Professional Authors

“ငြိမ်းချမ်း”

 

…. “ငြိမ်းချမ်း” ….

 

တစ်ကယ်တော့ “လူသားဆိုတာ စဉ်းစားနေတဲ့ ကျူရိုးတစ်ချောင်း” သာဆို ငါဟာ မင်းအတွက် အဲ့ဒီကျူရိုးလေးပဲ ဖြစ်ပါရစေ …. သက်သေပြစရာမလိုတဲ့ အမေးတစ်ပုဒ်နဲ့ မင်းအတွက် ရည်ညွန်းထားတဲ့ ဒီအကြောင်းအရာကို အစဖွင့်လိုက်တော့မယ် …. “ငြိမ်းချမ်းဆိုတာ အဘယ်အဂ္ဂိရက်ပညာရှင်က တီထွင်လိုက်တဲ့ ကျွန်မဘ၀အတွက် ပြဒါးရှင်လုံးလေးပါလဲ?” …. ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ သူ့မွေးသမိခင်ရဲ့ မေတ္တာတွေကြောင့်သာ ကျွန်မရဲ့“ငြိမ်းချမ်း”ကို ဒီလိုအချိန်မှာ  ဆုံတွေ့ခွင့် ရခဲ့တာပါ …. ဒါပေမယ့် “ငြိမ်းချမ်း” …. ဘုရားသခင် အလိုတော်အတိုင်း သဘာဝဥပဒေသအရ မင်းကို ကာလ၊ ဒေသ၊ ပယောဂ သုံးနားမညီညွှတ်တဲ့ အာရုံတရားက ဘ၀ယာယီတန်ဖိုးနဲ့ အနာဂတ်ကို ကြိုးကွင်းစွပ်ပေးခဲ့ပြီးပြီ …. လက်ဆယ်ချောင်းနဲ့ အံချော်နေတဲ့ အတိတ်မျှော် အကြည့်တွေက မင်းကိုယ်ကျင့်နီတိပေါ် စူးရဲထိုးဆင်းတိုင်း ခြုံယူဆင်ခြင်မိတာက ငါဟာ အကြောက်တရားနဲ့ ဖွားဖက်တော်လေလား? …. ဘာ့ကြောင့်များ မင်းခေါင်းထဲ စိတ်နဲ့ရုပ် အိုးစားကွဲလောက်တဲ့ ငါ့အာရုံတွေ အတင်းရိုက်ထည့် ခွင့်ပြုခဲ့ရတာလဲ …. “ငြိမ်းချမ်း” ရယ် …. တစ်ကယ်တမ်း ငါဟာ မင်းအတွက် ခပ်စွာစွာ စေတန်တစ်ကောင် …. “ကျွန်တော့်ရဲ့ အဖြူရောင်သတို့သမီး” လို့ မင်းတင်စားတတ်တဲ့ “ငါ”ဟာ ….  နတ်ပြည်ပို့ဖို့ ၀န်မလေးသလို ငရဲပြည်ဆွဲချဖို့လည်း လက်မရွံ့သူ …. ဒါပေမယ့် ပဋိပက္ခတွေ တို့နှစ်ဦး ဆွဲအားကြောင့် ဒီရေလိုတက်၊ ကျတိုင်း …. အလင်းရောင်ဆိုတာ အဖြူသက်သက် မဟုတ်ကြောင်းတရားက ငါ့အနာဂတ်ကို ကွပ်ညှပ်ထားတယ် …. ဒါ့ကြောင့် စဉ်းစားဆင်ခြင်ခြင်းကို သံသယလို့ မမြင်မိစေနဲ့ “ငြိမ်းချမ်း” …. ငါ့လို သံစဉ်တွေရှိမှန်း သိလျက်နဲ့ ဆွံ့အနေတတ်တဲ့ တယောတစ်လက်အတွက် မင်းဟာ ပင့်မြှောက် ပွတ်တိုက်ပေးဖို့ အသင့်ရှိနေတဲ့ ဘိုးတံမှန်း ငါသိတယ် …. ထွက်လာမယ့် သံစဉ်တွေကို အပေါစား စာရွက်နဲ့ ပုံနှိပ်ထားတဲ့ ဂန္တ၀င်သီချင်း တစ်ပုဒ်တော့ အဖြစ်မခံနိုင်ဘူး “ငြိမ်းချမ်း” …. ကိုယ့်အတွေးနဲ့ကိုယ် ရှူလိုက်တဲ့ ၀င်သက်၊ ထွက်သက်တိုင်းမှာ မင်းပယောဂ မကင်းတာ သေချာနေမှတော့ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တွေကြား ငါတို့ ရမ္မက်ဆန်ဆန် ဗိမ္မာန်လေးလည်းေ၀၀ါးမှုန်ပြလာပြီ …. မိုးပွင့်လို ဖြူစင်ခြင်းတွေနဲ့ နှောင်ဖွဲ့ရစ်ပတ်ထားလို့သာ မခိုးမခန့်နဲ့ နှိပ်ကွပ် ပိတ်ဆို့မှုတွေကြောင့် ငါဦးစိုက်သွားတိုင်း မင်းအမြဲ ထွေးပွေ့နှစ်သိမ့် ပေးနိုင်ခဲ့တယ် …. ခုဆို မျက်မှန်စိမ်း အကြည့်တွေရဲ့  ရောင်ပြန်ဟပ်မှုကြောင့် ငါလည်း မကြောက်မရွံ့ စိမ်းမြတောက်ပ လာတတ်ပြီ …. ငါ့ရဲ့ စဉ်းစားခြင်းနဲ့ မင်းရဲ့ ဖြစ်တည်ခြင်းက သိပ်ကိုနီးကပ်နေမှတော့ ကြားဝင်ဆင်ခြင်မှုတွေ မလိုအပ်တော့ဘူး မဟုတ်လား ငြိမ်းချမ်း? …. ကျိန်စာဆန်တဲ့ စာမျက်နှာ (၇၃) ရွက် ကျော်ဖတ်ခဲ့ရတာကလွဲလို့ တို့နှစ်ယောက် ကာလတစ်လျှောက်လုံး နပန်းလုံးလာတာ စိတ်နဲ့ရုပ်ကြားက ချောက်ကမ်းပါးကြီးကို ဖို့ဖို့ကြိုးစားခြင်း သက်သက်ပါ …. နှစ်ဦးသား ပြုစုလက်စ ဘ၀ကျမ်းတစ်စောင်ဟာ အမည်ဆိုးနဲ့ ထင်ရှားဖို့မှ မဟုတ်ခဲ့တာလေ …. မင်းနဲ့ငါကြားမှာ ကဗျာတစ်ပုဒ်တောင် မခြားချင်တော့ဘူး မဟုတ်လား “ငြိမ်းချမ်း” ? …. ဒါဆိုရင် တစ်ချိန်က အမေးခံရဖူးတဲ့ “ငြိမ်းချမ်းကို သိပ်ချစ်လား?” ဆိုတဲ့ မေးခွန်းလေးကို ဖြေဆိုဖို့ အကြောင်းအရာ လုံလောက်နေပြီမို့ အခု ရဲရဲတင်းတင်းပဲ ငါဖြေလိုက်တော့မယ် …. သက်ဆိုင်သူရေ …. “ကျွန်မ ငြိမ်းချမ်းကို သိပ်ချစ်ပါတယ် …. ကျွန်မကိုသိချင်ပါသလား? [email protected] ကိုသာ invite လုပ်လိုက်ပါ” …. မေးခွန်းရှင်အတွက် အဖြေဖြစ်သော ထိုစကားလုံးများကို ဖြေဆိုဖို့ (၃၆၅) ရက်ထက်ပိုသော သံယောဇဉ်တွေ ရက်ရက်ရောရော အစာချကျွေးပြီး နှစ်ဦးသား သံသယတွေကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ခဲ့ရပါတယ် …. နောက်နောင်များတွင်တော့ ကျွန်မဟာ ငြိမ်းချမ်းရဲ့ အရိပ်အာဝါသအောက်မှာ အနားယူတော့မှာ ဖြစ်တဲ့အတွက် မည်သည့်အဖြေကိုမျှ ထပ်မံဖြေဆိုဖို့ ဆန္ဒအလျဉ်း မရှိတော့ပါဘူး …. ဒီလောက်ဆို တို့နှစ်ယောက်အတွက် ထာဝရတန်ဖိုးအဖြစ် တစ်သက်စာ လုံလောက်သွားမှာပါ ငြိမ်းချမ်းရယ် ….

In: စကားပြေ Posted By: Date: Dec 26, 2010
Comment #1

“ငြိမ်းချမ်းဆိုတာ
အဘယ်အဂ္ဂိရက်ပညာရှင်က တီထွင်လိုက်တဲ့
မိဿမင်းသမီးရဲ့ဘ၀အတွက် ပြဒါးရှင်လုံးလေးပါလဲ?”

Leave Comments

Name*

Email*
Website
Email me whenever there is new comment