Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34811 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

အိပ်မက်ပြပွဲ (သက်ထွေး)

ပြကွက် (၁)

“ပြောင်းပြန် ယူဆကြပေမယ့်
ပြန်ပြောင်းပြီး မက်ပေးလို့မရတာ
အိပ်မက်ပေါ့”

ဒီအိမ်ထဲ ဝင်လာထဲကပင်  သတိထားမိခဲ့ခြင်းဖြစ်သည်။ ပက်လက်ကုလားထိုင်တစ်လုံး၊ ပြတင်းပေါက်တစ်ပေါက်၊ ရေးလက်စ စာရွက်တစ်ရွက်နှင့် ဂစ်တာတစ်လက်သာ အသက်ရှင်နေပြီး သက်ရှိထင်ရှား  လူသားနှစ်ယောက်သည် ရှင်လျက် သေဆုံးလို့နေသည်။ မဖိတ်ဘဲ ရောက်လာသော ဧည့်သည်သည် ကျွန်တော်ပင်ဖြစ်သည်။ အကြောင်းပြချက်မရှိ ဦးတည်ရာမဲ့ ဒီအိမ်ထဲသို့ ရောက်နေခဲ့ခြင်းဖြစ်သည်။  ပြတင်းပေါက်တစ်ပေါက်နှင့် လူနှစ်ယောက် ဘယ်လို အသက်ရှူဖြစ်ခဲ့ကြလဲဟု ကျွန်တော် ပထမဆုံးတွေးဖြစ်သည်။ ထိုပြတင်းပေါက် အောက်တွင်ပင် သူတို့နှစ်ယောက် အတူတူ မေးထောက်ခဲ့ဖူးကြပေလိမ့်မည်။  တစ်ယောက်စာသားကြား တစ်ယောက်သံစဉ်တို့ ပျံ့နှံ့ခဲ့ဖူးကြပေလိမ့်မည်။  တစ်ယောက်ရေးခြစ်တဲ့ ပုံပြင်ထဲ တစ်ယောက် ဇာတ်လိုက် ဖြစ်ခဲ့ဘူးပေလိမ့်မည်။ တိတ်ဆိတ်ခြင်းသည် ကျွန်တော့် အသက်ရှူသံတို့အား ရုတ်တရက်ပင် မဲမှောင်ပစ်လိုက်သည်။

ပြကွက် (၂)

“အိပ်မက်သေတွေထဲ
ကာလာ ထည့်ပေးခဲ့ပါ
ရင်ဘတ်အပေါက်နဲ့
အသက်ရှူရသူမို့
ခင်ဗျားတို့ ထင်သလောက်တော့
အိပ်ရေးမဝခဲ့ဘူး”

အမြင်အာရုံက ကျွန်တော် ရောက်လာခါစလောက်ပင် မသဲကွဲတော့။ အခန်းသည် လိုတာထက် အေးစက်နေသည်။ ဒီအခန်းအတွက် မဟုတ်ရင်တောင် ကျွန်တော့်အတွက်တော့ တစ်ခုခုလိုနေတာ အမှန်ဖြစ်သည်။  မလှမ်းမကမ်းမှ ရေးလက်စ စာရွက်ပေါ်သို့ ကျွန်တော့် အေးစက်မှုက အလွယ်တကူပင် ၀င်ရောက်ခိုလှုံလိုက်သည်။ ကျွန်တော်လည်း မနေသာတော့။ ပက်လက်ကုလားထိုင်ပေါ်တွင် အလိုက်သင့် လဲလျောင်းရပေတော့သည်။ စာရွက်၏ ထိတွေ့မှုသည် ကျွန်တော့် အာရုံအား ပိုမိုခြောက်ခြားစေသည်။ ရင်ဘတ်နှင့်မဆံ့သည့် အသက်ရှူသံများ နားထဲသို့ တစိမ့်စိမ့် ယိုစီးလို့လာသည်။ ဤစာရွက်သည် အမှန်စင်စစ် ရေးလက်စ စာရွက်ဖြစ်သော်လည်း တစ်ဖက်သတ် ပြီးပြည့်စုံမှုမျိုးနှင့် ပြည့်စုံလို့နေ၏ ။ တစ်ဖက်၏ အပြီးသတ်ဆုံးဖြတ်ချက်သည် တစ်ဖက်၏ အကြီးမားဆုံး လစ်ဟာချက်ဖြစ်နေသည်။  သပ်သပ်ရပ်ရပ် ပုံနှိပ်ထားသော ကျွန်တော့်၏ နာမည်ပေါ်မှ ဖြစ်သလိုရေးထိုးရမည့် ကျွန်တော့်ဘ၀အက်ကြောင်းကို သူတို့ စောင့်စားနေကြသည်။ တိတ်ဆိတ်မှုဆီမှ “checkmate” ဟု ရယ်ရယ်မောမော ပြောသံ  ပြတ်ပြတ်သားသား ကျွန်တော် ကြားလိုက်ရ၏။

ပြကွက်(၃)

“ဒီလမ်းဆုံလေးက
ကျွန်တော့်ရင်ခုန်သံ နှစ်ခြမ်း
ဖြာထွက် စူးရှသွားခဲ့တဲ့
ဝင်္ကပါ အိပ်မက်တစ်ခုပါပဲ
နိုးထသေဆုံးတဲ့အထိ
လိုက်လို့ရှာနေခဲ့ဖူးတယ်”

ထုံးစံ ညနေခင်းပါပဲ။ စံပယ်မိုးတွေ တဖွဲဖွဲရွာနေတယ်။ ကျွန်တော်က အလိုမပြည့်သေးတဲ့ ဗဟိုလို အခုထိ ကိုယ့်ကိုယ်ကိုခွေထားတုန်း။ မဆုံးနိုင်တဲ့ မဆုံသော လမ်းမှာ ဂစ်တာတစ်လက် ပုခုံးပေါ်ရွက်ပြီး ကျွန်တော်ကလည်း ပက်လက်၊ စံပယ်တွေကလည်း ပက်လက်။ ကျွန်တော်က ခြေသံတွေကို မျှော်တယ်၊ စံပယ်တွေကတော့ မြေမှာ ပျော်တယ်ထင်ပါရဲ့။ တစ်ကယ်တော့ ကျွန်တော်က ဘ၀ကို မှန်လို အလင်းပြန်ပြချင်သူ။ အခု ကျွန်တော့်ရှေ့မှာ ရပ်နေသူမရှိ။ ကျွန်တော့်အလင်းပြန်မှုလည်းမရှိ။ ဘယ်သူကများ အထီးကျန်ရဲတတ်ဖို့ ကြိုတင်ပြင်ဆင် ထားခဲ့ဖူးလို့လဲ။ နေ့နဲ့ည ကိုယ့်ကိုယ်ကို လျစ်လျူရှုခြင်းနဲ့ ပြုစားခဲ့တယ်။ ဝင်္ကပါရဲ့ ထွက်ပေါက်ကို ကျွန်တော် သိတယ်။ ကျွန်တော်ရှာနေတာ ထွက်ပေါက်မဟုတ်မှန်းလည်း ဝင်္ကပါက သိတယ်။ မျဉ်းဖြောင့်နှစ်ကြောင်း ဆုံမယ်နေ့ဟာ တစ်ကြောင်းနဲ့တစ်ကြောင်း ခေါင်းချင်းဆိုင် ပြိုင်ကြမယ့် နေ့ပါပဲ။ ချစ်သူပြန်လှမ်းမယ့် အ၀င်လမ်းမှာ ကဗျာပန်းတွေ စီခြယ် ချစ်သူကို သူတို့ ကျီစယ်ကြလိမ့်မယ်။

ပြကွက် (၄)

“အိပ်မက်ပီသအောင်လို့
ငါနိုးထပါရစေလေ”

အိပ်မက်ထဲက အိပ်မက်ပွဲ ဖြစ်ပါသည်။ ချစ်သူသည် ဘ၀ကို နှုတ်ခမ်းနီလို ဆိုးထားသည်။ မျက်ရည်ဖြူများသည် ချစ်သူမျက်ဝန်းအား တွဲခိုလို့ထား၏။ ယုံစားရခက်သော နှုတ်ခမ်းပါးသည် ချစ်သူ စကားလုံးများအား သိုဝှက်လို့ထား၏။ ကျွန်တော်ကလည်း ဖျောတော့ဖျဲတဲ လေထဲ တိုက်အိမ်ဆောက်နေဆဲ ဖြစ်သည်။  ညသည် အမဲရောင် ပန်းချီကားတစ်ချပ်အား အပင်ပန်းခံ ရေးဆွဲနေပြီး အစိမ်းရောင် လိုက်ကာများအား ကျွန်တော်နှင့်ချစ်သူကြား တစ်ဖက်စီ ရစ်သီထားဖို့ မှာကြားလိုက်သည်။ ချစ်သူက နှင်းဆီနွမ်း တစ်ခက်လို မလှုပ်မယှက် ကျွန်တော်က ဂစ်တာတစ်လက်နှင့် ချစ်သူအနား လှော်ခတ်နေဆဲ။ ကျွန်တော့် အသက်ရှူသံအား ကျွန်တော် ပြန်ချောင်းကြည့်ရဲသော ည ပင်ဖြစ်သည်။ ဤညသည် ချစ်သူခြေသံ ဖွဖွ တစ်ဖန် ပြန်ကြားရလိုသော ည၊ ချစ်သူပြုံးဟန်လှလှ တစ်ဖန် ခံစားရလိုသော ည၊ ချစ်သူလက်ကို ရဲရဲဆွဲ အမှောင်ထုထဲက ခွဲထွက်ချင်သော ညဖြစ်သည်။  ချစ်သူနှုတ်ခမ်း ခတ်သံ တိုးတိုးလေးကြားသည်။ ကျွန်တော်ရောက်အောင်သွားမည် …… ။  ။

သက်ထွေး
သြဂုတ် ၃၀ ည ၁၂း၂၈ ၂၀၁၀

————————————————

အိပ်မက်ပြပွဲ စကားပြေကို ကျွန်တော်ရေးပြီးသား ကဗျာတွေထဲက အပိုင်းအစတွေနဲ့ ထုဆစ်ထားတာပါ။ ကျွန်တော့်ကို ဘာကြောင့် အိပ်လဲလို့ တစ်ယောက်ယောက်က မေးလာရင် အိပ်မက်ချင်လို့လို ကျွန်တော်ဖြေမှာပါ။ ကျွန်တော်က အိပ်မက်ထဲမှာ  ကျွန်တော်မသိတဲ့ ကျွန်တော့် ဘ၀ကို  အမြဲစောင့်ကြည့်နေ တတ်ပါတယ်။ အိပ်မက်က စိတ်ကူးယဉ်မဆန်သလို လက်တွေ့လည်းမဆန်ပါဘူး။ အိပ်မက်က အိပ်မက်ဆန်တာပါ။

အိပ်မက်အပိုင်းအစ ကဗျာများ

ပြကွက် (၁) = ရည်းစားစာ
ပြကွက် (၂) = သွေးစွန်းသွားခဲ့သောမြစ်တစ်မြစ်
ပြကွက် (၃) = လမ်းဆုံလေး
ပြကွက် (၄) = ရာသီရွေးမှားသော … တိမ်

In: စကားပြေ Posted By: Date: Sep 2, 2010
Comment #1

မှတ်မှတ်ယယ poemscorner မှာ သက်ထွေး ရဲ့ ကဗျာတွေထဲမှာ “ရာသီရွေးမှားသော … တိမ်” ကို အရင်ဆုံးစ ဖတ်ဖူးတာပါ..
အခု ဒီမှာလည်း ထပ်ပြောပါတယ်.. ပြကွက် (၃) ကို အကြိုက်ဆုံးပါ။
ပြကွက်(၄) ကြည့်ပြီးသွားတော့ ဆိုင်လားမဆိုင်လားတော့ သိဘူး ကိုမျိုးကျော့ရဲ့ သီချင်းလေး ညည်းသွားတယ် (:

♫ ဆည်းဆာကမ္ဘာမှာ ငှက်ကလေးတွေ သီချင်းဆို ကိုယ်ပြန်လာမယ် မင်းလေးနားကို ♫ ♫♫

အိပ်မက်ပြပွဲကို တကယ်ကြိုက်၏။

commentinfo By: ဖြိုးဖြိုး at Sep 2, 2010
Comment #2

အစ်ကို့ရဲ. အိမ်မက်ပြပွဲကို အစ်ကို့ personal ဆိုက်ဒ်မှာကြည့်ပြီးထဲက အစ်ကို့အိမ်မက်တွေကို ကြိုက်သွားတာ…။
ဟိုမှာလဲပြောပြီးပါပြီ နောက်တစ်ခေါက်ထပ်ပြောဦးမယ် ပြကွက် (၃) နဲ့ (၄)ကိုတော့ အကြိုက်ဆုံးပဲ…။

commentinfo By: နေညို at Sep 2, 2010
Comment #3

အားပေးသွားတယ်ကိုသက်

commentinfo By: ခင်းခင်း at Sep 2, 2010
Comment #4

တစ်မျိုးလေးပဲဗျ
ကောင်းတယ်
:)

commentinfo By: anatyong at Sep 2, 2010
Comment #5

ပြပွဲထဲက..အိပ်မက်တွေ…

commentinfo By: Ema Yar at Sep 7, 2010
Comment #6

ကိုသက်ထွေးရေးတာတွေက အားလုံးဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် ကလောင်နာမည်ကပဲ မကောင်းဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သက်ထွေး ကိုပြောင်းပြန်လှန်လိုက်ရင် သေးထွက် ဖြစ်နေတယ်။။ဟီးဟီး ။နောက်တာတော့မဟုတ်ဘူး အတည်ပြောတာ ။သုမောင်ရဲ့ ကွမ်းစကား စာအုပ်ကိုပြန်ရှာ ဖတ်ကြည့်ပါလား။သူ့ပါပါး ဦးသာဓုက သူ့သားကလောင်နာမည်တွေရွေးထားတာတွေကိုကြည့်ပြီး ဝေဖန်တဲ့ အခန်းပေါ့။ အဲ့တုန်းက သုမောင်က အုပ်စိုး ဆိုတဲ့နာမည်ကိုရွေးတော့ ဦးသာဓုက အုပ်စိုး ကမကောင်းဘူး အုပ်စိုး ၊အိုးစုတ် ဖြစ်နေပြီ လို့ပြောတော့ ဦးသုမောင်က အဲ့နာမည်ကို ပယ်လိုက်တယ်လို့ ဖတ်ဘူးတယ်။ ကိုသက်ထွေးလဲ….

commentinfo By: စိုင်းငယ် at Sep 22, 2010
Comment #7

ကိုစိုင်းငယ်ရေ ..

ကဗျာတွေ အားပေးတဲ့အတွက် ကျေးဇူးဗျ။

ကလောင်နာမည်က ကျွန်တော့်နာမည်အရင်း ၃လုံးထဲက အရှေ့ဆုံးနှစ်လုံးဗျ။ ကလောင်အမည် ပေးဖို့ဆိုပြီး တခုတ်တရ ကျွန်တော် မစဉ်းစားခဲ့ဖူးဘူး။ မစဉ်းစားခဲ့ဘူးဆိုတာကလည်း ကျွန်တော့်အတွက် မလိုအပ်ဘူးလို့ ထင်ခဲ့လို့။ နောက် ကျွန်တော်စဉ်းစားခဲ့ရင်လည်း ကိုယ့်မိဘပေးခဲ့တဲ့နာမည်လောက် ကောင်းတဲ့နာမည် ကျွန်တော် နှစ်သက်တဲ့နာမည် ထွက်လာမှာမဟုတ်ဘူး။ ဥပမာ တစ်ခုပေးရမယ်ဆိုရင် ကျွန်တော့် personal site လုပ်ဖို့ဆုံးဖြတ်လိုက်တာ့ domain name အတွက် ကျွန်တော့်ကလောင် သုံးမယ့်အစား ကျွန်တော့်ကိုကိုယ်စားပြုမယ့် ကလောင်ခွဲတစ်ခု စဉ်းစားပြီး လိုက်ရှာတယ်။ ရှာတာမှ စုံနေတာပဲ။ English, Latin, Greek (Mythology) အကုန်သာကုန်ပြီးနှံ့သွားတယ်။ ကျွန်တော့် နာမည်ထက် နှစ်သက်လို့ရမဲ့ အကြိုက်ဆုံးတစ်ခုကို ကျွန်တော် ရှာမတွေ့ခဲ့ဘူး။

ကျွန်တော့်အတွက်တော့ အမည်နာမတွေကို အစွဲအလန်းမရှိပါဘူး။ နောက်တစ်ချက်က ကျွန်တော့် မိဘတွေကလည်း ကျွန်တော့်နာမည်ကို တွက်ချက်ပြီး ပေးခဲ့တာမဟုတ်ဘူး။ ကျွန်တော့်နာမည်မှာ သူတို့နာမည် တစ်ယောက် တစ်လုံးစီနဲ့ ကျွန်တော့် နေ့နံနဲ့သင့်တဲ့ နာမည်တစ်လုံးပဲထားပြီး ရိုးရိုးလေးမှည့်ခဲ့တာ။ မမြင်ရတဲ့ ကြိုးတွေကို အယုံအကြည်မရှိတဲ့ ကျွန်တော့်အတွက်ကတော့ ဒါအနှစ်သက်ဆုံး နာမည်ပါပဲ။

commentinfo By: သက်ထွေး at Sep 23, 2010
Comment #8

လေးစားပါတယ်ကိုသက်ထွေး ရေ……အကိုပြောသလိုပါဘဲ
ကျနော်လည်းလက်ခံတယ် နာမည်ထက် အရေးအသားကပို တာသွားပါတယ်ဗျာ
ကိုစိုင်းငယ်ကိုလည်းတစ်မျိုးပြောတာမဟုတ်ဖူးနော် တစ်လွဲမတွေနဲ့ ဦးဗျ
ကျနော်နာမပညက်ကိုဘေးမှာထားပြီး ကဗျာတွေဆက်ရေး၊ကဗျာတွေဆက်ဖတ်ရအောင်ဗျာ
နော်….ကိုစိုင်းငယ်

commentinfo By: ခင်းခင်း at Sep 23, 2010
Comment #9

ကိုသက်ထွေးရေးထားတာတွေကိုဖတ်၇တာတကယ်ကောင်းတယ်ဗျာ
အားပေးနေတယ်ဗျာ
ကဗျာတွေလည်းရေးပေးပါအုံး

commentinfo By: moezat at Sep 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)