Professional Authors

PoemsCorner Authors

ချစ်ခြင်းရုပ်ကြွင်းနှင့်… (ရုပ်ကြွင်းရုပ်ကျန်များနှင့် မပတ်သက်လိုလျှင် မဖတ်ရ)

ချစ်ခြင်းရုပ်ကြွင်းနှင့်…
အခန်း (၁)
နှလုံးသားတစပြင်နှင့် ချစ်ခြင်းရုပ်ကြွင်း

ခရမ်းပြာရောင် လဲ့လဲ့လေးလင်းနေတယ်…။ ဒီအလင်းပြပြ ဘယ်ကထွက်ကျလာသလဲ..။
အရင်းအမြစ်ကို မတွေ့ရဘူး..။ ပတ်ဝန်းကျင်က တိတ်ဆိတ်ခြင်းနဲ့ ညံနေတယ်။
သောကလှိုင်းနဲ့ ဗြောင်းဆန်နေတဲ့ ငါ…ငြိမ်ငြိမ်လေးထိုင်နေတယ်။
……ဒုက်..ဒုက်…………….ဒုက်..ဒုက်……………ဒုက်..
နှလုံးသားတစပြင်မှာ မြေချထားတဲ့ အချစ်ရုပ်ကြွင်းကို ခံစားချက်မျက်ကန်းတချို့က
တရားမဝင်တူးဆွနေကြသံကို ကြားရင်း…
ဆွေးမြေ့ပြီးဖြစ်တဲ့ မျှော်လင့်ခြင်းရနံ့ ကိုရလာတယ်။
မျှော်လင့်ခြင်းအဆွေးတွေနဲ့ ဒီချစ်ခြင်းရုပ်ကြွင်းကို
တကယ်တော့…မီးရှို့ပြာချ လေလွှင့်ပစ်ခဲ့ဖို့ကောင်းတာ…။
ခုတော့ နှလုံးသားနေရာကို တစပြင် အဖြစ်ခံ…ဒီချစ်ခြင်းရုပ်ကြွင်းကို သိုထားမိခဲ့တယ်လေ…။
ပြန်ရှင်သန်လာမယ့်ချစ်ခြင်းကို စောင့်စားရင်းပေါ့…။
ကြားဖူးတယ်…လောကရဲ့ အရာအားလုံးဟာ အမြဲမတည်ကြဘူးတဲ့…။
ဒီလိုဆို…သေဆုံးခြင်းကရော…ထာဝရမြဲပါ့မလား…။
ဒါလည်း တစ်နေ့တော့ ပျက်စီးရမှာပေါ့…
ရှင်သန်ခြင်းအသစ်နဲ့လေ..။

အခန်း (၂)
နှလုံးသားမလပ်သူ

ရနံ့တွေပေးရင်း မျှော်မနေပါနဲ့ ပန်းပွင့်ငယ်…။ ငါ့က ငါ့ရင်ဘက်ထဲ ပန်းခြောက်တပွင့်ကို
ဖက်ယမ်းထားပြီး ဝဲပျံနေတဲ့ လိပ်ပြာတစ်ကောင်ပါ။
သံစဉ်သစ်ကို ရှောင်ကြဉ် ပစ်ပြီး…နှောင်းခေတ်တေးသွားနဲ့
ဟောင်းနေတဲ့ ဓာတ်ပြားလို့…မြင်ရင်မြင်ပါ…။
ငါက ဒီတေးသွားနဲ့ တစ်သားတည်း ဖြစ်နေပြီပဲ…။
မင်းရဲ့ မြူးကြွသစ်လွင်မှုကို မဝတ်ဆင်ပါရစေနဲ့…။
ငါနှစ်သက်ပေမဲ့…မပစ်ရက်တဲ့အထိတော့ မဖြစ်နိုင်ပါဘူး။
တကယ်တော့…ငါက မင်းပြောလို…နှလုံးသားမဲ့သူမဟုတ်ပါဘူး…နှလုံးသားမလပ်သူပါကွာ…။

အခန်း (၃)
ယုံကြည်ချက်

နားလည်ပေးဖို့ မတောင်းဆိုလိုဘူး သူငယ်ချင်း….။ ဒီအတိုင်းပဲ ဖြစ်နေတာကို သိမှတ်လိုက်ပါ။
မင်းမှားတယ်လို့လဲ ငါမငြင်းဆန်ဘူး…ငါ မှားတယ်လို့လဲ ငါမမြင်ဘူး။
တနေ့မှာ ဒီချစ်ခြင်းဟာ ပြန်ရှင်သန်လာရမယ်။ ဒါငါ့ ယုံကြည်ချက်ပဲ…။
ပြန်ရှင်သန်လာတဲ့အထိ ငါ့နှလုံးသွေးတွေကို ဒီ ချစ်ခြင်းရုပ်ကြွင်းမှာ စီးဆင်းစေမယ်…။
အတိုင်းအတာတခုမှာတော့…ရှင်သန်လာရမယ်။

အခန်း (၄)
ချစ်ခြင်းရုပ်ကြွင်း အသက်သွင်းခြင်း

အချိန်တခုမှာ…
ခံစားချက်မျက်ကန်းတွေရဲ့ တူးဖေါ်မှုကြောင့် ချစ်ခြင်းရဲ့ ရုပ်ကလပ်ဟာ လုံးလုံးပြန်ပေါ်လာတယ်။
လှုပ်ရှားခြင်း ကင်းမဲ့တာကလွဲလို့ ဘယ်အရာမှ ယိုယွင်းမနေဘူး…။
ကြည်လင်တဲ့ကျောက်သားတွင်းမှာ တည်ငြိမ်စွာ လှဲလျှောင်းနေတယ်
(အိပ်စက်နေတယ်လို့ ကျွန်တော်က မြင်တယ်။)
ကိုင်တွယ်ထိတွေ့ဖို့ကျတော့ ကျောက်သားတွေက တားဆီးထားတယ်။
မမြင်နိုင်အောင်တော့ ပိတ်ကာမထားဘူး
…ဒဏ္ဍာရီတခုထဲမှာ…ကျိန်စာသင့်အိပ်စက်ခြင်းကို ရောက်နေတဲ့

မင်းသမီးလေးဟာ မင်းသားလေးနမ်းတော့ ပြန်နိုးထလာခဲ့သတဲ့။
ကျွန်တော့်အဖို့မှာတော့ ထိတွေ့ဖို့ရန်မဖြစ်နိုင်ဘူး…။
နှလုံးသွေးတို့ ဆူကြွပြီး…သီချင်းတပုဒ်အဖြစ် နှုတ်ခမ်းထက်ကနေ
ပွင့်ကျလာတယ်…။
…ဒါ ကျွန်တော့်ရဲ့ နှလုံးသွေးတွေ..။
ကာဆီးထားတဲ့ ဒီကျောက်သားကြည်ကြည်ဟာ ကျွန်တော့် နှလုံးသွေးသီချင်းရဲ့
လှိုင်းဒဏ်ကို မတားဆီးနိုင်ဘူးလို့ အလိုလိုယုံကြည်လာမိတယ်။
ဒီလိုနဲ့…သီဆိုရင်း…သီဆိုရင်း…အားအင်မဲ့တဲ့အထိ။ အရုပ်ကြိုးပျက်လဲကျတဲ့ အထိ။
…ထပ်ပြီး နည်းနည်း အားအင်စုစည်းမိတာနဲ့…ထပ်ဆိုတယ်…။
ကျောက်သားအတွင်းက ချစ်ခြင်း ရုတ်တရက် မျက်တောင်များခက်လိုက်လေသလား…။
မရေမရာမြင်လိုက်တယ်။…ကျွန်တော် အားပိုတက်လာတယ်။
]ဒီမှာ ချစ်ခြင်း…ငါ့မှာရှိသမျှအား..မင်းအတွက် သီချင်းများသာ…ဖြစ်စေရမယ်။
မင်း ရှင်သန်လာတဲ့ အထိပေါ့…။}
သီဆိုရင်း…ချစ်ခြင်းရဲ့ မျက်ဝန်းတွေ ပွင့်လင်းပြီး လှုပ်ရှားလာတာကို တွေ့လိုက်တယ်။
ကျောက်သားတွေက ကာထားလျက်ရှိဆဲပဲ…။
ဒီကျောက်သားလည်း ကျွန်တော့်သီချင်းအောက်မှာ မကြာခင်ကွဲအက်ထွက်သွားမယ်…ယုံကြည်မိတယ်။
ထပ်ပြီး..အရုပ်ကြိုးပျက်လဲကျ…။
]ချစ်ခြင် ပြန်လည်ရှင်သန်ပြီး လွပ်လပ်ထွက်လာဖို့အတွက်…
ငါဆက်ဆိုရမယ်…။}
ဆက်ဆိုရင်း…နှုတ်ခမ်းလှုပ်နိုင်ရုံလေးနဲ့ ဆက်ဆိုရင်း…
ကြယ်တစ်ပွင့်ဟာ ကြွေကျလာပြီး..အလင်းကြည်ကြည်တွေ ကိုယ်ပေါ်သွန်းချလိုက်တယ်။
အလင်းခတဲ့ ခန္ဓာ ရွှင်ပြလာတယ်။
ချစ်ခြင်းကလည်း လက်လှမ်းရင်းကြိုလို့….။

အခန်း (၅)
ကြယ်တစ်ပွင့်ကြွေသွားတဲ့ လောက

ခင်ဗျားသူငယ်ချင်းအတွက် ဝမ်းနည်းပါတယ်ဗျာ…။ဒါပေမဲ့…သူ့ သီချင်းတွေဟာ
ဒီကမ္ဘာမှာ ဆက်ပြီးရှင်သန်နေမှာပါ…။
…ဟုတ်တယ်…သူ့သီချင်းတွေဟာ ဒီကမ္ဘာမှာ ဆက်လက်ရှင်သန်နေသလို…
သူလည်း တခြားတဖက်မှာ သူ့ချစ်ခြင်းနဲ့ ရှင်သန်ရင်း
သီချင်းတွေဆက်ဆိုနေလိမ့်မယ်လို့…ထင်ပါတယ်ဗျာ။
သုည

ကြယ်တစ်ပွင့်ကြွေသွားတဲ့ လောကတစ်ခုအကြောင်း အဆုံးသတ်တဲ့အထိ ရေးချပစ်မိခဲ့သည်။ ဒီဇာတ်လမ်းတစ်ပုဒ်လုံးကို စကတည်းက ဘာကြောင့်ရေးဖြစ်ခဲ့မှန်း မသိတော့။ ပို့စ်တ်မော်ဒန်သမားတစ်ချို့ ကြွေးကြော်သလို မသိစိတ်၏အလျင်တစ်ခုသက်သက်ဖြစ်မည်။
… ထိုမျှလောက်တော့ တွေးမိခဲ့သည်။ လက်ရှိကာလရောက်လာသောအခါ လက်တွေ့ဘဝနှင့် ဆင်တူနေခဲ့မှုများကြောင့် သွေးအနည်းငယ်ပျက်လာသည်။ ချစ်ခြင်းသည် ရုပ်ကြွင်းတစ်ခုအဖြစ်မှနေ ပုတ်သိုးသောအနံ့အသက်များ ပေးနေသည်။ အချိန်အပုတ်အသိုးနံ့ဖြစ်သည်။ အတိတ်ဆိုသည်မှာ ဟောင်းနွမ်းပုတ်ပျက်သွားသည့် သစ်သီးတစ်လုံးကဲ့သို့ပင်။
ဤစာ၏ အခန်း(၃)ထိတိုင်တိုင် လက်တွေ့ဘဝတွင် မိုင်တိုင်စိုက်ထူခဲ့ပြီးပြီ။ ချစ်ခြင်းဆိုတာ ရုပ်ကြွင်းသက်သက်… …။
အနာဂတ်တစ်ခုကို မသိစိတ်အလျှင်ဖြင့် မတော်တဆ ရေးချခဲ့မိလေသလား။ ကိုယ့်စာထဲ ကိုယ်အပြန်အကျဉ်းကျ သရုပ်ဆောင်နေသူသက်သက်လား။ တမင်တကာလုပ်နေသည်တော့ မဟုတ်။
ရေလှိုင်းဖြူဖြူတွေ ပြေးဆော့နေတဲ့ ကောင်ကင်ပြာမြစ်ကြီး…
အသင်…ကျုပ်ကို မျက်မှန်းတမ်းမိပြီလား။
ကျုပ်နေတဲ့အခန်းက ရှုပ်လွန်းတယ်လေ။
အသင့်ရဲ့ ကြည်စင်တောက်လွင်မှုက ကျုပ်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ပေးတယ်။
ကျုပ်သန့်သန့်ရှင်းရှင်နေချင်တဲ့အခါ အသင့်ကို တစ်မေ့ငေးနေလိုက်ရုံပဲ။
တစ်ခါ… ကျုပ်ရင်ဘက်ကနေ ညည်းဖူးတဲ့ ကျုပ်ရဲ့တစ်ယောက်ထဲ
ကဗျာ…
အသင် မှတ်မိမလား…။
ကျုပ်အခု အဲဒီလိုတောင်းဆိုခွင့်တောင် မရှိတော့ဘူးဗျ။
တွေ့လား… အုန်းပင်တွေတောင် ခါးကညွတ်တော့မယ်။
အဲဒါကို ကျုပ်က လေညှင်းခံသလို ကျေကျေနပ်နပ် ရင်ကိုကော့လို့။
နာကျင်ခဲ့သလား။
အသင်…သိပါတယ်။ အသင့်ရဲ့မြစ်ပြင်ပြာကျယ်ထဲ အငွေ့ပျံစီးဆင်းပစ်ဖို့ ကျုပ် အကြိမ်ကြိမ် ကြိုးစားခဲ့တာ။ နာကျင်ခြင်းတစ်ခုကလွဲ ကျန်တာအားလုံး အငွေ့ပျံစီးဆင်းသွားကြတော့မယ်။
အသင်… တံခါးကိုဖွင့်ပါ။

In: ဝတ္ထု Posted By: Date: Apr 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment