတ်ဖျတ်နဲ့ စိတ်တွေဟာ ကတိမ်းကပါး လွင့်ယိုင်သွားရဲ့ ။
     အဲသည့်အချိန်မှာပဲ “ချစ်သူ”ဆိုတဲ့အတွေးက ရှတတ ၀င်လာ အေးမြတဲ့လေနုအေးတိုးသက်
ချက်နဲ့အတူ ရင်ခွက်တစ်ခုလုံး ဆောင်းရာသီဆန်သွားခဲ့တယ်။ လနတ်သမီးလို့ တင်စားထားတဲ့
ကျွန်တော့်ချစ်သူဟာ ကောင်းကင်ကနေ နှလုံးသားစီကို တစ်လှမ်းချင်းစီ လျှောက်လှမ်းလာနေတယ်။
      မောင်ရိုးလို့ခေါ်ခံရတဲ့ လူငယ်တစ်ယောက်ရဲ့  ရာဇ၀င်ကျောက်စာမှာ လနတ်သမီးအတွက်
နေရာသက်သက် ချန်ရစ်ထားခဲ့ပြီးသားပါ။အတန်းဖော်ကောင်မလေးတစ်ယောက်ကို လူငယ်တို့ရဲ့ 
ဘာသာဘာဝ စိတ်လှုပ်ရှားတတ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ ချစ်မိသွားခဲ့တာပါပဲ။
       အဲသည့်ကောင်မလေးရဲ့ နာမည်ကို “အေးချမ်း” လို့ မောင်ရိုးနာမည်ပေးလိုက်တယ်။ဟုတ်ပါတယ်။
အဲသည့်ကောင်မလေးကို မြင်လိုက်ရုံနဲ့တင် သူ့ရင်ခွင်တစ်ခုလုံး အေးချမ်းသွားရလို့ပါ။မောင်ရိုးတစ်ယောက်
လည်း ညညရောက်တိုင်း လမင်းကြီးကိုကြည့်ပြီး လနတ်သမီးကို လွမ်းတတ်လာပြီ။မောင်ရိုးလို လူငယ်
တစ်ယောက်ကို အဲလိုဖြစ်အောင် ပြုစားခဲ့တာ ဘယ်အရာများပါလိမ့်….

(၂)
    မအေးချမ်းအတွက်တော့ မောင်ရိုးဆိုတာ ဖုတ်လေသည့် ငါးပိရှိတယ်လို့တောင်ထင်ခံရမှာမဟုတ်ဘူး။
မောင်ရိုးချစ်တာကို မအေးချမ်းမသိသလို၊မအေးချမ်းမသိအောင်လည်း မောင်ရိုးချစ်ခဲ့တာပဲလေ။အဝေးက
လှမ်းမျှော်ခွင့်ရရှိရုံနဲ့တင် ကျေနပ်နေတဲ့ကောင်။လူငယ်တစ်ယောက်ရဲ့  ကျောက်စာတစ်ချပ်မှာ ပျောက်ကာ
မပျက်တဲ့ ပိတောက်ဝါတစ်ခက်က မအေးချမ်းပါတဲ့လေ။
     သင်္ကြန်ခါတော်သမယ ပိတောက်ဝါတွေရင့်ကြူးကြတဲ့ အချိန်မှာ မအေးချမ်းနဲ့ မောင်ရိုးတို့ ခင်မင်ရင်းနှီး
ခွင့်ရရှိခဲ့ပါတယ်။ရေပက်မဏ္ဍပ်တစ်ခုမှာ အတူဆုံကြတာပါ။ချစ်ရသူနဲ့ စကားပြောနေတဲ့ အချိန်မှာ ရင်ဘယ်
လောက်ထိ ခုန်ရသလဲ အရူးအမူးချစ်ဖူးသူတို့ သိကြပါလိမ့်မယ်။မောင်ရိုးတစ်ယောက်ရဲ့  နေရောင်ခြည်
တွေတောက်လောင် ကန္တာရဆန်တဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီလို့ သူ့ဘာသာသူမှတ်ယူလိုက်ပါတယ်။
သည်လိုနဲ့ပဲ မောင်ရိုးတစ်ယောက်အတွက် မျှော်လင့်ချက်တွေ တဖိတ်ဖိတ်တောက်ပလာရဲ့ ။
      မအေးချမ်းအတွက် ပေးဆပ်နေရတာနဲ့တင် မောင်ရိုးတစ်ယောက်ပျော်နေခဲ့ရတာပါ။လိုတာလေးတွေကို
အမြဲတစေဖြည့်ဆည်းပေးပါရစေ ချစ်သူ။ချစ်သူရဲ့  “ကျေးဇူးတင်ပါတယ်”ဆိုတဲ့ စကားက ဟောသည့်ကောင်
ရင်ထဲမှာ ဘယ်လောက်ထိအေးမြစေတယ်ဆိုတာ ချစ်သူကိုသိစေချင်လိုက်တာ။ ကျူးပစ်နတ်မင်းရယ်………
မြှားဘယ်နှစ်စင်း ကုန်ပြီးမှ ကျွန်တော်နဲ့မအေးချမ်း နီးစပ်ခွင့်ရနိုင်မလဲ။
        အချစ်ရေးကိစ္စနဲ့ပတ်သက်လာရင် ဖြစ်တန်စွမ်းသင်္ချာလည်း မှားတယ်။အခြေအနေအချက်အလက် အားလုံး
တည်ငြိမ်တိကျမှုမရှိဘူးလေ။ကျွန်တော့်ရဲ့ အနုပညာသစ္စာမှာ မအေးချမ်းအတွက် ကဗျာတွေ….ကြေကွဲနေကြ
တယ်။ကျွန်တော်ချစ်မိခဲ့တဲ့ စံပယ်အိုတွေလည်း ကသုန်းကရိုင်း ပွင့်လန်းကုန်ပြီ။လရောင်ဖြူဖြူအောက်မှာ သိပ်ကို
လွမ်းရပါတယ်ကောင်မလေးရယ်…။

(၃)
      သြဂုတ်လရဲ့  မှိုင်းအုံပြာဝေတဲ့ ရာသီဥတုမှာပေါ့ အရာအားလုံးဟာ မိုးရေတစ်ပေါက်နှစ်ပေါက်နဲ့အတူ သစ်လွင်
နေကြတယ်။(မြေကြီးပေါ်က ရွှံဗွက်တွေကတော့ တဗျတ်ဗျတ်အသံပေးရင်း လောကကို ရုပ်ပေါက်အောင် ဖျက်ဆီး
ချင်နေကြတယ်။) လေပြည်တို့ရဲ့ တိုက်ခတ်မှုတွေကြောင့် မိုးစက်မိုးပေါက်တွေ ရွာချရာလမ်းကြောင်း ကွေ့ကောက်
တိမ်းပါးကုန်ကြတယ်….
     မအေးချမ်းကတည်ငြိမ်တယ်။ရင့်ကျက်တယ်။လူကုံထံမျိုးရိုးကနေ ပေါက်ဖွားလာတဲ့ မိန်းကလေးတစ်ဦးလည်း
ဖြစ်ပြန်တယ်။ဒါ့အပြင် ရုပ်ရည်ကလေးကလည်း မြင်ရသူတိုင်း ငေးမိလောက်အောင်ကို လှပတယ်။ကျောင်းမှာလည်း
အမြဲတစေ ပထမဆုကို သူချည်းပဲ သိမ်းကြုံးရယူထားတယ်။ဒီလိုကောင်မလေးကို မျှော်လင့်မိတော့လည်း
မောင်ရိုးတို့လို သာမန်လူတန်းစားအတွက် မခူးရက်တဲ့ ကြယ်တစ်ပွင့်ပေါ့။(ကြယ်ဆိုတဲ့ သဘောက ကောင်းကင်မှာ
မှ ပနံရတာပါ မြေကြီးနဲ့ဆိုရင် ကြယ်နဲ့မြေကြီး ပနံမတင့်တော့ပါဘူး ဒါကြောင့်ကြယ်ကိုကောင်းကင်မှာပဲထားတာ
ကောင်းပါတယ်)
      မအေးချမ်းနဲ့အတူ ကျူရှင်ကအပြန်မှာ ရုပ်ရည်သန့်သန့်နဲ့အစ်ကိုကြီးတစ်ယောက် မအေးချမ်းကိုလာကြိုတာတွေ့
လိုက်ရပါတယ်။မအေးချမ်းက မောင်ရိုးကို “ကိုရိုး”လို့ပဲခေါ်လေ့ရှိတယ်။အဲ့အစ်ကိုကြီးနဲ့ မအေးချမ်းက မောင်ရိုးကို
မိတ်ဆက်ပေးပါတယ်။
“ကိုရိုး..ဒါ ကိုအောင်သက်တဲ့….အေးရဲ့ ချစ်သူပေါ့…ကိုအောင်သက်ဒါကိုရိုးတဲ့ ကျွန်မရဲ့ အားအကိုးရဆုံး
  သူငယ်ချင်းတွေထဲက တစ်ယောက်ပေါ့”
      မောင်ရိုးရဲ့ ရည်မှန်းချက်တွေအားလုံးပြိုလဲ စိတ်မပါစွာနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် “တွေ့ရတာဝမ်းသာပါတယ်”
လို့ ဟန်ဆောင်မှုရစ်သိုင်းနေတဲ့ လက်တွေနဲ့နှုတ်ဆက်ခဲ့ကြတယ်။
 
(၄)
      ကျွန်တော့်ရဲ့ အသိစိတ်က ပူပြင်းလောင်ကျွမ်း နေမင်းတစ်ခုလုံးကို ရင်ဘတ်ထဲ အပြုံးမပျက်အောင်
ထိုးထည့်ရသလိုပါပဲ..မအေးချမ်းရဲ့ ချစ်သူအတွက် ကျွန်တော်ဟာ ဒုတိယမင်းသားတစ်ယောက်ဖြစ်ခဲ့ရပေါ့။ ချစ်ရသူရဲ့ 
ဖနောင့်မှာ သံဆူးစိုက်နေတယ်တဲ့ ကျွန်တော့်ဖနောင့်မှာ သံစူးမစိုက်ပါဘူး နှလုံးသားကို အပ်ကလေးတစ်စင်းနဲ့
အကြိမ်ကြိမ်အခါခါ ထိုးဆွသလိုခံစားနာကျင်နေရပါတယ်….
      လမင်းလည်းသည်နေ့ညမသာနိုင်တော့ပါဘူး ရွှေရည်လူးတဲ့ ဆည်းဆာလည်း သည်နေ့မှာမှ အကျည်းတန်လွန်း
မောင်ရိုးရဲ့ အသက်ရှူသံတိုင်းမှာ အရှုံးတွေကိုသာ ရစ်ပိုက်ထွေးခြုံထားရဲ့ …..မအေးချမ်းရယ် မအေးချမ်းချစ်သူက
မအေးချမ်းကိုဘယ်လောက်ထိချစ်နိုင်မှာလဲ …မအေးချမ်းကိုကျွန်တော်ဘယ်လောက်ထိချစ်လဲ အိမ်ပြန်လမ်းပေါ်မှာ
ကြွေကျတဲ့ အလွမ်းတွေနဲ့တင် မအေးချမ်းချစ်သူထက်သာပါတယ်။
       မအေးချမ်းအတွက် ကျွန်တော်ကဗျာတွေရေးခဲ့ စာတွေရေးခဲ့ ဒါတွေအားလုံးဟာ အနုပညာသမားတစ်ယောက်
အတွက် အရှုံးသစ္စာ အဖြစ်ပဲလား။ မညီမညာ လွန်းလွန့်ရုန်းထ ကျွန်တော့်နှလုံးသားရှေ့မှာ ကျွန်တော် မှောက်ရက်
လဲကျတယ်။ လူတစ်ကိုယ်လုံးလည်း အနာတရတွေနဲ့ ပေကျံခဲ့ပြီပဲ။သိပ်တော့ထူးလှတယ်မဟုတ်ပါဘူး။
    အစကတည်းကမြေကြီးဆန်ခဲ့တဲ့ကောင်အတွက် ကောင်းကင်ကကြယ်ကို ဆွတ်ယူဖို့ မဖြစ်နိုင်ခဲ့ဘူးပဲ။ခရောင်းလမ်း
ပေါ်မှာ ပစ်ပေါက်စိုက်ပျိုးမိတဲ့ မျှော်လင့်ချက်တွေ…..စိုက်ပျိုးထားတဲ့လက်နဲ့ ပြန်ရိတ်သိမ်းပေးခဲ့ပါ့မယ်။ မအေးချမ်းရယ်
ဘုံခုနှစ်ဆင့်ထက်မှာ နေပြီးတော့ ကျွန်တော့်အချစ်တွေကို လှောင်ရယ်မနေပါနဲ့ဦးနော်….လောင်မီးကျနေတဲ့ ရင်ခွင်
တစ်ခုအတွက် ကုရာနတ္ထိဆေးမရှိပါဘူး (မအေးချမ်းရဲ့ အချစ်ကလွဲရင်ပေါ့) တကယ်တော့ မအေးချမ်းရယ်
      ရေစက်ပါလို့တွေ့ခဲ့တဲ့သူတစ်ယောက်ကိုကြည့်ပြီး ၀မ်းနည်းမနေနဲ့တော့…..အလွမ်းရောင်ဖုံးအုပ်ထားတဲ့ လူငယ်တစ်
ယောက်ရဲ့ ဝတ်ရုံမှာ သူ့ဘာသာသူရှိပါစေ……ချစ်မိတဲ့သူလောက်ဘယ်သူမှမမိုက်နိုင်ခဲ့ပါဘူး။ လငပုပ် အဖမ်းခံလိုက်သလို
နီမြန်းဖောင်းကြွ တကယ်တော့ ကျွန်တော်လည်း ပင်ပန်းလွန်းလှပါပြီ။မအေးချမ်းတို့နှစ်ယောက်လည်း လက်တွဲမြဲသည်ထက်
မြဲပါစေ…..ဘုံခုနှစ်ဆင့် မှာလည်း မြင့်သထက်မြင့်ပါစေ ချစ်ရသူအတွက် ကျွန်တော်ရေးတဲ့ သည်စာစုရဲ့ နောက်ဆုံးမှာ
တော့ မအေးချမ်းကို အလွန်အမင်းမြတ်နိုးခဲ့ကြောင်း…..ကျွန်တော်ထည့်ပြောခဲ့ပါရစေ
                                                                                                                                                       မိုးသစ်လေပြည်
     

In: ဝတ္ထု Posted By: Date: Jul 9, 2011
Comment #1

မိုးသစ်လေပြေရဲ့ အရေးအသားကို သဘာကျလွန်းမက ကျမိလို့
ပြောဖို့ စကားလုံးရှာရင်း ငါးမိနစ်လောက် အချိန်ကုန်သွားတယ် ။

Comment #2

တကယ်သိပ်ကြိုက်

commentinfo By: အသဲကွဲမိုး at Jul 17, 2011
Comment #3

ကျေးဇူးပါကိုလူမော်ငြိမ်း)

commentinfo By: မိုးသစ်လေပြေ at Jul 17, 2011
Comment #4

မအသဲကွဲမိုးကိုကောပါပဲခင်ဗျား)ဆောရီးနော် ကွန်အခက်အခဲကြောင့် မအသဲကွဲမိုးရဲ့  မန့်ချက်ကိုမသိလိုက်မိဘူး ကျေးဇူးတင်တာအတွက် မန့်တာနှစ်ခုဖြစ်သွားတယ်း)

commentinfo By: မိုးသစ်လေပြေ at Jul 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment