Professional Authors

ကျွန်တော်နဲ့ အဟောင်း

ငယ်ငယ်တုန်းက အဖေ က ပြောဖူးတယ်။

လူတိုင်းမှာ ကျိန်စာ တစ်ခု စီပါလာတယ်တဲ့။ ကျွန်တော် လည်း ကလေး ဘဝပဲရှိသေးတော့ သေချာ မစဉ်းစားမိဘူး။
နောက်ပိုင်း အသက်အရွယ်လေး နည်းနည်းရ ဆယ်ကျော်သက်အရွယ်မှာ စပြီးတော့ မြင်တွေ့လာမိတယ်။ 
အချို့လူတွေက သူ့အသက်သတ်မှ နေထိုင်ကောင်းတယ်…..
အချို့လူတွေက သူ့ချမ်းသာခိုးမှ နေထိုင်ကောင်းတယ်…….
အချို့လူတွေက မိဘစိတ်ဆင်းရဲအောင်လုပ်မှ နေထိုင်ကောင်းတယ်……
ဒါတွေက မြင်တွေ့လာမိတာတွေပါ။
အဲ့ ထူးထူးဆန်းဆန်း အဖြစ်ဆိုလို့ ကျွန်တော့ သူငယ်ချင်းက မိန်းကလေး ခိုင်းတာ လိုက်လုပ်ရမှ နေထိုင်ကောင်းတာတွေလည်း တွေ့မိလာပါတယ်။
ဒါတွေက ထားလိုက်ပါဦး။ သူများတွေကို လိုက်ကြည့်မိရာမှ ကိုယ်ကိုကိုယ် ပြန်သုံးသပ်မိတယ်။ ကျွန်တောေ်ရာ ဘာကျိန်စာများသင့်ထားမိလေမလဲ။
ကျွန်တော် ကျ တော့ အသစ်မကိုင်ဖြစ်တဲ့ ရောဂါကို စတွေ့မိတယ်။ မှန်၏။
ကျွန်တော်ရဲ့ အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသားဘဝမှာ အမေ က ဖတ်စာအုပ် တပတ်နွမ်းလေး ဝယ်လာပေးဖူးတယ်။
ပထမဦးဆုံး ကိုင်ဖူးတဲ့ အဟောင်းလေးပေါ့။ အမေက အားပေးပါတယ်။ ဖတ်စာအုပ်အသစ်တွေက ဈေးတွေအရမ်းများနေတယ်တဲ့။ ပြီးခဲ့တဲ့ နှစ်က စာအုပ်ပဲ အရမ်းလည်း မဟောင်းသေးပါဘူး ဆိုပြီး စတင်အသုံးပြု ဖြစ်ခဲ့တယ်။
အဲ့နောက်ပိုင်း ကျွန်တော့ရဲ့ ဝမ်းကွဲ အစ်ကိုကြီး (ကျွန်တော့ထပ် ၁ နှစ်ကြီး) က ကျွန်တော့ တို့ ရန်ကုန်ကိုလာနေတော့ တတိယနှစ်ကနေ စ ဆယ်တန်းပြီးတဲ့ အထိ ဖတ်စာအုပ် မဝယ်ခဲ့ရ…….. အထူးထုတ်စာအုပ်ဆိုလည်း အစ်ကို သုံးတာတွေပဲ ဆက်သုံးဖြစ်ခဲ့တယ်။ သူ အသုံးကြမ်းတော့ စာအုပ်တွေက တော့ ပြုတ်တရွက် ပြဲတစ်ရွက်ပါပဲ။ လိုအပ်တာတွေကို လက်နဲ့ လိုက်ကူးရတဲ့ ပြသနာကတော့ အတော်ကြုံလိုက်ရတယ်။
အဲ့မှာ လူအချို့ က မေးဖူးတယ်။ မင်း အဟောင်းကြီးသုံးရတာ အဆင်ပြေရဲ့လားဆိုသည့် မေးခွန်း။
ဟုတ်တယ်။ ကျွန်တော အဆင်ပြေပါတယ်။ ဖတ်စာအုပ်အသစ် (ကျွန်တော့ သူငယ်ချင်း၏ စာအုပ်) ဆိုလျှင် ခေါက်ရိုးမကျိုးသေးသောကြောင့် စာဖတ်ကတာအဆင်မပြေ ဟု ကျွန်တော မြင်တယ်။ အဟောင်းက လှန်ရလွယ်ကူခြင်း စာအုပ်ကျောင်းမှာ ကျန်ခဲ့လည်း မပျောက်ရှခြင်း အစ်ကိုရဲ့ မှတ်ချက်များ ပါရှိနေခြင်း တို့ ကြောင့် ကျွန်တော အဟောင်း သံသရာမှာ ပျော်ပျော်ကြီး ကျင်လည်ခဲ့မိ၏။
အဟောင်းကို စမုန်းမိသည်မှာ ဆယ်တန်း တက်စတွင် ဖြစ်ပေလိမ့်မည်။ ကျွန်တော် လက်ထက်တွင် ဖတ်စာအုပ်များသင်ရိုးပြောင်းလေ၏။ လုံးဝ အစအဆုံးကြီး ပြောင်းလဲလိုက်ခြင်း မဟုတ်၊ တစိတ်တဒေသ သာ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် အင်္ဂလိပ်ဖတ်စာအုပ်တွင် စာပိုဒ် အပိုများ ပါဝင်လာသည်။ ကျွန်တော် လက်နှင့်လိုက်မှတ်ရလေပြီ။ 
ကျွန်တော် အဟောင်းကို မုန်းမိသလိုဖြစ်ခဲ့သော်လည်း လုံးဝမမုန်းမိသေး….
ထို့ကြောင့်ပင် ဆယ်တန်းအပြီးချိန်တွင် ကွန်ပျူတာ အဟောင်း တစ်လုံးအား ဝယ်ယူခဲ့မိပြန်၏။ ထိုကွန်ပျူတာ မှ ယနေ့ တိုင် အိမ်တွင် ရှိသေးသည်။ အထဲမှ ကလီစာများ အသစ်ဖြစ်သည့်တိုင် သံပုံးကြီးမှာ အဟောင်း………….
ဆယ်တန်းပြီးဆုံးခဲ့ပြီးနောက် ကျွန်တော် ကွန်ပျူတာ ကောလိပ် မှာ သင်ယူခွင့်ရခဲ့သည်။ ကွန်ပျူတာ ကျောင်းမှ ဖတ်စာအုပ်ဈေးများမှာ ကျွန်တော့ ဝယ်ယူဖို့ အထိ အခွင့်အခါ မပေးခဲ့။ ထို့ ကြောင့် ကျွန်တော် အဟောင်းနှင့် စခန်းသွားရပြန်သည်။ ဒီ တစ်ကြိမ်တွင်မူ ကျွန်တော့ အား အကူအညီပေးသည့် မိန်းကလေး မှာ စည်းကမ်းရှိသောကြောင့် စာအုပ်များမှာအသစ်အတိုင်းဖြစ်နေလေသည်။ (စာမလုပ်သောကြောင့်လားတော့ မဆိုတတ်ပေ)
သို့သော် ကျွန်တော် နှစ်ပတ် ကျောင်းတက်ပြီးသော် ကျောင်းနှင့်အိမ် အလှမ်းဝေးသောကြောင့် ကျောင်းမှ နှုတ်ထွက်ခဲ့တယ်။ အိမ်အနီးအနားတွင်ရှိသော ဒဂုံတွင် ပညာရေးကို ဆက်လက် ဆည်းပူခဲ့၏။ အင်္ဂလိပ်စာ အထူးပြုဖြင့်။ 

ထိုအချိန်တွင် ကျွန်တော့ အတွက် အခက်အခဲ ဆုံး ပင်ဖြစ်ပေမည်။ အခြား ပညာသင်ကြားစဉ်က စာအုပ်အဟောင်းလေးတွေသုံးခဲ့ရသေးသည်။ ယခုတွင်မူ ဖတ်စာအုပ်ပင်မရှိ။ ကျောင်းအပ်နောက်ကျသောကြောင့်ဟုဆိုလေသည်။ ထိုကြောင့် ကွန်ပျူတာ စာစီဆိုင်မှ စာအုပ်အဟောင်းလေးများကို ဝယ်ယူသုံးခဲ့ရပြန်သည်။

အင်္ဂလိပ် အထူးပြု ဖြင့်ပညာသင်ကြားနေစဉ် အမေက ဖုန်းတစ်လုံးဝယ်ပေးသည်။ ယခု အခေါ် CDMA ဖုန်းဆိုင်ဖွင့်ရင်း ပိုက်ဆံရှာရန်ဟု ဆိုသည်။ ထုံးစံအတိုင်း ဖုန်းမှာ အခြားသူ အမည်ပေါက် အဟောင်းသာ။ 

ကိုယ်တိုင် ဝမ်းနည်းလာမိပြီ။ အစက အဟောင်းကို အလကားအသုံးပြုခဲ့ရ၏။ ယခုမူ အဟောင်းကို ပင် ပိုက်ဆံပေးဝယ်ရပြန်ပြီ……

ထိုနှစ် နှောင်းပိုင်းတွင် အစိုးရမှ ငါးသိန်းတန်ဖုန်းများကို ဖောဖောသီသီစတင်ပြီးထုတ်ပေးခဲ့ပေ၏။ ထိုအခါ ကျွန်တော် ဖုန်းကဒ် အသစ်ရရှိစေရန် မနက် ၆ နာရီမှစပြီး ဖုန်းရုံးသို့ သွားရောက်တန်းစီပြီး ကြိုးစားခန်းဖွင့်ခဲ့၏။ ဖုန်းကဒ်လေး ရရှိခဲ့ပါပေပြီ။ အသစ် အသစ် ကျွန်တော် ပျော်ရွှင်ပြီး အိမ်သို့ ပြန်ရောက်လာခဲ့၏။ 
မိခင်က လည်း ကျွန်တော့ အတွက် ဟန်းဖုန်း တစ်လုံး ဝယ်ပေးသည်။ (ထိုဟန်းဆက်မှာ အဟောင်းဖြစ်မှန်းနောက်မှသိရသည်)။ ကျွန်တော့ ဖုန်းကဒ်လေး ထည့်၊ ကဒ်အသစ်ဖုန်းလေးနှင့် ကျွန်တော်ပျော်သည်။ ကျွန်တော့ အပျော်မှာ တာရှည်မခံ။
နောက် တနေ့ မနက်မှစ ပြီး ညနေထိ တိုင် ဖုန်းမှားဝင်လာခြင်းကို နေ့စဉ်ကြုံတွေ့ရတော့သည်။ 
ဖခင်က သိပ်မသင်္ကာသောကြောင့် မည်သို့ဖုန်းကဒ်ဝယ်ယူခဲ့သနည်းဟု ကျွန်တော့အား စစ်မေးလေတော့သည်။
ထိုဖုန်းထုတ်သည့်နေ့ က…….
အချိန်မှာ မွန်းတည့်ကို ကျော်ပြီး မွန်းပင်လွဲချေပြီ။ ရုံးမသွားသည်မှာလည်း ၂ ရက်ရှိပြီ။ မန်နေဂျာကြီးလည်း အမြင် မကြည်တော့။ ဒီနေ့ ဖုန်းရမှ ဖြစ်မည်။ ကြိုးစားတိုးရပေဦးမည်။
သို့သော် အချိန် ၂ နာရီနောက်ပိုင်းဖုန်းထုတ်မပေးတော့ ဟု ကြေငြာစာကို တွေ့ထားသောကြောင့် ပိုမိုလန့်လာ၏။
ထိုအချိန်တွင် ကယ်တင်ရှင်အားစတွေ့သည်။ သူက ဖုန်းလိုချင်လျှင် တန်းမစီပဲ သူ စာချုပ်ကို ယူဆောင်ပြီး ကဒ်ထုတ်လို့ရကြောင်း အကယ်လို့ ကဒ် ကို ကိုယ်တိုင်သွားမထုတ်လိုပါက လည်း သူ့ ကဒ်ကို ယူသွားနိုင်ကြောင်း ပြောပြလေသည်။
ပျော်ပါ၏။ ပျော်ရွှင်ခဲ့ပါ၏။ အနည်းငယ်ပိုပေးပြီး သူ့ ကဒ်လေး ရယူခဲ့သည်။ သူက နာမည်ဖြည့် စာချုပ်ချုပ် အကုန်လုံးပြီးတော့ အဆင်ပြေပြေ နဲ့ တစ်ရက်ကုန်ခဲ့ပေပြီ။
ထို အခါ ဖခင် ရှင်းပြမှပင် ဇာတ်ရည်လည်တော့သည်။ ထိုဖုန်းကဒ်မှာ သူတို့ လူအချင်းချင်း ထုတ်ထားသောကဒ်ဖြစ်ကြောင်း ပွဲစားဖုန်းကဒ်ဖြစ်သောကြောင့် နေ့စဉ် ယခုကဲ့ သို ဖုန်း ဝင်လာခြင်းဖြစ်ကြောင်း ကျွန်တော အသုံးမကျကြောင်းကို စုံစီနဖာရှင်းပြခဲ့လေသည်။ (အေးလေ ဒါကြောင့်လည်း ငါ့ဖုန်းက ငွေမဖြည့်ခင် ၂၀၀ အပိုဝင်နေတာကိုး)
ငိုပြီးလေ။ ကျွန်တော် ရဲ့ ဟန်းဆက်အသစ်ဆိုသည်မှာလည်း မြေနီကုန်းဆိုင်မှ အဟောင်း ဖုန်းလေး ဖြစ်ပြန်ချေပြီ။
ကဲ ဒီလိုနေရုံနှင့်တော့ အဟောင်းသံသရာမှ မလွတ်နိုင်ကြောင်း ပိုသိလာသည်။
ပြည်ပ သို့ ပညာသွားသင်ရန်ကြိုးစားသည်။ ဝင်ခွင့်စာမေးပွဲအတွက် စာအုပ်စာတမ်းများ မှာ အဟောင်းဖြစ်ကြောင်း ကျွန်တော် ထပ်မပြောလိုတော့။ ထောက်ခံစာများမှာလည်း ကျွန်တော့ သူငယ်ချင်း ထောက်ခံစာအဟောင်းများသာ။
ပြည်ပတွင် ပညာစသင်ကြားချေပြီ။ အစစအရာရာ အသစ်ကိုင်ရန် အခွင့်သင့်ပေတော့မည်။ 
ဖတ်စာအုပ်များမှာ အသစ်(ကျောင်းက အလကား Copy ကူးပေးလိုက်သည်ကိုး)။ ဖုန်းကဒ်မှာလည်း အသစ်။ အဲ့ ဟန်းဆက်ကတော့ အသစ်မဟုတ်သေး ကုလားဆိုင်မှ တပတ်ရစ်ကလေးသာဝယ်ထားလိုက်ခြင်းဖြစ်သည်။
ဖုန်းကဒ် အသစ်မှာလည်း နောက် ၁ နှစ်လောက်နေမှ အငှားကားကို ဖုန်းဆက်ခေါ်မှ ပြသနာတက်သည်။

ကားသမားမှာ ကျွန်တော့ အားသေချာကြည့်ပြီး ခေါ်ချလိုက်သည် မစ်စတာအဒူလတစ်။ ကျွန်တော် ကမဟုတ်ကြောင်းရှင်းပြသောအခါ ကားသမားက သူ့ ကားအငှားမှတ်တမ်းမှာ ကျွန်တော့ ဒီဖုန်းနံပါတ် ပိုင်ရှင်နာမည်ပေါ်နေသောကြောင့် ယခုလို ခေါ်ပြီးနှုတ်ဆက်ရခြင်း ဖြစ်ကြောင်းရှင်းပြသည်။ သူက ဖုန်းကုမဏီတွင် သွားရောက်နာမည် ပြောင်းရန် အကြံပေး၏။ သို့သော် ကျွန်ေတာ် မသွားလိုတော့….

ယခု အခါ ကျွန်တော် မိန်းမ ယူရန် ကြံစည်နေပြန်ပေပြီ။ အတန်တန်လွဲခဲ့သော ကံ သည် ယခု အခါ မလွဲရန် ကျိတ်ဆုတောင်းရုံမှ တပါး အခြား မတပ်နိုင်တော့……..
In: စကားပြေ Posted By: Date: Feb 3, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment